လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်များကို မူလကောက်ခံနေသည့်နှုန်းမှ ထက်ဝက်လျှော့ချကောက် ခံရန် စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“လွှတ်တော် မပေါ်ခင်အထိက ဒီဟာကိုဘဏ္ဍာအခွန်ကပဲ လုပ်ဆောင်တာ၊ လွှတ်တော်ပေါ်လာတော့ ပြည်ထောင်စု လွှတ်တော်က သာ ပြဌာန်းနိုင်တဲ့ ဥပဒေတွေဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ယူရတယ်၊ အရင်ကတည်းက ဘဏ္ဍာရေး ဝန်ကြီးဌာနက မူရင်းဥပဒေပြင်ဖို့ ရှိတယ်၊ လွှတ်တော်ပေါ်လာချိန်မှာ ဒါကို အခြေခံဥပဒေပါအတိုင်း လွှတ်တော်ကနေ လုပ်ဆောင် တာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန် စသည်တို့ကို လွှတ်တော် ပြဌာန်းချက်နှင့်အညီ ပြင်ဆင်ရေးဆွဲလျက် ရှိပြီး ယခုကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမှုများပြုလုပ်နေသော်လည်း အတည်ပြုပေးနိုင်ခြင်း မရှိသေး ပေ။
“ဥပဒေတွေကတော့ ဆွေးနွေးနေတုန်းပဲ၊ ဒါကလည်း အထဲမှာပါတဲ့ စကားကိုပဲ ဆွေးနွေးနေတာပါ၊ ဝင်ငွေခွန်တွေ၊ ကုန်သွယ်ခွန် တွေကတော့ အသေးစိတ် ညှိမရသေးဘူး၊ ဘယ်လောက်ကောက်ရမလဲ မသိသေးဘူး၊ အခုက ရုံးခွန်နဲ့ တံဆိပ်ခေါင်း ခွန်ကတော့ အခု ကောက်နေတဲ့နှုန်းထက် ထက်ဝက်ချိုးပဲကောက်ခံဖို့ သဘောတူလိုက်တာပါ၊ အသေးစိတ်တော့ မပြောနိုင်သေးဘူး”ဟု ပြည် သူ့ လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ယခု အချိန်အထိ မည်သည့်ပမာဏနှင့် ကောက်ခံမည်ကို ပြောကြားနိုင်မှု မရှိသေးခြင်းမှာ အသေးစိတ် ဆွေးနွေးနေဆဲ ဖြစ်သောကြောင့် ဖြစ်ကြောင်း၊ လက်ရှိတွင် မူရင်းအခွန်ဆိုင်ရာနှင့် ပတ်သက်သည့် ဥပဒေကိုလည်း ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
“အခုဆွေးနွေးနေတာမှာ အခွန်တွေအတွက် ဥပဒေကြမ်းတခု ရေးဆွဲတာကို ဆွေးနွေးနေတယ်၊ ဒီဟာကနေ တရားဝင် တိကျတဲ့ အဖြေထွက်လာရင် သမ္မတဆီ ပို့ပြီးတာနဲ့ အတည်ဖြစ်ပါမယ်၊ ဒီလွှတ်တော်မှာ ပြီးနိုင်ပါမယ်၊ အခုအချိန်မှာက လွှတ်တော်အမတ် တယောက်ရဲ့ စောင့်ထိန်းရမယ့် တာဝန်အရ ဘယ်လောက်ဆိုတာကို တရားဝင် သမ္မတ လက်မှတ်မထိုးမချင်း ပြောခွင့်မရသေးလို့ပါ”ဟု ဦးဝင်းမြင့်က ပြောသည်။
မူလက ကောက်ခံနေသည့် ရုံးခွန်၊ တံဆိပ်ခေါင်း ခွန်များ ဈေးကို လွှတ်တော်က ၇၀ ရာခိုင်နှုန်းအထိ လျှော့ချ ကောက်ခံရန် စီစဉ် ခဲ့သော်လည်း နောက်ဆုံးတွင် အစိုးရအဖွဲ့နှင့် ညှိနှိုင်းချက်အရ ထက်ဝက်နှုန်းသာ လျှော့ချ ကောက်ခံရန် သဘောတူလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။
“ရုံးခွန်နဲ့ တံဆိပ်ခေါင်းခွန် ကျတော့ ၁၉၉၀ ပြည့်နှစ်မှာ ၁ ကျပ် တန် တံဆိပ်ခေါင်း ကပ်ရတယ်ဆိုရင်၂၀၁၀ မှာ အဆ ၁၀၀ တက် လိုက်တယ်၊ လူထုမှာ သွားထိခိုက်တယ်၊ ဥပမာ – ရုံးခွန်တွေ ဘာတွေဆို အမှုတခုဖြစ်ရင် တံဆိပ်ခေါင်းခွန် ၁၅ သိန်း၊ ရုံးခွန် တံဆိပ် ခေါင်း ကပ်ပြီးမှ ရတယ်၊ ကိုယ့်အမှု ဘယ်လောက်ပဲ နိုင်မယ် ထင်ထင် ၁၅ သိန်း မရှိရင် တရားစွဲခွင့် မရှိဘူး၊ လွှတ်တော်ပေါ်လာတော့ ဒါမဖြစ်သင့်ဘူး ဆိုပြီး တာဝန်ပေးတယ်၊ အခုပြင်မယ်”ဟုလည်း ဦးဝင်းမြင့် က ပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အခွန် ၁၄ မျိုးရှိနေသော်လည်း အဓိက ၄ မျိုးသာ ကောက်ခံနိုင်သေးကြောင်း၊ အဆိုပါ ၄ မျိုးမှာ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန် တို့ ဖြစ်ကြောင်း သိရသည်။
