မြန်မာနိုင်တွင် နိုင်ငံခြားသားဧည့်သည်များကို အဓိကဆွဲဆောင်နိုင်သည့် နေရာတခုဖြစ်သော ပုဂံဒေသသို့ နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့်ပြုရေးသည် မြန်မြန်ဆန်ဆန်ဖြစ်လာနိုင်ဖွယ် မရှိသေးကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က ပြောကြားသည်။
လတ်တလော အနေဖြင့် ကျော်ကြား ထင်ရှားသည့် ရှေးဟောင်း စေတီပုထိုးများ အနီးတွင် နိုင်ငံတကာမှ စင်းလုံးငှား လေယာဉ်များကိုသာ ဆင်းသက်ခွင့် ပြုရန်ရှိနေသည်ဟုလည်း ဆိုသည်။
“လက်ရှိ အစီအစဉ်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံတကာလေဆိပ် ၄ ခု ရှိလာပါမယ်၊ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် နဲ့ လေဆိပ် အသစ်တခု ဖြစ်ပါတယ်၊ အဲဒါက ဟံသာဝတီ လေဆိပ် သစ်ဖြစ်ပါမယ်”ဟု မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီး ဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောသည်။
ဦးဝင်းဆွေထွန်းက ဆက်လက်ပြီး “ပြည်တွင်းက လေဆိပ်တွေနဲ့ လေယာဉ်ကွင်းတွေကို အဆင့်မြှုင့်နိုင်ဖို့ ပုဂ္ဂလိက ကဏ္ဍကို ရင်းနှီးမြှုပ် နှံခွင့် ပေးဖို့ ကျနော်တို့ စီစဉ်နေပါတယ်၊ ပုဂံလေဆိပ်နဲ့ မကွေးတိုင်းက ပခုက္ကူလေဆိပ်တွေ အပါအဝင်ဖြစ်ပါတယ်၊ ဒါပေမယ့် နိုင်ငံ တကာက ဝင်ရောက်မှုကိုတော့ စင်းလုံးငှား လေယာဉ်တွေကိုပဲ ခွင့်ပြုသွားဖို့ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များကမူ ပုဂံဒေသတွင် နိုင်ငံတကာလေကြောင်းလိုင်းများ လေယာဉ်များ ဆင်းသက်ခွင့် ရရှိနိုင်ရန် မျှော်လင့်နေကြကြောင်း ဧရာဝတီသို့ ပြောသည်။
ပုဂံမြို့၏ အရှေ့မြောက်ဘက်တွင်ရှိသော ပခုက္ကူ တွင် ဆင်းသက်လျှင်လည်း ဖြစ်နိုင်သည်ဟု ၎င်းတို့ က ဆိုသည်။
“ပုဂံနဲ့ ဟဲဟိုးကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ တိုက်ရိုက်ပျံသန်းနိုင်ဖို့ စဉ်းစားသင့်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒါ်ခင်သန်းဝင်း က ပြောသည်။
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသော မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း ကွန်ဖရင့် ၂၀၁၄ တွင် ဒေါ်ခင်သန်းဝင်း က ပြောကြားခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာအစိုးရက ခရီးသွားလုပ်ငန်း မဟာစီမံကိန်းတခုကို ထုတ်ပြန်ခဲ့ပြီး ယမန်နှစ်က ဧည့်သည် စုစုပေါင်း ၂ သန်းကျော် ရောက်လာရာမှနေ၍ ၂၀၂၀ ပြည့်နှစ်တွင် နှစ်စဉ်ဧည့်သည် ၇ သန်း ရောက်လာသည်အထိ မြှင့်တင်သွားနိုင်ရန် ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက် ဖြစ်နိုင်စရာများ စာရင်းတွင် ပုဂံ၌ နိုင်ငံတကာ လေဆိပ်ဖွင့်လှစ်ရေး ပါဝင် ကြောင်းလည်း ၎င်းက ဆိုသည်။
အစိုးရက ပုဂံနှင့် ဟဲဟိုးလေဆိပ်များမှ လက်ရှိဝန်ဆောင်မှု အခြေအနေနှင့် ယင်းနေရာများတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်ခွင့် ပြုလိုက်ပါက ရှိရှိနိုင်မည့် အကျိုးအမြတ်နှင့် တွေ့ကြုံနိုင်သည့် အခက်အခဲများကို စဉ်းစားသုံးသပ် လျက်ရှိကြောင်း သိရသည်။
