ဦးမြသောင်တယောက် ချင်းတွင်းမြစ်ကူးတံတား အောက်ခြေရှိ သောင်မြေပေါ်တွင် ဂေါ်ပြားတလက်ဖြင့် မြေကြီးများကို တူးဆွထိုးကော်လိုက်ပြီး အသင့်ပါလာသည့် ပုံးငယ်တခုထဲသို့ မြေများကို ထည့်သည်။ ထို့နောက် ၎င်းပုံးငယ်ကို သယ်မကာ မလှမ်းမကမ်းရှိ ကိုယ်တိုင် ပြုလုပ်ထားသည့် သံဇကာအပြားကြီးပေါ်သို့ မြေကြီးများကို သွန်ထည့်ကာ လှုပ်ခါ လှိမ့်ချလိုက်သည့်အခါ ကျောက်စရစ်ခဲ နှင့် မြေကြီးများ သီးခြားစီ ရလာသည်။ သူသည် မနက် ၅ နာရီ ကတည်းက ကျောက်စရစ်ကျင်နေခဲ့သည်မှာ နေ့လည် ၁၁ နာရီခန့်တွင် ကျောက်စရစ်များ ဆာလာအိတ် ၆ အိတ်ခန့် ရနေပြီ ဖြစ်သည်။
ဦးမြသောင်ကဲ့သို့ အခြားသူများလည်း ပုံး၊ ဇကာများကိုင်ကာ ကျောက်စရစ်ကျင်နေကြ သည်ကိုလည်း တွေ့ရသည်။ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်း တလျှောက်ရှိ သောင်မြေများပေါ်တွင် ကျောက်စရစ်ကျင်သည့် အလုပ်မှာ လက်ခုပ်ပင် ကျေးရွာသားများ၏ စားဝတ်နေရေးကို ဖြေရှင်း ပေးနေသည့် အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းဟု ဆိုပါသည်။
နှစ်စဉ် နိုဝင်ဘာလ မှ ဇွန်လ ဆန်းပိုင်း အထိ ယင်း မြစ်ကြောင်းတလျှောက် သောင်ထွန်းလေ့ရှိပြီး သောင်မြေ ပေါ်လာတိုင်း တခြား အလုပ်အကိုင် ရှားပါးကြသည့် လက်ခုပ်ကုန်းရွာ တရွာလုံး သောင်မြေပေါ်တွင် ကျောက်စရစ်ခဲ များ ကျင်ယူကြသည်ဟု ဆိုသည်။ ကျောက်စရစ် တကျင်းခွဲ လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ကျောက်ဝယ်ပွဲစားသို့ ပြန်လည် ရောင်းချကြပြီး နေ့စဉ်ဝင်ငွေ ရှာဖွေကြသည်ဟု သိရသည်။
“မိသားစု တစုလုံး ဖိဖိစီးစီးလုပ်ရင်တော့ ၃ ရက်မှာ ကျောက်တကျင်းလောက်ရတယ်၊ ပုံမှန် ဝင်ငွေဆိုရင်တော့ တနေ့ကို ၂၀၀၀၊ ၃၀၀၀ ကျပ်လောက်ရတယ်၊ စားလောက်ရုံပေါ့”ဟု ဦးမြသောင်က ရှင်းပြသည်။
ဇွန်လ မှ စက်တင်ဘာ လကုန်အထိ မိုးကာလတွင် တံတားအောက်ခြေရှိ သောင်မြေများပေါ်သို့ လူကြီးတရပ်ခန့် အထိ ရေတက်လာတတ် သဖြင့် ကျောက်စရစ်ကျင်သည့် အလုပ်ကို ခေတ္တနားထားရပြီး၊ ထင်းဆယ်သည့် အလုပ်ကို လုပ်ကိုင်ကြသည်ဟု သိရသည်။
“အဲဒီ အချိန်ဆိုရင်တော့ မြစ်ရေနဲ့ မျောပါလာတဲ့ ထင်းချောင်းတွေကို ဆယ်တယ်၊ ဖြတ်တောက်ပြီးတော့ သစ်တတန် ကို (ကျပ်) ၈၀၀၀၊ ၁၀၀၀၀ လောက်နဲ့ ပြန်ရောင်းစားတယ်၊ ရွာမှာက မိုးဆို ထင်းဆယ်၊ နွေဆို ခဲကျုံးပေါ့” ဟု လက်ခုပ်ကုန်းရွာ ဒေသခံ ဦးမြသောင်က သူတို့၏ အလုပ်ကိုင်အကြောင်း ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမှ ကလေးဝ-ယာကြီး လမ်းပိုင်ရှိ ချင်းတွင်းမြစ်ကူး တံတားကြီးကို ၂၀၀၃ ခုနှစ် ဝန်းကျင် က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဖွင့်လှစ်ပြီးနောက် ၃ နှစ်ခန့် အကြာတွင် ချင်းတွင်း မြစ်ကြောင်းရှိ မုံရွာ၊ မော်လိုက်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခနီ္တး