၂၀၁၄ နှင့် ၂၀၁၅ ကြား တနှစ်ခွဲကျော် ကာလတွင် ပြည်သူက အပြောင်းအလဲတခုကို မျှော်လင့်နေကြသည်။ ထိုအပြောင်းအလဲကို အဓိက ဖန်တီးနိုင်သူမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်သည်။ ၂၀၁၃ အကုန်ပိုင်းလောက်က NLD ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပါတီဝင်များက ၂၀၁၅ တွင် သူတို့သာ ကံသေကံမ အနိုင်ရမည်ဟု စိတ်ကူးယဉ်ခဲ့ပုံရသည်။ ထို့ကြောင့် ဝန်ကြီးအဖွဲ့အတွက်ပင် လျာထားသည်ဟု သတင်းများ ကြားရလေသည်။ တလပြီးတလ အချိန်ကုန်သောအခါ ထိုကြိုတင် စီမံချက်များမှာ အရောင်မှိန်လာလေသည်။ ၅၉ (စ) မပြင်ရေးကို ဆန္ဒဖော်ထုတ်မှုများ ရှိလာသလို ၅၉ (စ) မဖြစ်မနေ ပြင်မှဖြစ်မည်ဟု တောင်းဆိုသံများမှာလည်း ပို၍ပို၍ ညံလာပါတော့သည်။
၅၉ (စ) မပြင်လိုသူများက အမျိုးသားရေးကို အကြောင်းပြသော်လည်း အခြေခံမှာမူ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးဖြစ်သည်။ ၅၉ (စ) ပြင်ရန် တောင်းဆိုသူများကမူ နိုင်ငံသားတိုင်း သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့် ရရှိရေး ဖြစ်သည်။ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တမင်ရေးဆွဲခဲ့ခြင်း ဟုတ်၊ မဟုတ် အငြင်းပွားနေစရာ မလိုပေ။ ယခင် စစ်အာဏာရှင် လက်ထက်ကတည်းက “အောင်ဆန်းမျိုးဆက်” အာဏာမရရေးအတွက် လုပ်ဆောင်ခဲ့ကြပြီး ထိုသို့ လုပ်ခဲ့ခြင်းမှာလည်း ဒီမိုကရေစီ မရရှိရေးအတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြည်သူလူထုက တခဲတနက် တောင်းဆိုလာရာတွင် မပြင်ရေး အင်အားစုများက အမျိုးသားရေး အသံများကို ဟစ်ကာ ၅၉ (စ) မပြင်ရေးဖြင့် ဟန့်ထားလာခြင်းဖြစ်သည်။ အမျိုးကို ချစ်သယောင်၊ ၅၉ (စ) ကို ပြင်လိုက်သည်နှင့် တိုင်းတပါးသားများက တိုင်းပြည်ကို လွှမ်းမိုးချုပ်ကိုင်လာတော့ မယောင် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓသာသနာပင် အရောင်မှိန်တော့မယောင် အမှားလှုံ့ဆော်မှုများနှင့် အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားလာကြပါသည်။ သို့သော် ပြည်သူက လက်မခံခဲ့ကြပေး။ တချို့ကလည်း ဆရာတော်ကြီးများ၊ သံဃာတော်များကို ယုန်ထင်ကြောင်ထင် ဖြစ်အောင် အောက်လမ်းနည်းများသုံး၍ သတင်းမှားများကို လွှင့်ထုတ်ခဲ့ကြသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းရာ၌ ၅၉ (စ) မပြင်ရေး လူ ၁ သိန်းကျော် လက်မှတ်ထိုးထားသည်ကို တင်ပြခဲ့ရာ ပြည်ခိုင်ဖြိုး အမတ်တချို့ကပင် ဘဝင်မကျခဲ့ပေ။ မပြင်လိုကြောင်း ထည့်သွင်း၍ ရသော်လည်း ၁ သိန်းကျော်ဆိုသော တခဲနက် လူထုကြီး ပါဝင်ရေးသားသယောင် လှန့်လိုက်သည်မှာလည်း သိသာလွန်းနေပါသည်။
ထိုအခြေအနေမျိုးများတွင် ၂၀၁၅ ရွေးကောက်ပွဲ မည်သို့ဖြစ်မလဲ။ ၂၀၁၅ ရွေးကောက်ပွဲ အလွန်တွင် နိုင်ငံရေး အခြေအနေ မည်ကဲ့သို့ ပြောင်းလဲသွားမလဲ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဆက်လက် အာဏာရနိုင်မလား။ NLD က ၉၀ ပြည့် ရွေးကောက်ပွဲကလို အနိုင်ရနိုင်မလား။ ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတအဖြစ် ဝင်ရောက် အရွေးခံခွင့် ရှိပါ့မလား စသည်ဖြင့် မေးစရာ၊ ဖြေစရာများ ရှိလာပါတော့သည်။ တချိန်တည်းတွင် ၅၉ (စ) ကို လွှတ်တော်အမတ်များ၊ ပြည်ခိုင်ဖြိုးပါတီ၊ အစိုးရအဖွဲ့ တပ်မတော်တို့က ပြင်ဆင်ခွင့် ပေးမလား။
