အစိုးရနှင့် အပစ်အခတ်ရပ်စဲနိုင်ရေးကို လုပ်ဆောင်နေသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ အနေဖြင့် ပါဝင်နိုင်မည် မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက ပြောကြားလိုက်သည်။
ယနေ့ ရန်ကုန်မြို့ မိုင်ဂါးဒင်း စားသောက်ဆိုင်တွင် မီဒီယာများနှင့်တွေ့ဆုံသည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ က မေးမြန်းစဉ် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၏ ပြန်ကြားရေးနှင့် ထိပ်တန်း ကော်မတီဝင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ် သည်။
ကရင်ပြည်နယ် လော်ခီးလာ တိုင်းရင်းသားပေါင်းစုံ ညီလာခံမှ လက်ခံထားသည့် အပစ်အခတ်ရပ်စဲရေး မူဝါဒနှင့် တိုင်းရင်းသားများကို ဆန့်ကျင်ခြင်းမဟုတ်သော်လည်း လက်ရှိတွင် မိမိတို့ကောင်စီအနေဖြင့် အစိုးရချမှတ်ထားသည့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး စသည့်အချက်များကို သဘောတူ လက်ခံ ထားကြောင်းလည်း ၎င်းက ပြောသည်။
“အစိုးရကိုဖားချင်လို့ ပြောနေတာ မဟုတ်ဘူး၊ ကျနော်တို့ကဏ္ဍ၊ ရပ်တည်ချက်နဲ့တော့ ပိုကိုက်တာတွေ့ရတယ်၊ တခြားခေါင်း ဆောင် ပိုင်းက ဘယ်လိုတွေးမလဲတော့ မသိဘူး၊ ဒီအပေါ်မှာ ဆွေးနွေးရင် အောက်ခြေမှ ာဖြစ်နေတာကို ရှင်းနိုင်မယ် ထင်တယ်၊ အဓိက ကတော့ ပြည်သူတွေမြန်မြန်ဖွံ့ဖြိုးဖို့ပဲ၊ အခုလို နိုင်ငံရေးတွေ ဘာတွေ စဉ်းစားနေရင်၊ အထွန့်တက်နေရင် ကွဲဖို့မြန်တယ်၊ ပြည်သူတွေက နိုင်ငံရေးမသိဘူး၊ အေးချမ်းတဲ့ဘဝ လိုချင်တာ၊ မိသားစုဘဝ ကောင်းရေးလိုတယ်”ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး လက်ရှိတွင်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးပုံစံမှာ လမ်းလွဲကာ လိုရင်းမရောက်နိုင် ဖြစ်နေကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေးကို လိုလားပါက လူထုဘဝ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန်ပင်ဖြစ်ကြောင်း ဒေါက်တာ တင်မိုသီ က ဆက်ပြောသည်။
“လော်ခီးလာမှာ ဆွေးနွေးမှုအပေါ်မှာ တိုင်းရင်းသားတွေ ဆွေးနွေးတာကိုတော့ လက်ခံပါတယ်၊ လေးစားပါတယ်၊ ဒါက သူတို့အ ပိုင်း ပါ၊ ကျနော်တို့ အပိုင်းကလည်း ကျနော်တို့တွေ လုပ်ရမှာပေါ့၊ သေချာတာကတော့ နိုင်ငံရေးကို အခြေခံနေရင် ဦးတည်ချက်က ကြာသွားမယ်”ဟုလည်း ၎င်းက ပြောဆိုသည်.
NCCT လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ကွဲလွဲရခြင်းမှာ ဖြစ်နေသည့် စစ်ပွဲများကို နိုင်ငံရေးအရ ဖြေရှင်းခြင်းထက် အောက်ခြေမှနေ၍ ရှင်းလင်းခြင်းကို ပိုမိုလိုလားသောကြောင့်ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးတို့မှာ မည်သည့်အခါမှ ပြီးမည်မဟုတ်သည့် အပေါ်တွင်လည်း ပြည်သူများ ဆက်နစ်နာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း ဒေါက်တာ တင်မိုသီက ပြောသည်။
“ထိုးပြီးရင်ကောစစ်မှန်တဲ့ငြိမ်းချမ်းရေးက ဖြစ်လာပါ့မလား၊ တိုက်တာခိုက်တာ ရပ်မယ် ဆိုရင်တော့ တိုင်းရင်းသား ခေါင်းဆောင် တွေက ထိုးချင်ထိုးမှာပေါ့၊ ဒီမှာက နိုင်ငံရေးကနေ ပဋိပက္ခ စဖြစ်ခဲ့တာမဟုတ်ဘူး၊ အမျိုးသားရေးကနေ ပဋိပက္ခဖြစ်တာ၊ အခုက နိုင်ငံ ရေးဆွေးနွေးဦးမယ် ဆိုတော့ လိုရင်းမရောက်ဘူး၊ နိုင်ငံရေးကိုသွားနေရင် ပြောကြဆိုကြနဲ့၊ ရန်ပြန်ဖြစ်ရင် ဒီတိုင်းအပဲ ဖြစ်နေမှာပဲ၊ ကျနော်တို့လည်း ရှိတော့မှာမဟုတ်ဘူး၊ အခုခံစားနေရသူတွေလည်း သေကုန်မှာပဲ၊ အဓိကကတော့ အောက်ခြေမှာ မတူကွဲပြားစွာ သမိုင်းရှုပ်ခဲ့လို့ဖြစ်ရတာပါ၊ အောက်ခြေကဏ္ဍကို အရင်ရှင်းရမယ်၊ ဒါမှမဟုတ်ရင် ရှည်ကြာပြီး လိုရင်း မရောက်နိုင်ဘူး”ဟု ဆိုသည်။