ပုဂံ ဒေသသည် ယမန်နှစ်က နိုင်ငံခြားသားဧည့်သည် ၂ သိန်း ကျော် လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားလုပ်ငန်း စီမံကိန်းတွင် ဖော်ပြထား သည့် အရေးပါသော နေရာ ၆ ခုထဲတွင် တခု အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဦးဌေးအောင်ကလည်း နိုင်ငံခြား ဧည့်သည် အရေအတွက် အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် ပုဂံတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆက်သက်နိုင်ရန် ဖွင့်လှစ်ပေးသင့်ကြောင်း အကြံပြုထားသည်။
“ပုဂံလေဆိပ်က ငယ်လွန်းတယ်၊ ဒါပေမယ့် ပခုက္ကူလေဆိပ်မှာတော့ လေယာဉ်ကြီးတွေနဲ့ နိုင်ငံခြား လေယာဉ်တွေကို လက်ခံနိုင်ပါလိမ့်မယ်”ဟု ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် ပုဂံသို့ သွားရောက် လည်ပတ်လိုသော နိုင်ငံခြားသား ဧည့်သည်များသည် ရန်ကုန် သို့မဟုတ် မန္တလေး သို့ ဦးစွာ လာပြီးနောက် ပခုက္ကူလေဆိပ် သို့မဟုတ် ပုဂံအနီးမှ ညောင်ဦးလေဆိပ်များသို့ လေယာဉ် ထပ်စီးရသည်။
မြန်မာနိုင်ငံ ၏ စတုတ္ထမြောက် နိုင်ငံတကာလေဆိပ် အဖြစ် တနှစ်လျှင် ခရီးသည် ၁၂ သန်း လက်ခံဝန်ဆောင်ပေးနိုင်မည့် ဟံသာဝတီ လေဆိပ်ကို ရန်ကုန်မြို့နှင့် ခရီး တနာရီခွဲခန့် အကွာ ပဲခူးတိုင်း အတွင်းတွင် တည်ဆောက်တော့မည် ဖြစ်သည်။
ပုဂံကို မြန်မာနိုင်ငံ၏ အန်ကောဝပ် ဟု တခါတရံ တင်စား ခေါ်ဆိုမှုများလည်း ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)အပြင်ဘက်ရှိ ထုည်ကြီးမားသော ဗိသုကာလက်ရာများဖြင့် အန်ကောဝပ် ဘုရားကျောင်းသို့ နှစ်စဉ် ခရီးသည် ၂ သန်းခန့် လာရောက်ကြပြီး နိုင်ငံတကာ လေကြောင်း လိုင်းများလည်း ပျံသန်းပေးနေသည်။
အဆိုပါ အရေအတွက်သည် ကမ္ဘောဒီးယားသို့ ရောက်လာသည့် နိုင်ငံခြား ဧည့်သည် အရေအတွက်၏ တဝက်ဖြစ်ပြီး မြန်မာနိုင်ငံ သို့ ယမန်နှစ်က လာရောက်ခဲ့သည့် နိုင်ငံခြားသား ဧည့်သည် စုစုပေါင်း အရေအတွက် နှင့် တူညီနေသည်။
သို့ရာတွင် ၂၀၁၃ ခုနှစ်အတွင်းက ပုဂံသို့လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်အရေအတွက်သည် တနိုင်ငံလုံး ပမာဏ ၏ ၁၀ ရာခိုင်နှုန်းသာရှိသည်။ သွားလာရေး ပိုမို လွယ်ကူချောမွေ့လာလျှင် ခရီးသွားများ ပိုမိုရောက်ရှိ လာနိုင်သည်။
ပုဂံဒေသသို့ ယမန်နှစ် ဇန်နဝါရီလ အတွင်းက နိုင်ငံခြားသား ခရီးသည် ၂၈၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလတွင်း၌ ၂၉၄၈၀ ရှိသည့် အတွက် ၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ အများစုမှာ အမေရိကန်၊ ဗြိတိသျှ နှင့် ထိုင်း လူမျိုးများ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကို ကိုးကား၍ ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။
“ထိုင်းနိုင်ငံကို တနှစ်မှာ ကမ္ဘာလှည့်ခရီးသည် ၂၂ သန်းကနေ ၂၄ သန်းအထိ ရောက်လာနေတယ်၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက စေတီပုထိုးတွေ၊ ရှုခင်းတွေနဲ့ ပိုပြီးဆွဲဆောင်နိုင်တဲ့ နေရာပါ”ဟု Regent Hotels & Resorts ၏ အမှုဆောင် အရာရှိချုပ် Mark Lettenbicher ဆိုသူက မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း ကွန်ဖရန့် ၂၀၁၄ တွင် ပြောကြားသွားသည်။