စသည့် ဒေသများတွင် သောင်မြေများ ပေါ်ထွန်း လာခဲ့သည် ဟု ဒေသခံများက ပြောဆိုသည်။ မြစ်၏ တချို့နေရာများတွင် ရေအနက် ၁၂ တောင်၊ ၁၃ တောင်လောက်သာ ရှိပြီး ရေတိမ် လာပြီဟု လည်း သိရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ တံတားဆောက်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“တံတား ဆောက်တဲ့အခါမှာ ဆိုးကျိုးဖြစ်တာက သောင်တွေ ပေါ်လာတာပဲ၊ အဲဒါကိုတော့ ဘယ်လိုမှ တားလို့ရမှာ မဟုတ်ဘူး၊ ရေ ပုံမှန်စီးဆင်းနှုန်းကို တားဆီးသလို ဖြစ်သွားတာကြောင့် တံတားမှာ ရေကာတွေ ဘယ်လို ထည့်ထား ပါစေ၊ သောင်ထွန်းတာတော့ ဖြစ်မှာပဲ။ အဓိက ကတော့ သောင်မြေတွေ ဖြစ်လာရင် ပြန်တူးဖော် သင့်တယ်”ဟု လမ်းတံတား ကျွမ်းကျင်အင်ဂျင်နီယာ ဦးစောဝင်းက ရှင်းပြသည်။
ချင်းတွင်း မြစ်ကူးတံတား (မုံရွာ) အောက်ခြေတွင် သောင်မြေများ ဖြစ်ပေါ်ထွန်းနေသည်မှာ မြစ်ကူးတံတား၏ ၃ ပုံ ၂ ပုံခွဲခန့် ရှိနေပြီ ဖြစ်သည်။ တချို့နေရာများတွင် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းသို့ လမ်းလျှောက် သွားလာ နိုင်သည်ကို လည်း တွေ့ရသည်။ သောင်မြေ၏ ထုထည်မှာလည်း ၁၀ ပေနီးပါးခန့် ရှိသည်။
“ချင်းတွင်းမြစ်ရဲ့ တချို့နေရာတွေက သာမန် ချောင်းလောက်တောင် မကျယ်တော့ဘူး။ သောင်မြေတွေ ပေါ်လာတာ တံတားကြီး ဆောက်ပြီး နောက်ပိုင်းမှာပါ။ ဒီနှစ်မှာတော့ ရှားရှားပါးပါး သောင်မြေက မြစ်အပြည့်နီးပါးပဲ”လို့
ချင်းတွင်းမြစ်ရဲ့ သောင်မြေပေါ်မှာ ကျောက်စရစ် ကျင်နေသည့်ဒေသခံ ဦးမြသောင်က ပြောပြသည်။
လက်ခုပ်ပင် ကျေးရွာ ဒေသခံ မအေးဝင်းကတော့ သူတို့ငယ်စဉ်က မြစ်အတွင်း ကျောက်စရစ် ကျင်သည့်အခါ စက်လှေများကို အသုံးပြုခဲ့ရသည်ဟု ပြောပြသည်။
မုံရွာအနီးဝန်းကျင် ဒေသအနီး ချင်းတွင်းမြစ်ပိုင်းတွင် သဲသောင်ခုံများ ဖြစ်ထွန်းမှုကြောင့် ရေကြောင်း သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသူများက ဆိုသည်။
“မော်တော်ကြီးတွေ သွားမရတာကြာပြီ။ ကုန်တင် မော်တော်ကြီးတွေက ရေစကြိုအောက်နားက ပခန်းကြီးအထိပဲ ရောက်တော့တာ။ မုံရွာအထိတောင် မရောက်နိုင်တော့ဘူး။ အရင်ကဆို ဆင်ဖြူရှင် တံတားနား အထိ ရသေးတယ်။ အခုတော့ ရှော်တယ် (စက်လှေငယ်) တွေနဲ့ပဲ ကလေး၀ ခန္တီးကို တက်နေရတာကြာပြီ။ ဒါတောင် သောင်တင်ရင် ဟိုတွန်း ဒီတွန်းနဲ့ ဒီလိုပဲ ရောက်သွားရတယ်။ တချို့နေရာတွေဆို ခြေကျင်တောင် ကူးလို့ရနေတယ်” ဟု ကုန်တင် မော်တော် ပိုင်ရှင် တဦးက ပြောသည်။
“သောင်ပေါ်လာရင် တန် ၆၀ ကျော်တဲ့ သဘောၤတွေ သွားလို့ မရတော့ဘူး။ မြစ် အောက်ဘက်ပိုင်းကနေ အထက်ဘက် တက်တဲ့ ရေယာဉ်တွေလည်း မော်လိုက် (ရိုးလာ) လောက်ကို ရောက်ရင် ရေကြောင်းကျပ်ပြီး ပိတ်ကုန်ရော” ဟု ချင်းတွင်း မြစ်ကြောင်းတွင်း မော်တော်ခေါက်ပြန်စား လုပ်ကိုင်နေသူ ဦးတင်လှိုင်က သူ၏
