နှစ်ပေါင်း ၆၀ ကျော် သက်ဆိုးရှည်လာတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး လမ်းစပေါ်နိုင်ရေးအတွက် သမ္မတဦးသိန်းစိန် အစိုးရကသက်တမ်း ၅ နှစ်အတွင်းမှာ သမိုင်းမှတ်တိုင်တခုအဖြစ် စိုက်ထူနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ တိုးတက်မှုတွေရှိလာသလို အဲဒီတိုးတက် မှုတွေကနေ သွေဖည်စေမယ့် အကြောင်းအရာတွေ၊ လိုရင်းမရောက်နိုင်မယ့် အကြောင်း အခြင်းအရာတွေလည်း ရှိနေပါတယ်။
ပြည်တွင်းစစ် ရှည်ကြာနေခြင်းဟာ ခေတ် အဆက်ဆက် စစ်အစိုးရတို့ရဲ့ သဘောထားမမှန်ကန် မှု၊ သွေးခွဲမှု၊ ဖိနှိပ်ခွဲခြားမှု စတဲ့ အချက်တွေကြောင့်လို့ သုံးသပ်ပြောဆိုနေကြတာ မှန်သင့်သလောက် မှန်ပါ တယ်။ ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ များပြားတာ၊ အစိုးရနဲ့ တိုင်းရင်းသားများ ကြား ယုံကြည်မှုနည်းတာ၊ တိုင်းရင်းသား မျိုးနွယ်စု တခုစီအပြင် မျိုးနွယ်စုတခုတည်းမှာပင် ယုံကြည်မှု တည်ဆောက်ရာမှာ အားနည်းခြင်းများကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။
“တိုင်းရင်းသားချင်းချင်း လက်တွဲဖို့မှာလည်း ငါစွဲ၊ ငါ့အဖွဲ့စွဲတွေက ရှိနေသေးတယ်။ ခေတ်အဆက် ဆက်အစိုးရတွေက ဒါကို ကောင်းကောင်းမြင်ခဲ့တယ် လေ။ ဒီတော့ခေတ်အဆက်ဆက်မှာ ဒါနဲ့ပဲ တိုင်းရင်း သားတွေကို ဖြိုခွဲခဲ့တာပဲ။ ဒီတော့အခုချိန်မှာ တိုင်း ရင်းသားအချင်းချင်း စည်းလုံးမှုမရှိရင် ဘာမှလုပ်မရ ဘူး။ ရှမ်းကလည်း ဦးဆောင်ချင်၊ ကရင်ကလည်း ဦးဆောင်ချင်၊ ကချင်ကလည်း ငါ့နောက်လိုက်ကြ ဆိုတာတွေ မရှိသင့်တော့ဘူး။ တဖွဲ့ချင်းဆီ တောင်း နေတာတွေက မဖြစ်သင့်တော့ဘူး”လို့ တိုင်းရင်းသား ခေါင်းဆောင်တဦးက ဝေဖန်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခ ရှည်ကြာနေခြင်းက ဒီမိုကရေစီဖြစ်ထွန်းမှုကို နောက်ကျစေတဲ့အပြင် ၁၉၆၂ ကနေ ၂၀၁၀ အထိ အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း အချိန်မရွေး ပြန်လည်အသက် သွင်းနိုင်တဲ့ အခြေအနေရှိတာကို သတိပြုရမှာပါ။ တိုင်းရင်းသားအဖွဲ့များ မညီညွတ်ခြင်းက စစ်တပ်ရဲ့ တိုင်းပြည်ကိုခြယ်လှယ်နိုင်မယ့် စိတ်အစွဲတခုဖြစ်တဲ့ “တိုင်းပြည်ချောက်ထဲကျဖို့ အရေးကနေ တပ်မတော် က ကယ်တင်လိုက်ရပါတယ်” ဆိုတဲ့ အကြောင်းပြ ချက်ကို ပိုမိုခိုင်မာစေပါလိမ့်မယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ စည်း လုံးနိုင်မှုကို လိုင်ဇာညီလာခံနဲ့ လော်ခီးလာ ညီလာခံ တို့ကိုကြည့်ပြီး လေ့လာသုံးသပ်နိုင်ပါတယ်။ အဲဒီ ညီလာခံတွေမှာ တိုင်းရင်းသားခေါင်းဆောင် တချို့ ကိုယ်တိုင်က တိုင်းရင်းသားတွေရဲ့ စည်းလုံးမှု အား နည်းနေတာတွေကို ထောက်ပြပြောဆိုမှုများ ရှိလာခဲ့ ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလကကျင်းပခဲ့တဲ့ လော်ခီး လာ တိုင်းရင်းသား ညီလာခံမှာ အလှည့်ကျ သဘာ ပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ကအထွေထွေအတွင်းရေးမှူးဗိုလ်မှူး ကြီး ခွန်စိုင်းက သူ့ရဲ့မိန့်ခွန်းမှာ ကိုယ့်ကြမ္မာကိုယ်ဖန် တီးနိုင်ရေးအတွက် တိုင်းရင်းသားတွေအနေနဲ့ သွေး စည်းဖို့လိုအပ်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။
တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ရရှိရေးစတဲ့ အချက်တွေကို တူညီစွာ တောင်းဆိုနေပေမယ့် တဖွဲ့ စီမှာတော့ သီးခြားရည်မှန်းချက် ကိုယ်စီရှိနေတာ တွေ့ရပါတယ်။ ဆွေးနွေးပွဲပေါင်းများစွာ ဖြတ်ကျော် လာခဲ့ပေမယ့် အခုအချိန်အထိ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတိုင်းကို ကိုယ်စားပြုနိုင်ပြီဆိုပြီး ရဲရဲဝံ့ဝံ့ ချပြဖို့ ခက်နေပါသေးတယ်။
ပြီးခဲ့တဲ့ လော်ခီးလာ ညီလာခံမှာ တူညီမျိုးနွယ် စု တခုချင်း ဆွေးနွေးကြဖို့ လုပ်ဆောင်လာကြပေမယ့် ကျားနှစ်ကောင်လို့ တင်စားခေါ်ဝေါ်တဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ SSPP ကတော့ သွားနေတဲ့လမ်းကြောင်း တူညီပါတယ် ဆိုပေမယ့် သီးခြားဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေး နွေးပွဲမှာ ကရင်ကိုယ်စားပြု ၃ ဖွဲ့၊ ရခိုင်ကိုယ်စားပြု ၃ ဖွဲ့၊ ရှမ်းကိုယ်စားပြု ၄ ဖွဲ့တို့က စုပေါင်းဆွေးနွေး ခဲ့ကြပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) မှာ အင်အား ကြီးအဖွဲ့တဖွဲ့ဖြစ်တဲ့ RCSS မပါဝင်ထားသလိုအစိုးရ ကိုချပြမယ့် တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမူကြမ်းမှာလည်း အဖွဲ့ကိုယ်စားသဘောတူ လက်ခံကြောင်း လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။
“မူအားဖြင့် ကျနော်တို့ဘက်က သဘောတူပါ တယ်။ လက်ခံပါတယ်။ ဒီအဖွဲ့မှာပါဖို့နဲ့ဆွေးနွေးချက် တွေကို လက်မှတ်မထိုးတာက အဖွဲ့စည်းမျဉ်းကြောင့် ပါ” လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ က ပြောဆိုခဲ့ပေမယ့် လော်ခီးလာညီလာခံမှာ လက် မှတ်မထိုးတာ၊ NCCT အဖွဲ့မှာ မပါဝင်သေးတာ တွေက တိုင်းရင်းသားတွေကြားမှာတင် မဟုတ်ဘဲ အစိုးရ ဘက်ကပါ ထောက်ပြစရာဖြစ်ခဲ့ပါတယ်။
တိုင်းရင်းသားညီလာခံလို့ ဆိုပေမယ့် တိုင်းရင်း သားပေါင်းစုံ အစုံလာရောက်တယ်လို့ အခုချိန်အထိ မပြောနိုင်သေးပါဘူး။ ဘာသာစကား နားမလည် တာ၊ တက်ရောက်မယ့် လူကြီးပိုင်းတွေရဲ့ ကျန်းမာ ရေးမကောင်းတာ စတဲ့ အကြောင်းပြချက်တွေနဲ့ လိုင်ဇာညီလာခံမှာရော၊ လော်ခီးလာ ညီလာခံမှာပါ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့က မတက်ရောက်ခဲ့ပါဘူး။ UWSA ညီလာခံမတက်တာဟာ အစိုးရတပ်နဲ့ တိုက်ပွဲမဖြစ် လို့ဆိုပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းပြောဆိုခဲ့တာကို ထောက်ရင် အစိုးရ ဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲထက် အပစ်ရပ် ရေးကိုသာ ဦးစားပေးနေတယ်လို့ သုံးသပ်လို့ ရနိုင် ပါတယ်။
