၂၀၁၄ ကို အကူးမှာပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ၊ အခင်းအကျင်းတွေက သိသိသာသာ ပြောင်းလာတာ တွေ့ရ ပါတယ်။ အစွန်းရောက် လူမျိုးရေး၊ ဘာသာရေးအုပ်စုတွေ၊ အမျိုးသားနိုင်ငံရေးပါတီတွေနဲ့ အရင် စစ်အာဏာရှင် လက်ထက်က တိုင်းပြည်ကို ထင်သလိုအုပ်စိုးခဲ့ပြီး အခုလည်း လက်ရှိအာဏာပါဝါနဲ့ စည်းစိမ်ဥစ္စာရှိနေသူတွေ ခေါင်းထောင်ထလာတာကို တွေ့ရပါတယ်။
မြန်မာ့ အခြေအနေကို လေ့လာစောင့်ကြည့် အကဲခတ်သူတွေကတော့ မြန်မာပြည်ဟာ နောက်ကို ပြန်ဆုတ်နေပြီ၊ ရှေ့မဆက်တော့ဘူး၊ တန့်သွားပြီလို့ သုံးသပ်ကြပါတယ်။
ဒီလိုအနေအထားမှာ ကြီးလေးကြီး တွေ့ဆုံရေး ဆိုတဲ့အသံတွေ ထွက်လာခဲ့ပါတယ်။ ကြီးလေးကြီး ဆိုတာကတော့ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၊ အတိုက်အခံ ခေါင်းဆောင်လည်းဖြစ် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကာချုပ်လို့ပဲ ခေါ်ကြပါတယ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပထမတွေ့ဆုံပွဲဟာ မျှော်လင့်ချက်တွေနဲ့ စိတ် လူပ်ရှားမှုတွေကို နိုင်ငံတကာမှာရော ပြည်တွင်း မှာ ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အကောင်းဘက်ကို ရှေးရှုတဲ့ အပြောင်းအလဲတော် တော်များများကို မြင်ခဲ့ရပါတယ်။
အခု ပြန်သုံးသပ်ရင်တော့ ဒီ နှစ်ပွင့်ဆိုင် ဆွေးနွေးပွဲဟာ အသံတိတ်ဆွေးနွေးပွဲပဲ ဖြစ်ပြီး ပဋိညာဉ်စာတမ်းမချုပ် ကတိကဝတ်မလုပ်ဘဲ နှုတ်နဲ့ ပဲ ပြောခဲ့ကြတဲ့အတွက် အချည်အတုပ် မရှိလှပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အသုံးချခံ သက်သက်ပဲ ဖြစ်တယ်။ အစိုးရဘက်က နိုင်ငံတကာ ဖိအားလျော့ရေးအတွက် လှည့်စားချက်လို့တောင် တချို့က သုံးသပ်ကြတာဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်ကစပြီး မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်တွေ(အဲဒီအချိန်တုန်းကတော့ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်) တို့ဟာ အကျပ် အတည်းကို ခဏတာဖြေလျော့ဖို့ နိုင်ငံတကာဖိအား တွေကို ဖော့ပစ်လိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလိုက်တာ ချည်းပဲ ဖြစ်ပါတယ်။
ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Political honeymoon က သိပ်မခံပါဘူး။ ၂၀၁၂ အလွန် ၂၀၁၃ အလယ်မှာပဲ သူတို့နှစ်ဦးရဲ့ ဆက်ဆံ ရေး ပျက်သွားခဲ့တယ်ဆိုတာ တွေ့ရမှာပါ။
အခုတော့ သူတို့နှစ်ဦး ပြည်လည်တွေ့ဆုံရေးကို ပြန်ကြိုးစားနေသူတွေ ရှိနေပါတယ်။ ဒီအထဲမှာ အတိုက်အခံက ပါသလို အစိုးရဘက်က တာဝန်ရှိ သူတွေလည်း ပါပါတယ်။ နှစ်ဖက်စလုံးနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေလည်း တွေ့ဆုံဖို့၊ ပြန်ပြီးရင်းနှီးဖို့ ကြိုးစားပေးနေတာ တွေ့ရပါတယ်။
