ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေး ဒုက္ခသည်များ အတွက် တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းက မြန်မာငွေ ကျပ် သန်း ၈၀၀ တန်ဖိုးရှိ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးသွားမည်ဟု သိရသည်။
ကချင် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပါဝင်သည့် ကုန်သေတ္တာ ၁၀၀၀ သည် တရုတ်-မြန်မာ နယ်စပ်၌ အဆင်သင့်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ထိုပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တဆင့် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ် သံရုံး၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၌ ယမန်နေ့ က ဖော်ပြထားသည်။
ကူညီ ထောက်ပံ့မည့် ကုန်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက် သို့မဟုတ် ၂၃ ရက်နေ့တွင် ပြုလုပ် သွားမည်ဟုလည်း တရုတ် သံရုံး က ဆိုသည်။
တရုတ်နိုင်ငံ ဆင်ဟွာ သတင်းကမူ ကချင် ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၈၁၃ ဒသမ ၃၃ သန်း တန်ဖိုးရှိ လူ သားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်မည်ဖြစ်ကြောင်း၊ ဆီ၊ ဆန် စသည့် စားသောက် ကုန်ပစ္စည်းများ၊ ဆေး ဝါးများနှင့်တခြား အရေးပေါ်သုံး ပစ္စည်းများ ပါဝင်ကြောင်း တရုတ်သံရုံး အား ကိုးကား၍ ယမန်နေ့က ဖော်ပြထားသည်။
ကချင် ဒုက္ခသည်များ အတွက် တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့မှ လှူဒါန်းခြင်းကို ကြိုဆိုကြောင်း၊ ဒုက္ခသည်များကို ကူညီမည်ဟု ကြားသိရသော်လည်း ၎င်းတို့ထံ အကြောင်းတစုံတရာ ပြောဆိုမှု မရှိသေးကြောင်း ကချင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီစာ က ဧရာဝတီ ကို ပြောသည်။
“ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီ မလိုအပ်ပေမယ့် လှူဒါန်းတာကို ကြိုဆိုပါတယ်၊ ဒုက္ခသည်တွေရဲ့ လက်ရှိ စားဝတ်နေရေးကို ကူညီနေတဲ့ ကချင်အဖွဲ့တွေလည်းရှိနေတော့ အရမ်းကြီး အခက်အခဲတော့ မရှိသေးဘူး”ဟုလည်း ၎င်းက ဆိုသည်။
တရုတ် အစိုးရ အနေဖြင့် ကချင်ဒုက္ခသည်များ အတွက် သီးသန့် ကူညီလှူဒါန်းမှု မရှိသော်လည်း တရုတ် လူမှုရေးအဖွဲ့ တချို့က ငွေကြေး၊ ဆေးဝါးနှင့်စားသောက်ဖွယ်ရာ တချို့ လှူဒါန်းမှုများ ရှိကြောင်း သိရသည်။
အစိုးရ စစ်တပ်နှင့်ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား ပြီးခဲ့သည့် သီတင်းပတ် အတွင်း တိုက်ပွဲငယ် တချို့ရှိခဲ့ပြီး လက်ရှိတွင် တည်ငြိမ်နေကြောင်း၊ သို့သော် ဗန်းမော်၊ မိုးမောက် စသည့် ဒေသဘက်တွင် စစ်ရေးလှုပ်ရှားမှု တချို့ ရှိကြောင်း ဦးဒွဲပီစာ က ဆိုသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသများ၌ ဒုက္ခသည် စခန်း စုစုပေါင်း ၃၀ ကျော်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ် အတွင်း၌ ကချင် စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၇ သောင်း ဝန်းကျင် ရှိကြောင်းလည်း ဦးဒွဲပီစာ က ပြောသည်။
အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဆွေးနွေး နေကြသည့် တိုင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။