ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က KIA နှင့် အစိုးရတပ်များကြား လတ်တလောတိုက်ခိုက်မှု အကြောင်းရင်းများ၊ တိုက်ခိုက်မှုများ၏ အကျိုးဆက်များ၊ မြန်မာ နိုင်ငံ မြောက်ပိုင်းမှ သစ်ခိုးထုတ်မှုများနှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာများကို မကြာသေးခင် က ပြုလုပ်ခဲ့သော ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောပြသွားပါသည်။
မေး။ ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က KIA စခန်းတခုကို အစိုးရတပ်က သိမ်းယူလိုက်တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့ပါသလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ KIA ရှေ့တန်း ကင်းစခန်းတခု သိမ်းပိုက် ခံလိုက်ရပါတယ်။ အစိုးရတပ်က တရားမဝင် သစ်ခိုး ထုတ်သူ တွေ ကို နှိမ်နင်းတယ် လို့ အကြောင်းပြပြီး ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို တိုက်ခိုက်နေတာပါ။
မေး။ ။ ပြီးခဲ့တဲ့ အပတ်က အစိုးရသတင်းစာတွေထဲမှာ အစိုးရတပ်တွေက သစ်ခိုးထုတ်တဲ့သူတွေကို ဖမ်းဆီးဖို့လုပ်ရင်း လက် နက် ကိုင် အဖွဲ့တခုနဲ့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းစာတွေမှာ “လက်နက်ကိုင် အဖွဲ့တခု” ဆိုတဲ့ စကားလုံးကိုပဲ သုံးပြီးတော့ KIA လို့ သုံးနှုန်း မထားဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့ဆိုလို့ KIA ပဲရှိပါတယ်။ အစိုးရက နာမည်တိတိကျကျ မပြောဘဲ လက်နက်ကိုင် အဖွဲ့လို့ ပဲ ပြောခဲ့ပေမယ့် သူတို့တပ်တွေက ကျနော်တို့နဲ့ တိုက်ခိုက်နေတာပါ။ အဲဒီဒေသမှာ သစ်ခိုးထုတ်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် သစ် အများဆုံး ထုတ်နေတာက စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ ကာကွယ်တောတွေထဲကပါ။ တန်ဖိုးကြီး သစ်တွေ ခုတ်နေကြတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ နယ်စပ်က ပြည်သူတွေကို တိုက်ခိုက် နှိမ်နင်းနေမယ့် အစား ကာကွယ်တောတွေ ထဲမှာ သစ်ထုတ်လုပ် နေ တာကို တားဆီးနိုင်မှ တရားမဝင် သစ်ခိုးထုတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ ဒီပုံအတိုင်းပဲ ဆက်သွားနေဦးမယ်၊ အစိုးရ တပ်တွေက တရားမဝင်သစ်ခိုးထုတ်နေသူတွေကို ဖမ်းဆီးဖို့ပဲ ကြိုးစားနေတယ်ဆိုရင် စစ်ရေးအရ ပတ်သက်မှုတွေ ဆက်ရှိနေဦးမှာပါ။
မေး။ ။ KIA က တရားမဝင်သစ်ခိုးထုတ်တဲ့သူတွေကို အကာအကွယ်ပေးနေတယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ အရိပ်အမြွ က် ဖော်ပြခဲ့တာ ရှိတယ်။ အဲဒါကိုရော ဘာမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ သစ်ထုတ်တဲ့ ကိစ္စက ရှုပ်ထွေးပါတယ်။ ဘယ်နေရာကနေ ခွင့်ပြုချက်ရခဲ့တယ် ဆိုတာက အစပေါ့။ အစိုးရဆီက တရား ဝင် ခွင့်ပြုချက်ကို အမှီပြုပြီး လုပ်နေတဲ့ တရားမဝင် သစ်ခိုးထုတ်နေသူတွေ အများကြီး ရှိပါတယ်။ တရားဝင် ခွင့်ပြုချက် ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ သစ်ပင်ခုတ်နေကြတဲ့ သူတွေလည်း ရှိတယ်။ ဒါကြောင့် သစ်ထုတ်တဲ့ကိစ္စမှာ ပါဝင်နေသူတွေကို ဘယ်သူတွေက ခွင့်ပြုချက်ပေးတယ်။ ဘယ်သူတွေက ကာကွယ်ပေးနေတယ်ဆိုတာက အငြင်းပွားဖွယ်ရာ ဖြစ်ပါတယ်။ KIA နဲ့ အစိုးရ၊ နှစ်ဘက် စလုံးမှာ သစ်ထုတ်လုပ်ရေးကြောင့် အကျိုးအမြတ် ရရှိနေသူတွေရှိပါတယ်။ သူတို့က လာဘ်ငွေယူကြတယ်။ တဘက်နဲ့ တဘက် အပြစ်တင်နေမယ့် အစား တရားမဝင် သစ်ခိုးထုတ်မှုကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ကျနော်တို့ အဓိကထား ရှာဖွေရမှာ ဖြစ်ပါတယ်။
မေး။ ။ KIA စခန်းကို သိမ်းပိုက်လိုက်တာက နောက်လထဲမှာ ကျင်းပဖို့ရှိတဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အစည်းအဝေး မတိုင်မီ ရက်အနည်းငယ် အတွင်းမှာ ဖြစ်နေတယ်။ KIA အပေါ်မှာ ဒီလိုတိုက်ခိုက်မှုမျိုးတွေ ရှိနေတဲ့ အတွက် အစိုးရ ဘက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး သဘောထား မမှန်ဘူးလို့ ထင်ပါသလား။
