ဥရောပသမဂ္ဂ(EU) က မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်းကူးပြောင်းရာတွင် အဓိက ကျသော ပြုပြင်ပြောင်းလဲရေးတခုဖြစ်သည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လူစုလူဝေး စနစ်တကျ ထိန်းသိမ်းမှု သင်တန်း ပို့ချလျက်ရှိကြောင်း သိရှိရသည်။
ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲရာတွင် ရဲတပ်ဖွဲ့၏ ပြုပြင် ပြောင်းလဲရေးသည် အရေးကြီးသည့် ခြေလှမ်းတရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် သင်တန်း ပို့ချရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရဲတပ်ရင်း ၈ တွင် ယနေ့ ကျင်းပပြုလုပ်သည့် ဥရောပ သမဂ္ဂ၏ လူစုလူဝေး အား စနစ်တကျထိန်းသိမ်းမှုသင်တန်းနှင့် နိုင်ငံသားများ၏ ဒီမိုကရက်တစ် အခွင့်အရေးများအား အလေးထား လေးစားလိုက်နာရန် အထူးဂရုပြုသည့် အစီအစဉ် ဆိုင်ရာ သတင်းစာရှင်းလင်းပွဲနှင့် သရုပ်ပြပွဲတွင် ပြောဆိုသည်။
“ရဲတပ်ဖွဲ့ရဲ့ မူဝါဒ၊ အတွေးအခေါ်နဲ့ ဥပဒေမူဘောင် ပြုပြင်ပြောင်းလဲရေးကို ပံ့ပိုးပြီး ရဲတပ်ဖွဲ့ရဲ့ တာဝန်ခံမှု အပိုင်းကို ပိုပြီးကောင်းမွန်စေဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက် နေတယ်၊ အောင်မြင်တဲ့ ရဲတပ်ဖွဲ့ အဖြစ် ပြုပြင်ပြောင်းလဲမှုရဖို့ အချိန်ယူရမယ်ဆိုတာနားလည်ထားပါတယ်”ဟု သံအမတ်ကြီး ရိုလန်ကိုဘီယာက ရှင်းပြသည်။
ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ဝင် ၁၄၁၉ ဦးကို လူစုလူဝေးအား စနစ်တကျထိန်းသိမ်းရေးသင်တန်း ပို့ချခဲ့သည့် အပြင် စီမံကိန်းအနေဖြင့် ပြည်သူဗဟိုပြု ရဲလုပ်ငန်းဆိုင်ရာ ရှေ့ပြေး စီမံကိန်းတရပ် အကောင်အထည် ဖော်ရန်လည်း ဆောင်ရွက်နေကြောင်း၊ လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းရေးသင်တန်းကို ရန်ကုန်မြို့တွင်သာမက အခြားမြို့ကြီးများတွင်လည်း ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံများသည် ပြောင်းလဲရန်လိုအပ်နေသည်ကို ဖြစ်ပွားခဲ့ပြီးသော လက်ပံတောင်းတောင်၊ မိတီ္ထလာနှင့် အခြားဒေသများရှိ ဖြစ်ရပ်များက ညွှန်ပြနေကြောင်း၊ ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ဝင်များအတွက် ပို့ချပေးနေသော သင်တန်းများသည် အောင်မြင်မှု ရသည့် အနေအထားတွင် ရှိသည် ဟု သံအမတ်ကြီးရိုလန်ကိုဘီယာ က ဆိုသည်။
ယနေ့ သရုပ်ပြပွဲတွင် ဒိုင်းလွှား မပါဝင်သော ရဲတပ်စုများဖွဲ့စည်းပုံ၊ ဒိုင်းလွှားပါဝင်သော ရဲတပ်စုများဖွဲ့စည်းပုံ၊ အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ဒိုင်းလွှားပါသောကာကွယ်ရေးနည်းလမ်းများ၊ ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်း နှင့် ရှာဖွေခြင်း ဆိုင်ရာ နည်းလမ်းများကို ရဲတပ်ဖွဲ့ဝင်များက သရုပ်ပြသခဲ့ကြသည်။
ဥရောပသမဂ္ဂသည် ရဲတပ်ဖွဲ့အတွက် သင်တန်းပို့ချခြင်း စီမံချက်ကို ၂၀၁၅ ခုနှစ်၊ မတ်လအထိ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ငွေကြေးအထောက်အပံ့ ယူရို ၁၀ သန်း သုံးစွဲမည်ဖြစ်ကြောင်း သိရှိရသည်။