မြန်မာနိုင်ငံမှာ အစ္စလမ် ဘာသာဝင် မွတ်စလင် လူမျိုးတွေနဲ့ ဗုဒ္ဓ ဘာသာဝင်တွေအကြား ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှာကို စိုးရိမ် နေ တယ်လို့ မလေးရှား နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေက ပြောပါတယ်။
ပြည်တွင်းမှာ အရင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ မလေးရှားမှာရှိတဲ့ မြန်မာ အလုပ်သမားတွေရဲ့ လုံခြုံမှုကို ထိခိုက်မှုတွေ ရှိတဲ့အတွက် ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်ကြတာလို့ သူတို့က ပြောပြပါတယ်။
“အထဲ (မြန်မာနိုင်ငံ)မှာ မွတ်စလင်တွေနဲ့ ပတ်သက်ရင် အစွန်းရောက်တဲ့ လူတွေရှိသလို ဒီ(မလေးရှား)မှာလည်း ရှိတယ်၊ အဲဒါကြောင့် အထဲမှာ ပဋိပက္ခဖြစ်ရင် ဒီမှာရှိတဲ့ အစွန်းရောက် တချို့ကလည်း လက်စားချေလိုတဲ့ သဘောနဲ့ ရန်ထောင်ပြီး တကယ် လုပ် တာတွေ ရှိတယ်၊ ဒါမျိုးဖြစ်ရင် ကျနော်တို့အတွက် လုံခြုံမှု မရှိဘူး”လို့ ပီနန်းပြည်နယ်ရှိ စက်ရုံတခုမှာ လုပ်နေတဲ့ မကွေးမြို့က ကိုကျော်ဦး က ဧရာဝတီကို ပြောပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေ မြို့နယ်တွေမှာ ပဋိပက္ခတွေဖြစ်ပြီးနောက် မြန်မာနိုင်ငံ ကနေ မလေးရှားကို သွားရောက် အလုပ်လုပ်နေကြတဲ့ မွတ်စလင်တချို့နဲ့ ဒေသခံ အစွန်းရောက် မလေးလူမျိုးတချို့ ပူးပေါင်းပြီး မြန်မာ အလုပ်သမားတွေကို တိုက်ခိုက်နှောင့်ယှက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို အခြေအနေတွေကြောင့် သေဆုံးခဲ့ရသူတွေ၊ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရ သူတွေ၊ ပုန်းရှောင်နေကြရ သူတွေ၊ ပြည်တွင်း ပြန် လာကြရတဲ့သူတွေ အမျိုးမျိုးရှိခဲ့ကြပါတယ်၊ လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ နှိုင်းယှဉ်ပြီး နှောင့် ယှက်နေတဲ့ အန္တရာယ်လည်း ရှိနေကြောင်း မြန်မာ အလုပ်သမား တချို့က ပြောပြပါတယ်။
“မြန်မာပြည်မှာ ပဋိပက္ခတွေဖြစ်နေရင် ဒီမှာ ကျနော်တို့အတွက် ဘယ်လိုလုပ် စိတ်ချမှုတွေ ရှိမလဲဗျာ၊ ကျနော်တို့လည်း မြန်မာပြည် မှာ စီးပွားရေး အဆင်မပြေလို့သာ ဒီကိုလာလုပ်စားနေကြရတာ၊ အဲဒီလိုမျိုးတွေဖြစ်ရင် ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိ၊ ဓားပြတွေ၊ ရဲတွေကို ကြောက်ရတာက တမျိုးနဲ့ ဘယ်လိုလုပ် အဆင်ပြေမတုန်း”လို့ ဘာတာဝတ် မြို့နယ်က လျှပ်စစ် စက်ရုံတခုမှာလုပ်ကိုင်နေတဲ့ ရခိုင် လူမျိုး ကိုကျော်မိုးနိုင် ကပြောပါတယ်။
ဘာတာဝတ်မြို့နယ်ထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်ကြတဲ့ မွတ်စလင်တွေရှိပြီး မြန်မာအလုပ်သမားတွေကို အုပ်စုဖွဲ့ တိုက် ခိုက် တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ကလည်း မြန်မာ့အရေး လှုပ်ရှားသူတဦး အသတ်ခံခဲ့ရသလို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကလည်း ဘာတာဝတ်မြို့နယ်မှာ မြန်မာအလုပ်သမ နှစ်ဦး အသတ်ခံခဲ့ရပါတယ်။