အတွေ့အကြုံကို ပြောပြသည်။
ချင်းတွင်းတံတား (မုံရွာ) အောက်ဘက် သောင်မြေ တဖက်ခြမ်းတွင်လည်း နိုင်ငံတော်ပိုင်ဟု ဆိုသည့် သစ်လုံးကြီးများကို သင်္ဘောကြီး၊ ငယ်များဖြင့် သယ်ဆောင်သွားလာလျက် ရှိသည်ကိုလည်း တွေ့ရသည်။ ဒေသခံများကတော့ နိုင်ငံခြားကို တင်ပို့သည့်သစ်များဟု ဆိုသည်။ ထို သစ်လုံးတင်ဆောင်ရာ ရေယာဉ်များနှင့် အနီးတဝိုက်နေရာသို့ ဒေသခံများသွားလာခွင့် ပိတ်ထားသည်ဟုလည်း သိရသည်။
တံတားအနီး တွင်လည်း ငါးဖမ်းသင်္ဘောအချို့ ကျောက်ဆူးချ ရပ်ထားသည် ကိုလည်း တွေ့ရသည်။ ရေကြောင်း တိမ်လာသဖြင့် ရပ်ထားရခြင်း ဖြစ်သည်ဟု ဒေသခံတချို့က ပြောပြသည်။
ယခုကဲ့သို့ မြစ်ရေကျဆင်းမှုနှင့် မြစ်ကြောင်းပိတ်ဆို့မှု ဆိုးရွားလာခြင်း၊ သောင်မြေများပေါ်ထွန်းလာခြင်းသည် ကမ္ဘာကြီး ပူနွေးလာခြင်း၊ ဧရာဝတီနှင့် ချင်းတွင်းမြစ် များ၏ ရေဝေရေလဲ ဒေသများရှိ သစ်တောများ ပြုန်းတီးခြင်းများ ကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။
“သစ်တောတွေ ပြုန်းတီးလာတယ်၊ မြစ်တွင်းကို နှုန်းမြေ ကျတာတွေ ပိုများလာတယ်၊ ရွှေတူးဖော်လုပ်ငန်း၊ သတ္ထု တူးဖော်လုပ်ငန်း တွေကြောင့် မြစ်တွေက ကောလာတယ်၊ သေလာတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက သုံးသပ်သည်။
ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်သည် အနာဂတ်တွင် လုံးဝသေဆုံးသွားနိုင်သည့် အနေအထားတွင် ရှိပြီး လက်ရှိ
ရန်ကုန်မြို့ရှိ ပန်းလှိုင်မြစ်မှာလည်း တိမ်ကောနေသည့် အနေအထားကို တွေ့နေရပြီဟု ၎င်းက ဆက်ပြောသည်။
၂၀၁၂ ခုနှစ်က ချင်းတွင်းမြစ်၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သည့် ဥရုချောင်းအတွင်း ရွှေတူးဖော်သည့် လုပ်ငန်းများ ကြောင့် လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးရသဖြင့် ဒေသခံများက တရားစွဲဆိုခြင်းကြောင့် ကုမ္ပဏီ ၆ ခု ပိတ်သိမ်းခဲ့ရသည်။
ချင်းတွင်းမြစ်သည် ဧရာဝတီမြစ် အတွင်း စီးဝင်သည့် အကြီးဆုံး ရေဝေမြစ်တစင်း ဖြစ်ပြီး၊ ၁,၂၀၇ ကီလိုမီတာ ရှည်လျားပြီး ထံမသီ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝမြို့၊ ကလေးမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့ များကို ဖြတ်သန်း၍ စီးဆင်းပြီး နောက် ပခုက္ကူမြို့ အထက်နား၌ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းပေါင်းဆုံသည်။
ကမ္ဘာ့တဝှမ်းရာသီဥတု ဖောက်ပြန် ပျက်စီးခြင်းကြောင့် မြစ်ချောင်းများ တိမ်ကောခြင်း၊ မြစ်ကြောင်းများ ပြောင်းလဲ စီးဆင်းခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ မြစ်ကို အမှီပြု နေရသူများသည်လည်း ပြောင်းလဲလာသည့် အနေအထားအလိုက် ပုံစံတမျိုးပြောင်း၍ မြစ်ကို အမှီပြုနေကြရဦးမည်သာ ဖြစ်သည်။ ။