၂၀၁၄ နှစ်အစပိုင်းမှာတင် လှုပ်လှုပ်ရှားရှား အဖြစ်ဆုံးမှာ ၅၉ (စ) ကို မပြင်သင့်ကြောင်း၊ ဆက်လက် ထားရှိသင့်ကြောင်း စတင်လာခဲ့သည်။ ကြံ့ဖွံ့ပါတီက ပထမဆုံး ပါတီထဲတွင် မပြင်သင့်ဘူးဟု ယူဆသူ တသိန်းကျော် ရှိပါသည်ဟု ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီသို့ တင်လိုက်၏။ နောက် ပါတီများ၊ လူပုဂ္ဂိုလ်များကလည်း လူထုသဘောထား ထောက်ခံပွဲလိုလိုနှင့် လှုံ့ဆော်လာခဲ့၏ ထိုလုပ်ရပ်သည် မတော်တဆ မိမိတို့ ဆန္ဒဖော်ခြင်းထက်၊ အစီအစဉ်တကျ လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် အရေးကြီးသည်မှာ လူထုက ရွေးကောက်တင်မြှောက်ခြင်း မရှိဘဲ လွှတ်တော်ထဲ ရောက်နေသော တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကိစ္စ၊ သမ္မတထက်ပင် သြဇာရှိသော နိုင်ငံ၏ အရေးကြီး ကိစ္စများကို ဆုံးဖြတ်ပေးမည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ရှိနေခြင်း၊ တပ်မတော်က အချိန်မရွေး အာဏာသိမ်းပိုင်ခွင့် ရှိခြင်း၊ စစ်အစိုးရခေတ် အဆက်ဆက် ပြည်သူကို ဖိနှိပ်သည့် ဥပဒပုဒ်မများကို ပြင်ဆင်ခြင်းများ ဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်မလား။ အသစ်ရေးဆွဲမလားဆိုသည့် လူထုသဘောထားကို ရယူသည်ဆိုသော NLD ၏ စည်းရုံးရေး လှုပ်ရှားမှုများ၌ ၅၉ (စ) ကို အဓိကထား မလှုံ့ဆော်ခဲ့ပေ။ ၅၉ (စ) သည် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးတွင် ပြင်ရမည့် ဥပဒေတရပ်ဖြစ်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ သမာသမတ်ကျသော နိုင်ငံရေးသမားများကရော ၅၉ (စ) မှာ ပြည်သူ တဦးချင်းစီ၏ လွတ်လပ်ခွင့်ကို ပိတ်ပင်သော ဥပဒေပုဒ်မဖြစ်၍ ပြင်ဆင်သင့်ကြောင်းသာ ပြောကြားသည်။ လူတဦးတယောက်အတွက်ဟူသော ပြဿနာမပေါ်ပေ။
ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နှင့် ယခင် စစ်အာဏာရှင်ဟောင်းများအတွက် အရေးကြီးသည်မှာ ၅၉ (စ) မဟုတ်ပေ။ ထိုအချက်ကို သဘောပေါက်ဖို့ လိုပါသည်။ မကြာသေးခင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိတို့သည် မိမိတို့အတွက် အကာအကွယ် ရအောင်နှင့် အာမခံချက်ရအောင် ပြုလုပ်ပြီးမှ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသွား၏။ ဦးရွှေမန်း၏ ရိုးသားမှုမှာ ချီးကျူးစရာ ကောင်းပါသည်။ နိုင်ငံရေး အကဲဖြတ်သူများကလည်း ယခင်ကတည်းက ထိုအတိုင်းပင် အကဲဖြတ်ခဲ့ကြသည်။ လမ်းပြမြေပုံရချက်မှာ မိမိတို့ အကျိုးစီးပွားအတွက်ပင် မဟုတ်ပါလော။ ယခု လှုပ်လှုပ်ရှားရှား လုပ်နေသော တောင်းဆိုချက်များတွင် ၂၅ ရာခိုင်နှုန်းလည်း မပါ။ အရေးကြီးသော စစ်အာဏာရှင် အငွေ့အသက်များ ပါနေသည့် ဥပဒေများ ပြင်ရေးကို မှေးမှိန်သေးသိပ်သွားအောင် ၅၉ (စ) လို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေး ဥပဒေမျိုးဖြင့် လှည့်စားလိုက်သည်လားဟု စဉ်းစားစရာ ဖြစ်လာပါသည်။