တိုင်းရင်းသားအဖွဲ့တွေများနေတာဟာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ခက်နေတယ်လို့ အစိုးရဘက်က ပြောနေသလို တိုင်းရင်းသားတွေ ဘက်ကလည်းမျိုးနွယ်တခုတည်းမှာတောင်ကွဲလွဲမှုတွေ ကို ညှိနှိုင်းဖို့ ခက်နေတယ်လို့ ပြောဆိုနေကြပါတယ်။ နေက်ထပ်ပေါ်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေ ရှိနေ တာကြောင့် တိုင်းရင်းသားတွေဘက်ကရော အစိုးရ ဘက်ကပါ တရားသေ ၁၆ ဖွဲ့လို့ အတိအကျပြောဆို နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။
ဒါ့အပြင် အောက်ခြေ လူတန်းစားများအနေနဲ့ ကလည်း ကချင်ပြည်နယ်ထဲမှာ ရှမ်းနီမျိုးနွယ်စုတွေ က ကချင်စစ်တပ်ကို ဆန္ဒပြတာတွေ၊ ကချင်စစ်တပ် ကပေါ်တာဆွဲနေကြောင်း တိုင်တန်းမှုတွေကအများ ကြီးရှိနေပါတယ်။
အစိုးရဘက်က လုပ်ဆောင်ချက်တွေကို ကြည့် ရင် ငြိမ်းချမ်းရေးလက်ဆောင် ကားပါမစ်ပေးတာမှာ လူမျိုးစု အတူတူမှာတောင် ခွဲခြားမှုတွေရှိနေတယ်လို့ ဝေဖန်ကြပါတယ်။ UWSA ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့က ကားပါမစ် ၁၂၀ စီ သို့မဟုတ် အဲဒီထက်ပိုပြီး ရခဲ့ကြပါတယ်။ တခြားအဖွဲ့တွေကတော့ ကားပါမစ် ၁၀ဝ ကနေ ၆၀ အထိသာ ရခဲ့ကြပါတယ်။
မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား ဝါရင့်စာနယ်ဇင်းသမား ဘာတေးလ်လစ်တနာ (Bertil Lintner) ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ “တိုင်းရင်းသားအုပ်စုတွေရဲ့ ပြိုင်ဘက်ခေါင်းဆောင် တွေကြားမှာ၊ ခေါင်းဆောင်တွေနဲ့ စိတ်ပျက်ဝမ်းနည်း သွားတဲ့ နောက်လိုက်တွေကြားမှာ အကွဲအပြဲတွေ ပေါ်ပေါက်လာပြီးတော့ အခြေအနေပိုဆိုး လာစေပါ လိမ့်မယ်” လို့ ဧရာဝတီသတင်းဌာနကို မှတ်ချက်ပေး ခဲ့ဖူးပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကြား အတိတ်ရဲ့အရိပ်တွေကြောင့် ထာဝရ ငြိမ်း ချမ်းရေးရဖို့ ခက်ခဲနေဆဲမှာ တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်မှုကလည်း မေးခွန်းထုတ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒီလို နှစ်ဦးနှစ်ဖက် သာမက ကိုယ့်တိုင်းရင်းသား လူမျိုးအချင်းချင်းထဲမှာ ညီညွတ်မှုမရတာဟာ ငြိမ်းချမ်းရေးအတွက် ဖျက်မြင်း တွေ ဖြစ်လာနိုင်ပါတယ်။ ဒီဖျက်မြင်းတွေကို မဖယ် ရှားနိုင်သေးရင် ထာဝရ ငြိမ်းချမ်းရေးရဖို့၊ တိုင်းရင်း သားဒေသများ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဖက်ဒရယ်စနစ်ဆီ ဦးတည်နိုင်ဖို့ ဝေဝါးနေဦးမှာ ဖြစ်ပါတယ်။