သူတို့နှစ်ဦး တွေ့ဆုံဖို့ ဖြစ်နိုင်ပါတယ်။ (စီးပွား ရေးသမားကြီး တချို့ကတော့ သမ္မတ ကတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် အရင်တွေ့မယ်၊ နွေးထွေး မှုကို ပြန်တည်ဆောက်မယ်လို့ ပြောနေကြပါတယ်)ဟုတ်ပါပြီ၊ တွေ့ခဲ့ရင်ကော အကျိုးဆက်ရလဒ်တွေက ဘာလဲ။ ရင်ခုန်မျှော်လင့်စိတ်ကူးနဲ့ ရူးကြဦးမှာလား။ အသံတိတ်ပြီး ငိုရတဲ့ ဇာတ်ကားဟောင်းကြီးပဲ ကြည့် ရဦးမှာလား၊ ဒါမှမဟုတ် မိအေးနှစ်ခါနာ ဇာတ်ပဲ လား ဆိုတာပါပဲ။
ပွင့်လင်းမြင်သာမှု (Transparency) နဲ့ တာဝန် ယူမှု (Accountability) ကို အတွင်တွင် ပြောတတ် တဲ့ ခေါင်းဆောင်တွေ ကိုယ်၌ကိုယ်က Transparency ဖြစ်ဖို့လိုတာပါ။ ပြည်သူလူထုကို Accountability ဖြစ်ဖို့ လိုပါတယ်။
ဒီ နှစ်ပွင့်ဆိုင် မပြေမလည်ကြားထဲမှာ ခေါင်း ထိုးဝင်လာသူကတော့ ဦးရွှေမန်းပါပဲ။ သူဟာ အရင် စစ်အစိုးရ (တပ်မတော်အစိုးရလို့လည်း သူ့ကိုယ်သူ အမည်တပ် ခေါ်လေ့ရှိပါတယ်) လက်ထက်က တပ် မတော် ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးပြီးရင် စစ်ကောင်စီမှာ အာဏာအရှိဆုံးသူ ဖြစ်ပါတယ်။ သူ့ဟာ Political Ambition လို့ခေါ်တဲ့ နိုင်ငံရေး အာဏာအတွက် မျှော်မှန်းချက်ရှိသူပါ။ (ဒါကြောင့် လည်း ဦးသန်းရွှေက သူ့ကို ခဏ ခေါက်ထားခဲ့ပြီး ခပ်ငြိမ်ငြိမ် ဦးသိန်းစိန်ကိုပဲ သမ္မတရာထူး ပေးခဲ့တာ လို့ အကြမ်းအားဖြင့် သုံးသပ်ကြတာတွေ့ရပါတယ်)။
ထားတော့။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဆက်ဆံရေးဟာ ဘေးကစောင့်ကြည့်သူတွေ အံ့ဩရလောက်အောင် အချိန်တိုအတွင်းမှာ ရင်းနှီး လာတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လွှတ် တော်မှာဖြစ်ပြီး သမ္မတဦးသိန်းစိန်အပေါ် မြင်တဲ့ အမြင်တွေကလည်း တူပုံရပါတယ်။
နှစ်ယောက်စလုံးကလည်း ၂၀၁၅ ရွှေးကောက် ပွဲဝင်ပြီး မြန်မာနိုင်ငံမှာ သမ္မတဖြစ်ချင်သူတွေလို့ တရားဝင် အထပ်ထပ်အခါခါ ပြောနေသူတွေ ဖြစ်ပါ တယ်။ (သမ္မတဖြစ်ရင် တိုင်းပြည်အတွက် ဘယ်လို အနာဂတ်အမြင် (Vision) တွေရှိတယ်ဆိုတာတော့ သိပ်ပြီး မကြားရသေးပါ)။
ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ရဲ့ နိုင်ငံရေးမဟာမိတ်ဟာ ဘယ်လောက်တည်တံ့မလဲ ဆိုတာ ခန့်မှန်းလို့မရသေးပေမယ့် သူတို့နှစ်ဦးကြောင့် ဦးသိန်းစိန် အစိုးရကိုတော့ အကျပ်ရိုက်စေတာ အမှန်ပါပဲ။ အစိုးရကတင်လာတဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်က အတည်မပြုဘဲ ဆိုင်းငံ့ထားနိုင်သလို နောက်ဆုံး အစိုးရကို အယုံအကြည်မရှိ အဆိုအထိ တင်သွင်းလာနိုင်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က ဦးရွှေမန်းဆီ က လိုချင်တာကတော့ အခြေခံဥပဒေကို ပြင်ဆင် ရေးပဲ ဖြစ်ပါတယ်။ သမ္မတအရည်အချင်း ကန့်သတ် ချက် ပုဒ်မ ၅၉ (စ) နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်း ပြဋ္ဌာန်းချက်ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ရေး ပဲ ဖြစ်ပါတယ်။ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ကို ဦးဆောင် နေတဲ့ ဦးရွှေမန်းဟာ ဒီ အခြေခံဥပဒေ ပြင်ဆင်ရေး ကို တည်ဆောက်နေပေမယ့် ပါတီတွင်းမှာကတော့ ဒီလိုပြင်ဆင်ဖို့ သဘောထားတွေ အကြီးအကျယ်ကွဲ နေကြတယ်။