လက်ရှိ NCCT ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေး ဆွေးနွေးမှုမှာ အောင်မြင်နိုင်သည့် အခြေအနေနည်းကြောင်းလည်း ၎င်းက ပြောသည်။
“လက်မှတ်ထိုးမှ ငြိမ်းချမ်းရေးရဖို့ ဆိုတာမှာ အခုက NCCT လည်း လည်နေတယ်၊ တိုင်းရင်းသားတွေလည်း လည်နေတယ်၊ ဒီလို ဆက် လုပ်နေရင် တံတွေးခွက်ထဲ မျောတော့မှာ၊ လူထုလည်း ပြောနေပြီ၊ ဆွေးနွေးတာက အခုထိ မပြီးဘူး”ဟု ဗိုလ်မှူးချုပ် တင်မိုသီ က ပြောဆိုသည်။
NCCT ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ကျင်းပသော ကချင်ပြည်နယ် လိုင်ဇာ တိုင်းရင်းသား ညီလာခံ၌ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ကရင်လူမျိုးများ ကိုယ်စားပြုသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့နှင့် ဆန့်ကျင်သည့် သဘော အသွင်ဆောင်နေသည့် အတွက် မည်သည့်အကျိုး သက်ရောက်လာမည်ကို မေးမြန်းရာ တွင်လည်း“အကျိုးသက်ရောက်မှု ဆိုတာထက် ပြည်သူအကျိုး၊ ပြည်သူတွေ အမြန်ဆုံး ဖွံ့ဖြိုးဖို့ အတွက် ကျနော်တို့ လုပ်ဆောင် တာပါ” ဟု ဒေါက်တာ တင်မိုသီက ဖြေကြားသည်။
အစိုးရနှင့် သဘောတူရာတွင် စစ်ဘေးသင့် ပြည်သူများ အမြန်ဆုံး နေရပ်ပြန်လာနိုင်ရန်လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ကို ထိခိုက်စေရန် ရည်ရွယ် လုပ်ကြံပြောဆိုမှု၊ ကိုယ်ကျိုးအမြတ်ရှာမှုများ ရှိကြောင်း၊ အဖွဲ့အမည်အသုံး၍ လုပ်ဆောင်နေမှုများရှိကြောင်း၊ ထိုဖြစ်စဉ်များကို အစိုးရသို့တင်ပြထားကြောင်းလည်း ပြောကြားသည်။
လိုင်ဇာနှင့် လော်ခီးလာ တိုင်းရင်းသား ညီလာခံသို့ တက်ရောက်ခဲ့သည့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ဥက္ကဌ ဦးခွန်မြင့်ထွန်းက “လုပ်ခဲ့တဲ့အစည်းအဝေးတွေမှာလည်း သူတို့ဘက်က တက်ပါတယ်၊ နောက်ဆွေးနွေးပွဲတွေက သဘော တူညီချက်တွေဟာ လွယ် လွယ် လက်မှတ်ထိုးခဲ့တာ မဟုတ်ပါဘူး၊ သဘောထားတွေမေးပြီး သက်ဆိုင်ရာ သဘာပတိတွေက ကန့်ကွက်သူ ရှိမရှိကို သဘော ထားမှတ်ချက်မေးပြီးမှ သဘောတူ လုပ်ကိုင်ထားတာပါ၊ အခုကတော့ ဘယ်လိုသဘောနဲ့ လက်မခံတာ လဲ၊ ဘယ်လိုကြောင့် လက် မှတ် မထိုးတော့တာလဲ ဆိုတာကိုကတော့ တဖွဲ့တည်းအမြင်လား၊ ကိုယ်စားလှယ်တဦး ဆန္ဒလား ဆိုတာ စောင့်ကြည့်ရမှာပါ”ဟု ဦးခွန်မြင့်ထွန်းကပြောသည်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီ သည် ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ် သည်။
ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက် ခဲ့သည်။ ထို့နောက် ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေး၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာလတွင် အစိုးရတပ်က ပြန်လည် တိုက်ခိုက်သောကြောင့် ငြိမ်းချမ်းရေး ပျက်ပြားမည့် အခြေအနေဖြစ်ပွားခဲ့သေးသည်။
နောက်ဆုံးကျင်းပခဲ့သည့် လော်ခီးလာ ညီလာခံတွင် ဆွေးနွေးပွဲများ၌ ရှမ်းပါတီကြီးနှစ်ခုဖြစ်သည့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)မှလွဲ၍ ကရင်လူမျိုးကိုယ်စားပြု (၃)ဖွဲ့၊ ရခိုင်လူမျိုး ကိုယ်စားပြု(၃)ဖွဲ့၊ ရှမ်းအနွယ်ဝင် ကိုယ်စားပြု(၄)ဖွဲ့ မှစုပေါင်း ဆွေးနွေးကာ ကိုယ်စားပြု လူမျိုးအတွက် ပူးပေါင်းဆွေးနွေးခဲ့ကြပြီး NCCTလုပ်ဆောင်ချက်များကို သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါညီလာခံသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များထံမှ သိရသည်။