ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် အတွင်းရှိ အာဏာပိုင်များ ဖယ်ရှား ရှင်းလင်းနေသည့် သမီးကလေး ကျေးရွာ အပါအဝင် ကျေးရွာ ၅ ရွာမှ ရွာသားများကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) က ပြန်လည် နေရာချ ထားပေးရန် စီစဉ်နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၄ ရက်က စတင်ဖယ်ရှားခံရသည့် ထိုကျေးရွာသားများကို DKBA က ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ကျောက်ခက်ဒေသ ဝန်းကျင်တွင် နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း ကျေးရွာသား တဦးမှ လိုက်ပါသွားခြင်း မရှိသေးကြောင်း အကူအညီပေးနေသူများက ပြောသည်။
“DKBA က ဆယ်ဘီးကား၂ စီး လာစောင့် ပေးပါတယ်၊ ရွာသားတွေက ဒီနေ့အထိ မလိုက်သေးဘူး၊ ဘုန်းကြီးကျောင်းမှာ အခု အိုးအိမ်မဲ့ ဖြစ်တာ အယောက် ၅၄၀ လောက် ရှိပါတယ်”ဟု အဆိုပါ ကျေးရွာများကို လိုက်လံ ကူညီပေးနေသည့် လှည်းကူး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ ကိုသက်ခိုင်က ဧရာဝတီသို့ ပြောသည်။
ဖျက်ဆီးခံရသည့် ကျေးရွာမှ ရွာသားများကို စာနာမှုကြောင့် သွားရောက် ခေါ်ယူခြင်း ဖြစ်ကြောင်း၊ DKBA တပ်သား အဖြစ် စုဆောင်းသွားမည် မဟုတ်ကြောင်း၊ နေစရာများနှင့် အလုပ်အကိုင်များပါ ပေးသွားမည်ဖြစ်ကြောင်း DKBA မှ ဗိုလ်မှူး စန်းအောင် က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အနေနဲ့ အတင်း မခေါ်ပါဘူး၊ သူများတွေ ပြောနေသလို ကရင်တပ်ထဲ ထည့်လိုက်မှာ ဆိုတာလည်း မဟုတ်ဘူး၊ ငြိမ်းချမ်းရေး အတွက် လက်ရှိမှာ တပ်သား အရေအတွက်တောင် လျှော့ချဖို့ လုပ်ရမယ့် ကိစ္စပါ”ဟု ဗိုလ်မှူး စန်းအောင်က ဆို သည်။
လူသားချင် စာနာသည့် အနေဖြင့် လာရောက် ခေါ်ယူခြင်း ဖြစ်ပြီး ဒုက္ခ ရောက်နေသည့် ကျေးရွာသားများ အတွက် တတ်နိုင် သမျှ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း၊ ရွာသားများ အတွက် စိုက်ပျိုးရေး ခြံများ၊ ရော်ဘာ ခြံများတွင် အလုပ်ဝင်ရန် အတွက် စီစဉ် ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
တပ်ပိုင်မြေဟု သိမ်းဆည်း ဖယ်ရှားသည့် ကိစ္စကို နားမလည်သော်လည်း ယင်းမြေသည် နိုင်ငံပိုင်သည့် အတွက် နိုင်ငံမှာ နေ ထိုင်သော ပြည်သူများလည်း ပိုင်ဆိုင်ပါကြောင်း ဗိုလ်မှူး စန်းအောင်က ဆက်ပြောသည်။
သမီးလေးကျေးရွာ ဒေသခံ တဦး ဖြစ်သည့် ကိုကျော်စိန်က “ကျနော်တို့ ရွာသားတွေ အနေနဲ့ ဒီနေရာကို ပြန်ရဖို့ ကြိုးစား တောင်းဆို သွားမယ်၊ DKBA ဘက်ကိုလည်း လိုက်မသွားပါဘူး၊ အခုတော့ ဘုန်းကြီးကျောင်းမှာ နေသူက နေကြတယ်၊ တချို့က ကွင်းထဲမှာ ရွက်ဖျင်တဲထိုးပြီး နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရွာသားများ ကိုယ်ထူကိုယ်ထ ထူထောင်လာပြီး အတည်တကျ နေထိုင်သည့် အချိန်မှ ဖယ်ရှားခြင်းသည် မြို့ရွာဖွံ့ဖြိုးမှုကို စနစ်တကျ မတည်ဆောက်ဘဲ အကြမ်းဖက်မှုကို ဦးတည်ကြောင်း၊ ဒီမိုကရေစီနှင့် မညီညွတ်သော လူ့အခွင့်အရေး ချိုးဖောက် မှုပင် ဖြစ်ကြောင်း ရွာသားများကို အကူအညီ ပေးနေသည့် ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထင်ကျော်က ပြောဆိုသည်။
“တကယ်တော့ ဒီကိစ္စက အစိုးရ အနေနဲ့ လုပ်ရမှာပါ။ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကို အယုံ အကြည် မရှိကြလို့ လူထု ထောက်ခံပွဲတွေ ဆန္ဒပြပွဲတွေကို ဆက်လက် ဆောင်ရွက် သွားမယ်”ဟု ၎င်းက ပြောသည်။
ဖျက်ဆီး ခံရသည့် ရွာများမှာ သမီးလေး ကျေးရွာ၊ အင်းမတီ ကျေးရွာ၊ မကျွဲတဲ ကျေးရွာ၊ ဝှီးဆဲ ကျေးရွာ၊ လက်ဆိုက် ကျေးရွာများ အပါအဝင် ကျေးရွာ စုစုပေါင်း ၁၁ ရွာကို ဖျက်သိမ်း ဖယ်ရှားကြောင်း သိရသည်။
ယင်းကျေးရွာများသည် ယခင်က ဘိုးဘွားပိုင် မြေအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယခုအခါ လမ်းပန်း ဆက်သွယ်ရေး ကောင်းလာပြီး စီးပွားရေး အဆင်ပြေလာ၍ အိမ်ခြံများ ဆောက်လုပ် နေထိုင်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ သိမ်း ယူ ဖယ်ရှားမှုကြောင့် အိမ်ခြေ ၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။