၂၀၁၁ – ၂၀၁၂ အနေအထားအရ ဆိုရင်တော့ ကြီးသုံးကြီးဆိုတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ကြား dialouge ရှိပြီး ဆက်ဆံရေးကောင်းနေရင် တိုင်းပြည်ရဲ့ တည်ငြိမ် ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပေါ်မှာ အကောင်းဘက်က ဩဇာသက်ရောက်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။
အခု ၂၀၁၄ မှာတော့ ကြီးသုံးကြီး အကြားမှာ ဟန်ချက်ညီမှု (Harmony) ပျောက်သွားတာကို တွေ့ရပါတယ်။ ဒါဟာလည်း လေးဖက်နာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရေးမှာ အထူးအဆန်းတော့ မဟုတ်ပါ။ အဲဒီလို အနေအထားမှာ ထူးထူးခြားခြား ဝင်လာတာကတော့ ကာချုပ်လို့လည်းခေါ်တဲ့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၁၉) ကျောင်းဆင်း၊ ရှမ်းပြည်မှာ က.စ.ထ မှူး လုပ်ခဲ့ပြီး အရင်က ဗိုလ် ချုပ်မှူးကြီးဟောင်း သန်းရွှေ တိုင်းမှူး တာဝန်ယူခဲ့တဲ့ တပ်မ ၈၈ မှာ အရာရှိ အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ကာချုပ်ရဲ့ ဒီနှစ် ခြေလှမ်းတွေဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။
ဘာ စိတ်ဝင်စားဖို့ ကောင်းသလဲလို့ မေးရင် ဘောင်းဘီချွတ်ပြီး လုံချည်ဝတ်မယ့် လမ်းစဉ်ပါပဲ။ တနည်းပြောရရင် နိုင်ငံရေးဝင်လုပ် မယ့် အလားအလာတွေကို တွေ့နေရပါတယ်။
လေ့လာစောင့်ကြည့်သူတွေနဲ့ သံတမန်တွေရဲ့ အဆိုအရတော့ ကာချုပ်ဟာ ဒီနှစ် ၇ လပိုင်းမှာ တာဝန်က အနားယူမယ်၊ ပြီးရင်တော့ နိုင်ငံရေး ထဲ ဝင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ မရှင်းသေးတာကတော့ သူဟာ ကြံ့ခိုင်ရေးပါတီထဲကို ဘယ်လိုပုံစံနဲ့ ဝင်မှာလဲ။ ဒါမှ မဟုတ် တပ်ကတင်မြှောက်တဲ့ ကိုယ်စားလှယ်အဖြစ် နဲ့ ဝင်မှာလားဆိုတာတွေပါပဲ။
ကာချုပ်မင်းအောင်လှိုင် နိုင်ငံရေးထဲ ဝင်နိုင် မယ့် နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်နည်းက တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှာ အရေးကြီးတဲ့ ခေါင်းဆောင်ပိုင်း တာဝန်ယူ ရွေးကောက်ပွဲဝင်အပြီး အမတ်ဖြစ်။ အဲဒီ နောက် ကြံ့ခိုင်ရေးအမတ်တွေ တင် မြှောက်တဲ့ ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရုံပါပဲ။ ဒုတိယသမ္မတ ဖြစ်လာပြီးတာနဲ့ သမ္မတအဖြစ် အရွေးခံရဖို့က လည်း နီးစပ်လာပါပြီ။
ဒုတိယနည်းကတော့ အသက် ၆၀ ပြည့်ချိန် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအချိန် ၂၀၁၅ ရွေး ကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်တွေ စတင်ခေါ်တဲ့အချိန် တပ်က အငြိမ်းစား ယူပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ တိုက်ရိုက် ရွေး ကောက် တင်မြှောက်တဲ့ ဒုတိယ သမ္မတ ရာထူးနေရာကို အခန့် သား ဝင်ယူရုံပါပဲ။