ဖြေ။ ။ NCCT ကတော့ အစိုးရနဲ့ အစည်းအဝေးကို ဆက်လုပ်ရပါမယ်။ ဒါပေမယ့် KIO အတွက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေထဲမှာ ဘယ်လောက် အတိုင်းအတာအထိ ပါဝင်ရမယ်ဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစား သုံးသပ်ဖို့ လိုအပ်နေပါပြီ။
အစိုးရတပ်ဖွဲ့တွေရဲ့ ဒီတိုက်ခိုက်မှုဟာ သူတို့ဘက်က အကြောင်းပြချက် ဘယ်လိုပဲ ရှိပါစေ၊ ရိုးသားမှုမရှိဘူးလို့ ကျနော်ပြောနိုင်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ KIA ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဟာ မကောင်းပါဘူး။
မေး။ ။ ပြီးခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာ KIA အရာရှိတွေ ကျဆုံးခဲ့တယ်ဆိုတာကို အတည်ပြုပေးနိုင်မလား။ KIA တပ်ဖွဲ့တွေဘက် က ထိခိုက်ကျဆုံးမှု ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းပါသလဲ။ ပြည်ထောင်စုနေ့တုန်းက KIA တပ်ဖွဲ့တွေ ဆုတ်ခွာပေးလိုက် ရတဲ့ စခန်းက လိုင်ဇာ ဌာနချုပ်နဲ့ တော်တော် နီးပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ တပ်သားတွေ ကျဆုံးပါတယ်။ ဒါပေမယ့် အရာရှိတွေ မဟုတ်ပါဘူး။ လတ်တလော ဖြစ်ခဲ့တဲ့ တိုက်ပွဲ မှာ တပ်သား ၂ ယောက် ၃ ယောက်လောက် ကျဆုံးခဲ့ပါတယ်။ ထိခိုက်ဆုံးရှုံးမှု အတိအကျကိုတော့ အခုအချိန်အထိ ကျနော် မသိရသေးပါဘူး။ ဆုတ်ခွာပေးလိုက်ရတဲ့ စခန်းက တပ်စု တစုရှိတဲ့ ကင်းစခန်းပါ။ လိုင်ဇာကနေ ၁ နာရီလောက် ကား မောင်း ရတဲ့ နေရာမှာ ရှိပါတယ်။
မေး။ ။ ပြည်ထောင်စုနေ့လို ထူးခြားတဲ့ နေ့တနေ့မှာ ဒီလိုတိုက်ပွဲဖြစ်ရတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ အစိုးရတပ်ဖွဲ့တွေကို ကွပ်ကဲမှုမကောင်းလို့ပါ။ ကျနော်တို့ ကင်းစခန်းတွေနဲ့သူတို့က တော်တော်လေး နီးကပ်နေပြီးတော့ သူတို့ ရှေ့တန်း တပ်ဖွဲ့တွေကလည်း လှုပ်ရှားနေကြတယ်။ အချိန် မရွေး တိုက်ပွဲ ဖြစ်နိုင်ပါတယ်။
မေး။ ။ ဘားအံမှာ လုပ်မယ့် အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကလည်း ထပ်ပြီး ရက်ရွှေ့လိုက်ရပြီ။ သက်ဆိုင်သူ အဖွဲ့အားလုံး ပါဝင်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို ဘယ်အချိန်လောက်မှာ လက်မှတ်ထိုးနိုင်ကြမယ်လို့ ခန့်မှန်းပါသလဲ။ ၂၀၁၄ ခုနှစ် အတွင်းမှာ လုပ်မယ်လို့ စီစဉ်ထားတဲ့ နိုင်ငံရေး ဆွေးနွေးမှုကရော ဖြစ်လာမယ်လို့ ထင်ပါသလား။
မေး။ ။ NCA လက်မှတ်ထိုးမယ့် အချိန်ကာလ အတိုင်းအတာကို ကျနော်တို့ အတိအကျ မသတ်မှတ်နိုင်ပါဘူး။ အဲဒါက ကျနော် တို့နဲ့ အစိုးရကြားက ညှိနှိုင်းဆွေးနွေးမှု ပေါ်မှာပဲမူတည်ပါတယ်။ NCA ကို လက်မှတ်ထိုးမပြီးသေးခင် နိုင်ငံရေး ဆွေးနွေးမှုတွေ ရှိမှာ လည်း မဟုတ်ပါဘူး။ NCA ပေါ်ပေါက်လာပြီးတော့မှ ဆွေးနွေးမှုတွေ ဆက်တိုက်ရှိလာပါလိမ့်မယ်။
မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အစိုးရစစ်တပ်က ဘယ်လောက် အတိုင်းအတာအထိ ပါဝင်ခဲ့ပါသလဲ။
ဖြေ။ ။ စစ်တပ်ကတော့ အစည်းအဝေးတွေ တက်ရုံပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် ကော်မတီတွေ အဆင့်ဆင့် ရှိနေပေမယ့် မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) ကပဲ ငြိမ်းချမ်းရေး အတွက် တကယ် အလုပ်လုပ်ပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကျနော်တို့ ပြောခဲ့ကြတာပေါ့။ ကျနော်တို့ ဒီ အခြေအနေကို သဘော မကျဘူး။ တကယ်လို့ စစ်တပ်က အစည်းအဝေး တက်ဖို့သာ လာမယ်ဆိုရင် တခြားအချိန်တွေမှာလည်း ဒီကိစ္စကို အလေးမထား ဘူး ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မှာ မဟုတ်ဘူးလို့ အမြဲပြောခဲ့ပါတယ်။ အခု လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ စစ်တပ်ပါဝင်မှု အားနည်းတယ်လို့ ကျနော်ထင်ပါတယ်။ ။