လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။
“အရင်နှစ်တွေက နေပြည်တော်မှာပဲ ကျင်းပကြတယ်၊ ဒီနှစ်တော့ အနယ်နယ် အရပ်ရပ်ကို ကျင်းပခွင့်ပြုတော့ နယ်က အမျိုးသမီးတွေကို ဒီလို အမျိုးသမီးနေ့တွေ ရှိတယ် ဆိုတာ အမျိုးသမီးတွေကို သိသွား ပြောပြသွားမယ်၊ အမျိုးသမီးတွေရဲ့အခက် အခဲတွေ အခွင့်အရေးတွေကို ပြန်လည် သုံးသပ် သွားမယ်”ဟု Women’s Organization Network of Myanmar မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာသည့် အကြောင်းကို အမျိုးသမီးများ သိရှိစေရန်နှင့် အမျိုးသမီး အခွင့် အရေး အပြည့်အဝ ရရှိလာစေရန်၊ အမျိုးသမီး အကြမ်းဖက်မှုကို ကာကွယ်နိုင်မည့် ဥပဒေ ပေါ်ထွက်လာရန်နှင့် ယင်းဥပဒေနဲ့ အညီ အရေးယူမှု ရှိရန် စသည် တို့ကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့ အပါအဝင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် INGO၊ NGO တို့နှင့် ပူးပေါင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါ်မာမာချိူက ဆက်ပြောသည်။
လတ်တလော၌ အမျိုးသမီးများပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အမျိုးသမီးများ အတွက် အကြမ်းဖက်မှုကို ထိရောက်သော ဥပဒေများဖြင့် အရေးယူ ပေးရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ အမျိုးသမီးများ ပူးပေါင်းပါဝင် လာစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို တန်ဖိုးထားတတ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖန်မီးအိမ် အဖွဲ့မှ ဒေါ်ခင်လေးငယ်က ဧရာဝတီသို့ ပြောသည်။
“နိုင်ငံတကာမှာလဲ အမျိုးသမီးနေ့ ဆိုပြီးတော့ လုပ်နေတယ်လေ၊ မြန်မာပြည်က မသိကြသေးဘူး၊ အမျိုးသမီးတွေရဲ့ အခွင့် အရေးကို ဘယ်လို တောင်းဆိုရမယ်၊ ဘာတွေ ကာကွယ်နိုင်မှာလဲ ဆိုတာ လုပ်သွားကြမယ်”ဟု ရှမ်းပြည်နယ် အမျိုးသမီး ကာကွယ် စောင့်ရှေက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် New Generation မှ ဒေါ်သန္တာဦးက ဧရာဝတီသို့ ပြော သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၁၉၀၈ ခုနစ် အမေရိကန် ပြည်ထောင်စုရှိ အထည်ချုပ် စက်ရုံမှ အမျိုးသမီးများသည် အလုပ်ချိန်၊ လစာ တိုးပေးရန်နှင့် မဲပေးပိုင်ခွင့် ရရန်အတွက် ဆန္ဒပြရာမှ ဖြစ်ပေါ်လာသည့် နေ့တနေ့ ဖြစ်ကြောင်း သိရ သည်။
၁၉၁၀ ပြည့်နစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ကျင်းပခဲ့ကာ ဂျာမနီနိုင်ငံ Social Democratic Party မှ Mrs. Clara Zetkin ဦးဆောင်မှုဖြင့် မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟု သတ်မှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရောက်တိုင်း အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲ များနှင့် အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိရန်တို့ကို ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် ရေးဆွဲကြကြောင်း သိရ သည်။
၂၀၀၀ ပြည့်နစ်မှ စတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံသည် မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အစိုးရ ရုံးပိတ် ရက် အဖြစ် သတ်မှတ်ကြသည်။