ပထမ နည်းလမ်းနဲ့ ဒုတိယနည်းလမ်းမှာ ဒုတိယ နည်းလမ်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက် နိုင်ငံရေးထဲဝင်ဖို့နဲ့ သမ္မတ ဖြစ်ဖို့ အလွယ်ဆုံး ဖြစ်ပါ တယ်။ သေချာတာတခု ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတဖြစ်ဖို့ တပ်ထဲမှာ ထင်ကြေး ပေးနေကြပါ တယ်။
ဒီလို ကာချုပ်ကနေ ထွက်ပြီးရင် နိုင်ငံရေး ဆက် လုပ်ဖို့ အစဉ်အလာကို စီစဉ် ခဲ့တာ ဦးသန်းရွှေ ကိုယ်တိုင် ပဲလား။ ဒါမှမဟုတ် လက်ရှိ သမ္မတ ဦးသိန်းစိန်ကပဲဆွဲဆောင် ခဲ့တာလား ဆိုတာကတော့ ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ စိတ် ဝင်တစား ပြောဆိုဆွေးနွေးနေ ကြဆဲပါ။
သမ္မတ အိမ်တော်နဲ့ နီးစပ်တဲ့ ဩဇာတိက္ကမရှိတဲ့ စီးပွားရေးသမား တချို့ကတော့ ဒေါ်အောင်ဆန်း စုကြည်၊ ဦးရွှေမန်းတို့နဲ့ အဆင်မပြေဖြစ်လာတဲ့ သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို ဆွဲဆောင်စည်းရုံးခဲ့တာလို့ သုံးသပ်ကြပါတယ်။
ကာချုပ်ရဲ့ နိုင်ငံရေးထဲ ဝင်လာမယ့်ခြေလှမ်း ကိုတော့ ဦးရွှေမန်းရော ဒေါ်အောင်ဆန်းစုကြည်ပါ လက်ခံဖို့ အားနည်းပါတယ်။ အထူးသဖြင့် ဦးရွှေမန်း က ခါးခါးသီးသီးကိုဖြစ်နိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ကာချုပ်နဲ့တွေ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် တွေ့မယ်လို့ ပထမသတင်းစကားပို့ခဲ့ပြီးမှ မတွေ့တော့ဘူးဆိုတဲ့ ဒုတိယသတင်းစကားကို ပါးခဲ့ပါတယ်။
ချုပ်ရရင်တော့ ကြီးလေးကြီး တွေ့ဆုံရေးဟာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီအထဲက တချို့ဟာ တိုင်းပြည်အတွက်အလုပ်လုပ်ပေးချင်တဲ့၊ ပြည်သူက ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တွေ မဟုတ်သလို နိုင်ငံရေးအာသီသ (Political Will) လည်း မရှိပါဘူး။ ကျရောက်လာနိုင်တဲ့ အန္တရာယ် (Risk) လည်း မယူရဲသလို လုပ်ရဲတဲ့ Courage လည်း မရှိတာ တွေ့ရပါတယ်။
ဒီ ကြီးလေးကြီးမှာ အရေးအကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ သူဟာ လူထုထောက်ခံမူရော နိုင်ငံ တကာရဲ့ ပံ့ပိုးမှုရော အရှိဆုံးသူ ဖြစ်ပါတယ်။ သူရဲ့ နောက်တဆင့် ခြေလှမ်းဟာ ပိုအရေးကြီးပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် တွေအကြား ပြန်ပြီးနွေးထွေးလာတာ တွေ့ရပါတယ်။ (တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုလည်း လိုပါသေး တယ်)။
နောက်တယောက်ကတော့ သမ္မတကြီးဦးသိန်း စိန်ပဲ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာမှာ အသိ အမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲ ရေး (Reform) ကို မရပ်တန့်ဘဲ ဆက်ပြီးသွားဖို့ အတွက် သူ့ရဲ့အားကို လိုပါတယ်။ ဒါကြောင့် ကြီး လေးကြီးအကြောင်း မပြောခင် ကြီးနှစ်ကြီးအကြား ပြန်ပြီးစကားပြောဖို့၊ တွေ့ဆုံဖို့ လိုရင်လိုနိုင်ပါတယ်။ ဒါပေမယ့် အသံတိတ် မဟုတ်ဘဲ ပဋိညာဉ်ရှိတဲ့ တကယ်စစ်မှန်တဲ့ အပြောင်းအလဲကို တောင့်တနေ တဲ့ ပြည်သူပြည်သားတွေလည်း သိနိုင်တဲ့ တွေ့ဆုံ မှုမျိုးပဲ ဖြစ်သင့်ပါတယ်။