ထိုကဲ့သို့ လှည့်ကွက်မျိုးကို စစ်အာဏာရှင်များက ယခင်ကတည်းက လုပ်တတ်လေသည်။ ဗိုလ်နေဝင်း၏ အကြံပေး မဆလ လူကြီးလူကောင်းများ၊ ဗဟိုနိုင်ငံရေး သိပ္ပံဆင်း ဗိုလ်သန်းရွှေ အစိုးရလက်ထက်မှ ထိပ်တန်း ဗိုလ်ချုပ်များလည်း ထိုကဲ့သို့ ကျင့်သုံးတတ်၏။ ဒီမိုကရေစီမှာ ဒီမိုကရေစီသာဖြစ်သည်။ ရှေ့တွင် ဘာမှမရှိ၊ နောက်တွင် ဘာမှမရှိ။ သူတို့ကမူ ထူးထူးခြားခြား “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟု ကမ္ဘာတွင် တခါမှမရှိသော ဒီမိုကရေစီကို သတ်မှတ်ပြီး ပုံကြီးချဲ့လာတတ်သည်။ ထို့ကြောင့် ယနေ့ဖြစ်ပေါ် လှုပ်ရှားနေသော အကွက်များကိုကြည့်ပြီး ရှေ့ကိုပဲ ဘယ်လိုချိုးပြီး ဘယ်လိုဝေမလဲဟု တွက်ချက်လာကြသည်။ ဒီမိုကရေစီ အင်အားစုများက ဖြစ်နိုင်သည့် အလားအလာများကိုလည်း မျက်ခြေမပြတ် ကြည့်နေဖို့ လိုပါသည်။
လူထုက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ကြပါသည်။ ထိုမှသာ မိမိတို့ဘ၀ သာယာဖွံ့ဖြိုးလာမည်ဟု ထင်ကြသည်။ ဒီမိုကရေစီ လောကဗိမာန်ကြီး နေ့ချင်းညချင်း ထွန်းလင်းလာမည်ဟု ထင်နေကြပါသည်။ ထိုအခြေအနေတွင် ၅၉ (စ) မပြင်လျှင် တိုင်းပြည် ချောက်ထဲကျတော့မယောင် လုပ်လာခြင်းသည် မရိုးသားပေ။ နောက်ဆုံး ဒီမိုကရေစီကို မလိုလားသော တဖက်အင်အားသည် NLD သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေလိုသော အင်အားများနှင့် ညှိနှိုင်းလာနိုင်သည်။ ထိုသည်မှာ ၅၉ (စ) ဖျက်ပေးမည်ဟူသော အဆိုဖြစ်ပါသည်။ အစိုးရ၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့က ၅၉ (စ) ကိုဖျက်ပေးနိုင်သည်။ ၅၉ (စ) ဖျက်လိုက်ခြင်းသည် သူတို့အကျိုးစီးပွားကို မထိခိုက်နိုင်။ သူတို့၏ စီးပွားရေးနှင့် လုံခြုံရေးအတွက်က အာမခံထားသော ဥပဒေများ ဖျက်စရာမလိုဘဲ ဒေါ်စုကို သမ္မတအဖြစ် ပေးလိုက်ခြင်းက သူတို့အတွက် အကာအကွယ်တခု ဖြစ်သည်ဟု ယူဆခြင်းဖြစ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန်လည်း ၂၀၀၈ ဖွဲ့စည်းပုံတခုလုံး အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း မဖြစ်နိုင်ပေ။ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို ၇၅ ရာခိုင်နှုန်းအထိ ရရှိသည်။ သူတို့၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်း မပါဘဲနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့မှာ မဖြစ်နိုင်ပေ။ ထိုအထဲ ပြည်ခိုင်ဖြိုးပါတီက ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း မရဘူးဟုလည်း မည်သူမှ မပြောနိုင်ပေ။ ထို့ကြောင့် ၅၉ (စ) ပြင်ပေးလိုက်ရသောကြောင့် သူတို့အတွက် အရှုံးမရှိပါ။ သူတို့ အကျိုးစီးပွားလည်း မထိခိုက်ပါ။ ပို၍ပင် လုံခြုံပြီး ပို၍ပင် အာမခံချက် ရှိသွားပေလိမ့်မည်။ အရေးကြီးသော ဥပဒေုဒ်မများကို ပြင်လိုက်လျှင်သာ သူတို့အတွက် ရင်တထိတ်ထိတ် ဖြစ်နေပေမည်။ ယခု ဥပဒေပုဒ်မအတွက်မူ သူတို့အတွက် ပိုနေမြဲ ကျားနေမြဲ ဖြစ်သည်။ လိုအပ်လျင် စစ်တပ်က အချိန်မရွေး အာဏာပြန်သိမ်းနိုင်သော ဥပေဒလည်း ရှိဆဲ။ ထို့ကြောင့် ၅၉ (စ) ပြင်ရေး၊ မပြင်ရေးဆိုသည့် နှပ်ကြောင်းကို ချိုးလိုက်ပုံရပါသည်။