“ဒီ ၄ မျိုးကနေ ၉၀ ရာခိုင်နှုန်းကျော်ကျော် ရတယ်၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ ရုံးခွန်၊ အောင်ဘာလေ က ရတယ်၊ ဒါပေမယ့် ကောက်ခံတာမှာကလည်း အရမ်းများရင် အခွန်မဆောင်တော့ဘူး၊ လျော့ရင်လည်း နိုင်ငံဘဏ္ဍာ မရဘူး၊ ဒီတော့ ဒီနှစ်ခု ကြားချနိုင်အောင် လုပ်နေတာပါ”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတဦး က ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုနှုန်းမှာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး(GDP)၏ ၄ ရာခိုင်နှုန်းသာ ရှိသေး ကြောင်း၊ အာရှတွင် အခွန်ကောက်ခံရရှိမှု အနည်းဆုံးနိုင်ငံ၌ ပါဝင်ကြောင်း ပြည်သူ့ လွှတ်တော်သို့ တင်သွင်းသည့် ဘဏ္ဍာရေး ဆိုင်ရာ စာရင်းဇယားတွင် ပါရှိသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံ၏ GDP တန်ဖိုးမှာ ယခုနှစ်တွင် ၇.၈ ရာခိုင်နှုန်းနီးပါးအထိ မြင့် လာနိုင်သည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ၈.၉ ရာခိုင်နှုန်း မျှော်မှန်းထားသည်။
ရုံးခွန်ဆိုရာတွင် တရားရုံး၌ အငြင်းပွားသည့် အမှုတန်ဖိုးအလိုက် ကောက်ခံရာတွင်ပေးသွင်းရခြင်းဖြစ်ပြီး အမှုတခုတွင် ပိုင်ဆိုင်မှုမှာ ၁ သိန်းမှ သိန်း ၁၀၀ ဆိုပါက ရုံးခွန် ၅ သောင်း၊ အမှုတန်ဖိုး၏ ဝ.၅ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း၊ သိန်း ၁၀၀ အထက်နှင့် သိန်း ၅၀၀၀ အထက်ကို ရုံးခွန် ၁၅ သိန်း ပေးဆောင်ရကြောင်း တရားရုံးချုပ် ရှေ့နေ ဦးဝင်းမြင့်ကလည်း ပြောဆိုသည်။
တံဆိပ်ခေါင်းခွန် ဆိုရာတွင် မည်သည့် အမျိုးအစား ပစ္စည်းမဆို ဝယ်ယူရာ၌ လည်းကောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ချုပ်ဆိုကြရာ၌ ပေးဆောင်ရသည့် တံဆိပ်ခေါင်း တန်ဖိုးများဖြစ်ပြီး ၎င်းတို့တွင်အိမ်ခြံမြေ ဝယ်ယူခြင်း၊ သဘောတူစာချုပ် ချုပ်ဆိုခြင်းတို့ ပါဝင်သည် ဟုလည်း ဆိုသည်။
လက်ရှိရေးဆွဲနေသည့် အခွန်ဥပဒေကြမ်းတွင် အခွန်ကို သေချာစည်းကျပ်နိုင်မည့် နည်းဥပဒေများကိုလည်း ထည့်သွင်းကြောင်း၊ စာရင်းအမျိုးမျိုး တင်ပြမှုများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ စာရင်းလိမ်ပါက ထိရောက်စွာအပြစ်ပေးနိုင်ရန် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။
“အခွန်ထမ်းအနေနဲ့ ဘာတွေရမလဲ ဆိုတာလည်း ရှိသင့်တယ်၊ ဒါတွေကို အခွန်ဘက်ကလည်း ပြင်ရမယ်၊ လွှတ်တော်မှာလည်း အခုက အခွန်ကောက်နေတဲ့ပုံစံက ဘယ်လိုလဲဆိုတော့ ရပ်ကွက်တခုမှာပဲဖြစ်ဖြစ်၊ မြို့နယ်တခုမှာပဲဖြစ်ဖြစ် အခွန်ဆောင်သူတွေကိုပဲ အခွန်တိုးသထက် တိုးကောက်တယ်၊ အခွန်ထမ်းသစ်မရှာဘူး၊ ဒီတော့ ဒီအခွန်ကို မထမ်းချင်ဘူး၊ အခွန်ထမ်းတဲ့ ဦးရေ တိုးဖို့လိုတယ်”ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
လက်ရှိ ဆွေးနွေးနေသည့် အခွန်ဥပဒေကြမ်းတွင် ဝင်ငွေခွန်ပေးဆောင်ရာ၌ ယခင်က လစာ တသိန်း အထက်ရသူတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည့်အချက်ကိုလည်း ပြင်ဆင်ဆွေးနွေးရန် ရှိကြောင်း၊ မည်သည့် ပမာဏမှသာ ကောက်ခံမည် ကို တိကျစွာ မသိသေးကြောင်း၊ ကောက်ခံရာတွင်လည်း ယခုအခါ အစိုးရဝန်ထမ်းများသာ ပေးဆောင်နေရပြီး ကုမ္ပဏီဝန်ထမ်းများမှာ ပေးဆောင်ခြင်း မရှိသောကြောင့် မျှတမှု မရှိကြောင်း၊ သို့အတွက် အဆိုပါ ပမာဏကို ပြင်ဆင်ရန် စီစဉ်ထားကြောင်း သိရသည်။