“မြန်မာပြည်မှာ မွတ်စလင်တွေနဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်ရင် ဒီမှာအလုပ်လုပ်နေကြရတဲ့ ကျနော်တို့အတွက် ပိုပြီးလုံခြုံတာပေါ့၊ ခဏခဏ ဖြစ်နေရင်တော့ ဒီမှာ လုံခြုံမှုမရှိဘူး၊ ဒီမှာရှိတဲ့ မြန်မာ လူမျိုးတွေ တချို့ဆို တော်တော် စိုးရိမ်နေကြရ တာပေါ့၊ အဓိကအားဖြင့်တော့ မြန်မာ-မွတ်စလင်တွေ ရှိတဲ့ ရပ်ကွက်တွေမှာ နေရတဲ့ သူတွေဆိုရင် ပိုပြီးတော့ စိုးရိမ်ရတာပေါ့”လို့ ပီနန်းပြည်နယ်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်မြို့က ကိုမောင်ဇော် ရှင်းပြပါတယ်။
မလေးရှားမှာ ၂၀၁၃ ခုနှစ် မေလကနေ ၂၀၁၄ ဖေဖော်ဝါရီအထိ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား သေဆုံးသူ ၁၀ ဦးကျော်သွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာ နာရေးကူညီမှုအသင်း အဖွဲ့တွေက ပြောပါတယ်။
မလေး ရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ မွတ်စလင်တွေအကြားမှာ သာမန် ပုဂ္ဂိုလ်ရေး ပြဿနာ တွေ က အစ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခအဖြစ် အမြင်မှားနေကြတယ်လို့ မလေးရှားနိုင်ငံရှိ မြန်မာ အလုပ်သမား အရေး ကူညီပေးနေတဲ့ သီတဂူ အထောက်အကူပြု အဖွဲ့က တာဝန်ရှိသူ ဦးသီဟမောင်မောင်က ပြောပြပါတယ်။
“အခုဟာက တခုခုဖြစ်တယ်ဆိုလို့ရှိရင် ဘာသာရေးအသွင်ဆောင်ပြီး ပဋိပက္ခဖြစ်တယ်လို့ပဲ လူတွေကမြင်နေကြတယ်၊ အမှန်တော့ အဲဒီလိုမျိုးကြီးပဲ မဟုတ်ပါဘူး၊ တချို့ဟာတွေကြတော့ ပုဂ္ဂိုလ်ရေးအရ ပြဿနာရှိလို့ဖြစ်တယ်လို့ပဲ မြင်ပါတယ်”လို့လည်း ကိုသီဟမောင်မောင် က ဆိုပါတယ်။
မလေးရှားမှာ တရားမဝင် လုပ်ကိုင်နေကြသူတွေ အပါအဝင် စုစုပေါင်း မြန်မာအလုပ်သမား ပျမ်းမျှ ၃ သိန်း ကျော်ရှိပြီး လျှပ်စစ် စက်ရုံ၊ စိုက်ပျိုးရေး၊ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်နဲ့ အိမ်အကူလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတာများကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိ ဦးစိုးဝင်း က ဧရာဝတီကို ပြောပါတယ်။
“ပဋိပက္ခတွေက မရှိရင်တော့ ကောင်းတာပေါ့ဗျာ၊ ဒီမှာကတော့ ပုံမှန် တရားဝင်အနေအထားနဲ့ လာလုပ်နေကြတဲ့ အလုပ်သမား တွေကတော့ သိပ်ပြဿနာမရှိပါဘူး၊ အိုဗာစတေး နေတဲ့လူတွေကြတော့ နေရတာ ဟိုရှောင်ဒီရှောင် ဆိုတော့ သူတို့အတွက်တော့ အခက်အခဲရှိတာပေါ့”လို့ ဦးစိုးဝင်းက ပြောပြပါတယ်။
ကိုသီဟမောင်မောင် ကလည်း“ပဋိပက္ခတွေကတော့ မဖြစ်တာအကောင်းဆုံးပေါ့၊ ကျနော်တို့လည်း မဖြစ်စေချင်ပါဘူး၊ အကယ်၍ ဖြစ်ခဲ့လို့ ရှိရင်လည်း ဒီမှာရှိနေတဲ့ ကျနော်တို့ လုံခြုံမှု ပြည့်ပြည့်ဝဝ မရှိတဲ့အခါကြတော့ မဖြစ်စေချင်တာ အမှန်ပဲ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လပိုင်းက မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အစ္စလမ် ဘာသာဝင် မွတ်စလင်လူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အဲဒီ့အခြေအနေဟာလည်း မလေးရှားနိုင်ငံအထိ ရိုက်ခတ်ခဲ့လို့ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ မြန်မာ နိုင်ငံသား ၁၀၀ ကျော် အလုပ်ရပ်နားပြီး နေရပ်ရင်းကို ပြန်ခဲ့ကြရပါသေးတယ်။