စစ်တွေမြို့ရှိ အစ္စလမ် ဘာသာဝင်များ နေထိုင်သော အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ဝင်ရောက်ခဲ့ သည့် မလေးရှား နိုင်ငံသား ၃ ဦးကို ရန်ကုန်မြို့သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။
“သူတို့ထဲက ၁ ဦးက ကုန်သည် လိုလို၊ အင်ဂျင်နီယာ လိုလိုနဲ့ဗျ၊ ကုန်သည်ဆိုလည်း ဘာလို့ ဓာတ်ပုံတွေ၊ ဘာတွေ သွားရိုက်ရတာ လဲ၊ အောင်မင်္ဂလာ ရပ်ကွက်က ၂ ဘက် လူမျိုးစုတွေ နီးနီးကပ်ကပ် ရှိနေတဲ့ နေရာဆိုတော့ အကဲဆတ်တဲ့ နေရာ၊ နိုင်ငံခြား သတင်း ဌာနတွေက ကျနော့်ဆီ နောက်ဆုံးလာတာ New York Time က လူတွေပါ”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ မလေးရှား နိုင်ငံသားများသည် သတင်းထောက်များ မဟုတ်ကြောင်း၊ သတင်းထောက်များ ဆိုလျှင် မိမိထံသို့ ဝင်ရောက် အကြောင်းကြားပြီးမှသာ ဝင်ထွက်သွားလာလေ့ ရှိသော်လည်း မိမိထံသို့ အကြောင်းကြားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ပြည်တွင်း သတင်းထောက်များကို လွတ်လပ်စွာ ဝင်ရောက်ခွင့် ပေးထားသော်လည်း နိုင်ငံခြား သားများ ဆိုလျှင် ၎င်းတို့ ဝင်ရောက်လာသော ဗီဇာ အနေအထားကို ကြည့်ပြီးမှသာ ဝင်ရောက်ခွင့် ပြုသောနေရာ ဖြစ်ကြောင်း လည်း ဦးဝင်းမြိုင်က ဆက်ပြောသည်။
မလေးရှား နိုင်ငံသား ၃ ဦးမှ ၂ ဦးသည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက အောင်မင်္ဂလာ ရပ်ကွက်သို့ ဝင်ရောက်ခဲ့ပြီး ၂ နာရီ နီးပါးမျှ နေခဲ့ကြကြောင်း၊ ၎င်းတို့ ပြန်ထွက်လာသည့် အခါ အောင်မင်္ဂလာ ရပ်ကွက်မှ အစ္စလမ်ဘာသာဝင်တဦးနှင့် ရဲတဦးတို့က လိုက်ပါလာပြီး ၎င်းတို့ တည်းခိုရာ “မြ” တည်းခိုခန်းသို့ ပြန်ပို့ရာတွင် စစ်တွေ ဒေသခံ ရခိုင်လူမျိုးများက သတိထားမိခဲ့ကြောင်း “မြ” တည်းခိုခန်း အနီးရှိ ဓာတ်ပုံတိုက် ပိုင်ရှင် မြို့မိမြိုဖ တဦးက ဧရာဝတီကို ပြောသည်။
စစ်တွေမြို့ ဒေသခံများက “မြ” တည်းခိုခန်းတွင် စုံစမ်းရာ မလေးရှား နိုင်ငံသားများ ဖြစ်သည့် အတွက် မကြာမီ ရက်ပိုင်းအတွင်းက မလေးရှားတွင် ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တို့ သေနတ်ပစ် ခံလိုက်ရသည့် အခြေအနေများကြောင့် စစ်တွေ ဒေသခံများ အကြား စိုးရိမ်စိတ် ကြီးထွားလာပြီး ၎င်းတို့ကို စုံစမ်း စစ်ဆေးခဲ့ကြောင်း အထက်ပါ မြို့မိမြိုဖက ပြောဆိုသည်။
“မလေးရှားလည်း သိရော လူတွေက အကြမ်းဖက်တဲ့ သူတွေနဲ့ အဆက်အသွယ်တွေလား၊ သူတို့ကို ထုတ်ပေး၊ စစ်ဆေးပေး ဆိုပြီး တစတစနဲ့ လူ ၂၀၀ ဝန်းကျင်လောက် အထိ ဖြစ်လာတယ်၊ ကျနော်တို့ကလည်း ကိုယ့်လူကို ပြန်ထိန်း ရတာပေါ့၊ လွန်လွန်ကျူးကျူး မဖြစ်အောင်ပါ”ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ မလေးရှား နိုင်ငံသား ၃ ဦးနှင့် အတူ ကင်မရာ ၃ လုံး ပါလာကြောင်း၊ ကင်မရာ တလုံးတွင် ဘုမေ ရပ်ကွက်၊ သဲချောင်း ဒုက္ခသည် စခန်းများမှ ဘင်္ဂါလီများ၏ ဓာတ်ပုံများကို တွေ့ရှိရသည်ဟု စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် စစ်တွေဒေသခံ ဦးသိန်းရွှေစိုးက ပြော သည်။
မလေးရှား လူမျိုး ၃ ဦးထဲမှ တဦးသည် အင်ဂျင်နီယာ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းတွင် အဆောက်အအုံ တည်ဆောက်မည့် စီမံ ကိန်း ဆိုင်ရာ အချက်အလက်များ ပါလာကြောင်း၊ ယခင်ကတည်းက စစ်တွေမြို့သို့ ရောက်ခဲ့ဖူးသည့် အထောက်အထားများကို တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ထို ၃ ဦးအား ညသန်းခေါင် ၁၂ နာရီကျော်တွင် ရဲများက “မြ” တည်းခိုခန်းမှ ရဲတပ်ရင်း ရိပ်သာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရ သည်။
“မလေးရှားမှာ ရှိတဲ့ ရခိုင်တွေ ခဲနဲ့ ပေါက်ခံရတာတို့၊ အကြမ်းဖက် ခံရတာကို ကြားနေရတဲ့ အခါ ဒေသခံတွေက ရုန်းရင်း ဆန်ခတ်နဲ့ လက်တုံ့ပြန် လိုတဲ့ ပုံစံတွေ့ရတော့ ကျနော်တို့ တော်တော်လေး ထိန်းရတယ်၊ ဟိုမှာရှိနေတဲ့ ကိုယ့်လူမျိုးတွေ အနေ ပိုကျပ်သွားမှာ ကို စိုးရိမ်လို့၊ ရဲတွေ ကိုင်တွယ်ပုံ ကတော့ အေးအေးဆေးဆေးပါပဲ၊ သူတို့ကို သေသေချာချာ မေးတယ်၊ ပြီးတော့ ထပ်မဖြစ်အောင် ခေါ်သွားတယ်၊ ကျနော် စစ်လိုက်တဲ့ ကင်မရာထဲက Memory Card ကို ဓာတ်ပုံတွေ ဖျက်ပြီး ရဲလက်ထဲ အပ်လိုက်တယ်”ဟု ဦးသိန်းရွှေစိုးက ဆက်လက် ပြောဆိုသည်။
ရခိုင်လူမှု အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသည့် ရခိုင် တိုင်ရင်းသား ခေါင်းဆောင် နှစ်ဦး ဖြစ်သည့် ဒေါက်တာ အေးမောင်နှင့် ဦးအေးသာအောင် တို့သည် ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းက ကွာလာလမ်ပူ မြို့အလယ် Law Yat ပလာဇာ မှ ဈေးဝယ်ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းခံရသော်လည်း တစုံတဦးမျှ ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။