၂၀၁၅ ရွေးကောက်ပွဲလာလနှင့် ရွေးကောက်ပွဲ ပြီးသည့်တိုင် အတိုက်အခံများက စနစ်တကျ ပြင်ဆင်ထားခြင်း မရှိဘဲ၊ စစ်အာဏာရှင်ဟောင်းများ ချိုးထားသောလမ်းကို သတိမမူ၊ ဂူမမြင်ဘဲ လျှောက်လှမ်းမိလျှင့် မြန်မာနိုင်ငံ၏ အနာဂတ်မှာ ဆက်လက် ကြမ်းတမ်းနေပေဦးမည်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် စွန့်လွှတ် အနစ်နာခံခဲ့သောသူများ စဉ်းစားကြရပေမည်။ ထိုထဲတွင် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းလို၊ လူ့ဘောင်သစ် ပါတီလို၊ တကသ၊ ဗကသ ဟောင်းများလို၊ တိုင်းရင်းသား အဖွဲ့အစည်းများလို ယနေ့တွင် ရှေ့ချီတက်ရမည့်လမ်းကို တိုင်ပင်ကာ ရှေ့ဆက်ရပေမည်။ အချိန် သိပ်မရှိတော့ပေ။ လမ်းစဉ်ချမှတ်ပြီး လုပ်ဆောင်ရမည်ဖြစ်သည်။ အရေးကြီးသည်မှာ စည်းလုံးညီညွတ်ဖို့ ဖြစ်ပါသည်။ အာရုံပြောင်းမသွားအောင် ခေါင်းထဲတွင် သေချာစဉ်းစားဖို့လို၏။ တဖက်က ချပေးသော နှပ်ကြောင်းထဲ ဝင်မသွားဖို့လိုသည်။
အစိုးရကရော၊ လွှတ်တော်ကပါ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ပါဆိုလျှင် မည်သို့လုပ်မည်လဲ။ ဒေါ်အောင်ဆန်းစုကြည် ကမူ ပြည်သူ့အားဖြင့် ပြင်မည်ဟု ဆိုသည်။ ထိုသည်ကို လုပ်ငန်းစဉ်များ ချမှတ်ကာ ပြင်ဆင်ရပေမည်။ ပထမဆုံး စေ့စပ်ညှိနှိုင်းမှုများ လုပ်ရမည်။ ဒေါ်စုက လေးပွင့်ဆိုင် တွေ့ဆုံရေးကို ကမ်းလှမ်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုအာဏာရ ပုဂ္ဂိုလ်များကို အလေးအနက်ထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုရေစီ မကျသော ဖွဲ့စည်းပုံဖြစ်သည်ကို သူတို့သဘောပေါက်သည်ဟု ထင်မြင်နေပုံရသည်။ သို့သော် ထိုအာဏာရ ပုဂ္ဂိုလ်များက ၂၀၀၈ ဖွဲ့စည်းပုံသည် အလွန့်အလွန်ကို ဒီမိုကရေစီကျသော ဖွဲ့စည်းပုံဖြစ်သည်ဟု ယုံကြည်နေပုံ ရပါသည်။ ပြည်သူလူထုနှင့် ဒီမိုကရေစီ ဘက်တော်သားများကမူ ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီမကျဟု မြင်သည်။
တဖက်ကမူ လူထုထောက်ခံထားသော ဖွဲ့စည်းပုံဖြစ်သည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကျသော ဖွဲ့စည်းပုံဖြစ်သည်ဟု ယုံကြည်နေပါသည်။ တဖက်နှင့်တဖက် တွေ့ဆုံဆွေးနွေးပြီး အေးဆေးသက်သာဖြင့် ဖွဲ့စည်းပုံကို ပြင်နိုင်မလားဆိုသည့် စိတ်ကူးမှာ ယနေ့အထိ မမြင်ရသေးပေ။ အဘယ်ကြောင့်ဆိုသော် လေးပွင့်ဆိုင် တွေ့ဆုံရေးကို အာဏာပိုင်များက ငြင်းပယ်လိုက်သောကြောင့် ဖြစ်၏။ သူတို့သည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုပုံ မရပေ။ ပြင်ရေး မပြင်ရေးကို စိုးရိမ်နေစရာအကြောင်း မရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ ပြည်သူလူထုက ရေးဆွဲသော၊ ပြည်သူလူထု၏ ဖွဲ့စည်းပုံ ဖြစ်ရမည်ဆိုသည်ကို ခေါင်းထဲလေးလေးနက်နက် သိရှိထားဖို့ လိုပါသည်။