လက်ရှိ ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် လွှတ်တော်က ဖွဲ့စည်းထားသည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက ပါဝင်ဆောင်ရွက်ခွင့် ရရှိရန် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ တောင်းဆို ထားကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက အမည်သာပါရှိပြီး ငြိမ်းချမ်းရေးတွင် မည်သည့် လုပ်ငန်းမျှ ဆောင်ရွက်ခွင့် မရရှိသည့် အပေါ် လွှတ်တော် ကိုယ်စားလှယ်များက ပါဝင်ခွင့် ရရှိရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ယင်းကော်မတီဝင် လှိုင်းဘွဲ့မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင်က ဧရာဝတီကို ပြောသည်။
နိုင်ငံတော် သမ္မတရုံးတွင် ယနေ့ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးတွင် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်း ထုတ်ခဲ့ကြပြီးနောက် ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဒု သမ္မတ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည် အစည်းအဝေး ၂ ကြိမ် သာ လုပ်ဆောင် နိုင်သေးပြီး မည်သည့် လုပ်ဆောင်ချက်မှ မရှိသေးကြောင်း၊ အစည်းအဝေးများတွင် သမ္မတရုံး ဝန်ကြီး ဦးအောင် မင်း ၏ ရှင်းလင်း ပြောဆိုချက်များကိုသာ နားထောင်နေရုံသာ ရှိနေကြောင်း ယနေ့ အစည်းအဝေး တက်ရောက်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လွှတ်တော်သာမကဘဲ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ အနေဖြင့်လည်း ပါဝင်ခွင့် ရ လိုကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်များနှင့် သတင်း အချက်အလက်များပင် မသိရှိရသောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် သတင်း အချက်အလက်များကို ပို့ပေးရန် တောင်းဆိုခဲ့ကြသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
“ဆွေးနွေးပွဲတွေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရော၊ လွှတ်တော်ပိုင်းကရော အားလုံး မပါနိုင်သေးတဲ့ အခါကျတော့ ဘယ်အဆင့် ဘယ်ကဏ္ဍ ရောက်နေပြီဆိုတာ မသိကြဘူး၊ ပွဲတွေမှာ မပါနိုင်လည်းဘဲ သူတို့ဆီကို အချက်အလက်လေးတွေ ပို့ပေးဖို့ တချို့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေက တောင်းဆို ကြတယ်၊ လွှတ်တော်ပိုင်း အနေနဲ့က ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ဖို့က မလွယ်သေးဘူး၊ သူတို့ခေါ်မှပဲ ပါရမှာ”ဟု တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ၂၀၁၂ ခုနှစ် မေလ ၃ ရက်တွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက ဥက္ကဌ အဖြစ် တာဝန်ယူပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးများနှင့် ပြည် နယ် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရှင်များ စသည်ဖြင့် ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
“လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အစိုးရက ဆွေးနွေးတဲ့ အခါမှာ လွှတ်တော်ထဲကို ရောက်နေတဲ့ ကျမတို့ တိုင်းရင်းသားတွေကို လည်း ဖိတ်ခေါ်ဖို့ ပြောခဲ့တယ်၊ အာလုံး ပါဝင်နိုင်ပြီးတော့ တစုတစည်းတည်း အခုကတည်းက ပါဝင်နိုင်မယ် ဆိုရင်တော့ နားလည်မှု ရင်နှီးမှု တွေရမယ်၊ နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးတဲ့အခါမှာ ပိုပြီးတော့ လွယ်လွယ်ကူကူ ဆွေးနွေးနိုင်မယ့် အနေအထားမျိုး ဖြစ် အောင် တောင်းဆိုခဲ့တယ်”ဟု ဒေါ်ဒွဲဘူက ပြောသည်။
တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ၏ တောင်းဆိုမှုများကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆန္ဒမစောကြရန်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများတွင် ပါဝင်ခွင့်ရရန် ဆောင်ရွက်ပေးမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရသည်။
“သူ(ဒု-သမ္မတ) ပြောတာက သိပ်မြန်ရင်လည်း အမှားရှိနိုင်တယ်ပေါ့၊ သိပ်နှေးရင် ကျတော့ အမှားတော့ နည်းမယ်၊ ဒါပေမယ့် အသီး အပွင့် ကျတော့ ခံစားရတာ နှေးမယ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အရမ်းအမြန်ကြီးလည်း မဟုတ် အရမ်းနှေးလွန်းတာမျိုးလည်း မဟုတ်ဘဲနဲ့ အမှား နည်းအောင် ဆောင်ရွက်သွားဖို့ မှာတယ်”ဟု ဒေါ်ဒွဲဘူက ဆိုသည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေက“ဝန်ကြီးဦးအောင်မင်းတို့နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးပြီးတော့ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ဖို့ လိုပါတယ်၊ ဒါပြီးလို့ ရှိရင်တော့ Political Dialogue ကို ရောက်လာတဲ့ အခါမှာ လွှတ်တော် အပြင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းများ၊ အစိုးရ၊ တပ်မတော် အားလုံး ပါဝင်တဲ့ All Inclusive Political Dialogue လုပ်ပါ့မယ်လို့ နိုင်ငံတော် သမ္မတက ပြောထားတဲ့ အတွက် သေချာပေါက် လွှတ်တော်လည်း ပါလာ ပါလိမ့်မယ်”ဟု ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
အစိုးရက လက်နက်ကိုင် တိုင်းရင်းသားများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးသည့်အခါ သက်ဆိုင်ရာ ဒေသ အလိုက် ကော်မတီ အတွင်းရှိ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များကို ခေါ်ဆောင်သွားရန် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင် တိုင်းရင်းသား အမတ်များက ဆန္ဒရှိ နေသည်။
“ဥပမာ ကရင်မှာ သွားဆွေးနွေးမယ် ဆိုရင် ကျနော်တို့ ကော်မတီထဲက ကရင် တိုင်းရင်းသား အမတ်ကို ခေါ်သွားဖို့ ဆိုတဲ့ ပုံစံမျိုး တောင်းဆို ကြတယ်”ဟု ကရင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင်က ပြောသည်။
ယနေ့ အစည်းအဝေးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ၊ လွှတ်တော် အမတ်များသည် လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သူ့အမြင်၊ ကိုယ့်အမြင် ဆွေးနွေးကြကြောင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကြောင်း တင်ပြခဲ့ပြီး တိုင်းရင်သား လွှတ်တော် ကိုယ်စားလှယ်များကလည်း ကိုယ့်ဒေသရှိ အခက်အခဲများကို တင်ပြ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။