မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် ဝဲရက် ကျေးရွာအုပ်စု ရွာသာယာ ကျေးရွာသူ တဦးဖြစ်သည့် မိချိူ ၄၃ နှစ် ကို အစိုးရ စစ်တပ်မှ ဒု တပ်ကြပ် အဆင့်ရှိသူ တဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှု တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြံစည်သူမှာ အမှတ် ၃၁၅ အမြောက် တပ်ရင်း မှ အသက်၂၃ နှစ်ရှိ ဒု တပ်ကြပ် ရဲလင်းထွန်း ဆိုသူ ဖြစ်ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချူပ်(WLB)က ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မိချိုသည် ဇန်နဝါရီလ ၂၅ ရက်က ရာဘာခြံ၌ လုပ်ငန်းခွင် ဝင်နေစဉ် သူမအား အဓမ္မကျင့်ရန် ကြိုးစားသည့် ဒုတပ်ကြပ် ရဲလင်းထွန်းကို ပြန်လည် ခုခံစဉ် ဦးခေါင်း၊ မျက်နှာနှင့်လက်ချောင်းများ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင် ကုသရာတွင် မသက်သာ၍ ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ရသည်ဟု WLB က ပြောဆိုသည်။
“အခုတော့ ဆေးရုံကနေ ပြန်ဆင်းပါပြီ၊ ဒါပေမယ့် ခွဲစိတ်မှုတွေ ထပ်လုပ်ရမယ်၊ ပြီးတော့ သူနေတဲ့ နေရာ ဒေသကိုတော့ မပြန်ရဲ ဘူး၊ သူ့ဘဝ လုံခြုံမှုတွေ၊ သူ့ဘဝ စိတ်ပိုင်းဆိုင်ရာကိုပါ ပြုပြင် ပေးရဦးမယ်”ဟု ကူညီ ဆောင်ရွက် ပေးနေသည့် WLB မှ မစုစုဆွေက ဧရာဝတီသို့ ပြောသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မွန် ဒီမိုကရေစီ ပါတီနှင့် မွန်ပြည်သစ် ပါတီတို့က ပူးပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ထိရောက်သည့် တရားစွဲဆိုမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရား စီရင်ရာတွင် ပွင့်လင်း မြင်သာမှုရှိစွာ ပြည်သူအများ သိစေရန် ပြုလုပ်ပေး ရမည်ဖြစ်ကြောင်းလည်း မစုစုဆွေက ပြောဆိုသည်။
ယင်းသို့ အကြမ်းဖက်မှုကြောင့် မိချိူသည် ဦးခေါင်း သွေးခဲပြီး မျက်နှာဖူးရောင်၍ သွား နှစ်ချောင်းကျိုးသည့် ဒဏ်ရာ နှင့် ဘယ် လက်သန်း တွင်လည်း သွားကိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“တပ်ကြပ်ကြီး အမျိုးသမီးကတော့ မချိုကို ငွေလာပေး ပါတယ်၊ ဒါပေမယ့် မွန် ခေါင်းဆောင်တွေက မယူဖို့ ပြောထားတယ်၊ ဘာလို့လဲ ဆိုတော့ တပ်မတော်သားတွေက နယ်ဒေသက အမျိုးသမီးတွေကို အဓမ္မ ကျင့်တာတွေ များနေပြီ”ဟု အကူအညီပေးနေသူ တဦး ဖြစ်သည့် ကယန်း အမျိုးသမီး အစည်းအရုံးမှ အထွေအထွေ အတွင်းရေးမှူး ဒေါ်ဂလိုရီယာက ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် ပြည်သူ အမှု ဖြစ်သည့်အခါ နူညံ့စွာ ကိုင်တွယ်ရမည် ဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက် ကာကွယ်ရပ်တည် ပေး သည့် ဥပဒေ တရပ် ပေါ်လာရန် လိုအပ်ကြောင်း၊ ယခုဖြစ်သည့် ကိစ္စတွင် တပ်မတော်နှင့် ဖြစ်သည့် အတွက် စစ်ခုံရုံး တခုတည်းက အရေးယူမှု မလုပ်ဘဲ၊ ပွင့်လင်း မြင်သာမှုရှိမည့် အရပ်ဘက် စစ်ဆေးမှုကို လုပ်ဆောင်သင့်ကြောင်း WLB မှ အထွေအထွေ အတွင်း ရေးမှူး ဒေါ်တင်တင်ညိုကလည်း ဧရာဝတီသို့ ပြောသည်။
WLB အဖွဲ့၏ မှတ်တမ်း အစီရင်ခံစာ အရ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင် ပြောင်းလဲနေသည့် ကာလတွင် မြန်မာ့ တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်းခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ ယင်းဖြစ်ရပ်သည် တိုင်းရင်းသား ဒေသအတွင်း ရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခုကဲ့သို့ အသုံးပြုနေမှု ဖြစ်သောကြောင့် အဆိုပါ ဖြစ် ရပ်များ ရပ်တန့်စေရေး အတွက် WLB က ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သေးသည်။