ထိုင်းနိုင်ငံတွင် ၄ နှစ်ဗီဇာ သက်တမ်း ကုန်ဆုံးမည့် မြန်မာ အလုပ်သမားများသည် နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) အရ မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်သည်ဟု ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ပြောသည်။
“လတ်တလော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံသားတွေကို တရားဝင် နေထိုင်ခွင့်ပေးထားတဲ့ လူဦးရေ ၂.၂သန်း ကျော် ရှိပြီး အိမ်နီးချင်း နိုင်ငံတွေက MOU နဲ့ လာကြတဲ့ သူတွေအားလုံး သက်တမ်းပြည့်သွားရင် ၃နှစ် ပြန်နေပြီးမှ ထိုင်းကို ပြန် ဝင် လာရမှာ ဖြစ်ပါတယ်”ဟု ထိုင်း အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပရာဝစ် ကီပေါ် (Mr. Pravit Khiengpol) က ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ဖော်ပြထားသည်။
၂၀၀၉ ခုနှစ်က လက်မှတ် ထိုးထားသည့် MOU အရ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော အလုပ်သမားများသည် လေးနှစ် ဆက်တိုက် အလုပ်လုပ်ပြီးပါက မိခင်နိုင်ငံသို့ ၃ နှစ် ပြန်လည် နေထိုင်ပြီးမှ ထိုင်းနိုင်ငံသို့ ပြန်ဝင်ခွင့်ရမည် ဖြစ် သည်။
သို့သော် ယမန်နှစ်က ထိုင်း၊ မြန်မာ အလုပ်သမား ကိုယ်စားလှယ် အရာရှိများ ဆွေးနွေးချက်အရ အလုပ်သမားများကို ၃ နှစ် အစား ၁ လ ပြန်နေရန်၊ နောက်ဆုံး၌ နယ်စပ်ရုံးများတွင် ဗီဇာသက်တမ်းတိုးပြီး ပြန်လာရန် အဆင့်အထိ လျှော့ချ သဘော တူညီမှု ရခဲ့ကြောင်း သိရသည်။
ယင်း ကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ပရာဝစ် ကီပေါ် က “အလုပ်သမားတွေ အနေနဲ့ ၃ နှစ် ပြန်နေစရာ မလိုပါဘူး၊ ထိုင်းမှာ ပြန်လာ အလုပ်လုပ်လို့ ရပါတယ်၊ ဒါပေမယ့် MOU နဲ့ ပြန်ဝင်လာဖို့ ကိစ္စကို ဆွေးနွေးနေပါတယ်”ဟု ပြောဆိုသည်။
မြန်မာ အလုပ်သမားများသည် သက်တမ်း ၂ နှစ်ခန့် ကျန်ရှိသည့် ယာယီ နိုင်ငံကူး လက်မှတ် အဟောင်းကို အသုံးပြုနိုင်ပြီး သက်တမ်း ၂ နှစ် အောက် ကျန်သောသူများက နိုင်ငံကူးလက်မှတ် အသစ် ပြန်လည် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
ထိုင်း အစိုးရက ထိုင်း-မြန်မာ နယ်စပ် ၃ နေရာတွင် နိုင်ငံသား စိစစ်ရေးရုံးများ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်းလည်း မစ္စတာ ပရာဝစ် ကီပေါ် က ဆက်ပြောသည်။
“မြန်မာ နိုင်ငံသားတွေ ထိုင်း ကနေ ထွက်ပြီးတော့ MOU နဲ့ ပြန်ဝင်လာလို့ ရပါတယ်၊ နယ်စပ်ရုံးတွေက တဆင့် နိုင်ငံသား စိစစ်မှု လုပ်ငန်းကို မြန်မာ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် ပေးမယ်”ဟုလည်း ၎င်းက ဆိုသည်။
လတ်တလော၌ ထိုင်းနိုင်ငံတွင် ၄ နှစ် ဗီဇာ သက်တမ်း ကုန်ဆုံးသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်ဖြုတ်ခံရခြင်းနှင့် ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးခံခြင်းများကို ရင်ဆိုင် နေရကြောင်း သိရသည်။
ထိုင်း နိုင်ငံတွင် ၄ နှစ် ဗီဇာ သက်တမ်း ကုန်ဆုံးမည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ဦးရေ ၁၀၀၀၀ ခန့် ရှိနေပြီး ၂၀၁၄ ခုနှစ် အတွင်း သက်တမ်း ကုန်ဆုံးမည့် မြန်မာ အလုပ်သမား ဦးရေ စုစုပေါင်း ၁၇ သိန်း ရှိနိုင်ကြောင်း အလုပ်သမား အရေး ဆောင် ရွက် နေသူများက ပြောသည်။
ထိုင်းနိုင်ငံ မုဒါဟန်(Mukdahan) မြို့နယ်တွင် အလုပ်သမား လက်မှတ် မရှိဘဲ အလုပ် လုပ်နေသည့် မြန်မာ နိုင်ငံသားများ အပါအဝင် လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံသား ၃၄ ဦး တို့ကို ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။
အဖမ်းခံရသူများ အထဲမှ ၄ ဦးသာ တရားဝင် အလုပ်သမား လက်မှတ်နှင့် စာရွက်စာတမ်းများ ရှိကြောင်း၊ ကျန် အလုပ်သမား များကို ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိသည်။
ထိုင်း နိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့် ရှိပြီး၊ ၁ သန်း ၇ သိန်း နီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင် ၍ တရားဝင် ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။