လူဦးရေ ထူထပ်တဲ့ မြို့ကြီးတွေမှာ နေ့စဉ်နဲ့အမျှ အမှိုက်တွေ တန်နဲ့ချီ ထွက်ရှိနေတာပါ။ အိမ်၊ စားသောက်ဆိုင်၊ ဈေး အစရှိတဲ့ နေရာတွေက ထွက်လာတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်မှသာ ကျန်းမာရေးအတွက် အထောက်အကူ ပြုမှာဖြစ်ပါတယ်။ ဖြစ်သလို စွန့်ပစ်ထားတဲ့ အမှိုက်တွေ နောက်ဖေးလမ်းကြားမှာ၊ ရေမြောင်းထဲမှာ၊ လမ်းဘေးမှာ ရှိနေတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။
အမှိုက်ဆိုရာမှာ ပြန်လည်အသုံးပြုလို့ရတဲ့ အမှိုက်ရှိသလို ပြန်လည်မသုံးပြုမရတဲ့ အမှိုက်ရှိပါတယ်။ စက္ကူ၊ ပလတ်စတစ်ဘူး၊ ဘီယာဘူးခွံတွေဟာ ပြန်လည်အသုံးပြုလို့ရတဲ့ အမှိုက်တွေပါ။ အရင်ကထက်စာရင် ရန်ကုန်မှာ လမ်းထောင့်တွေ၊ ရပ်ကွက်တွေမှာ အမှိုက်ပုံးတွေကို စည်ပင်က ထားပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ တခုခက်နေတာက အမှိုက်ပုံးထဲမှာ အမှိုက်တွေ ပြည့်လျှံနေပေမဲ့ တချို့နေရာတွေမှာ အချိန်မှန် လာရောက်သိမ်းဆည်းမှု မရှိတော့ ပတ်ဝန်းကျင်မှာပါ အနံ့အသက် ဆိုးတွေ ရှူရှိုက်နေရတာပါ။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ ရှက်စရာကောင်းတယ်ဆိုတဲ့အသိ နည်းပါးနေသူတွေကြောင့် အမှိုက်ပြဿနာဟာ မြို့ပြအင်္ဂါရပ်ကို ခြိမ်းခြောက်နေတာလည်း ဖြစ်ပါတယ်။
လမ်းသွားရင်း ကွမ်းစားသူတွေက စည်းကမ်းမဲ့ လမ်းပေါ်မှာ ကွမ်းတံတွေး ထွေးချသလို စီးကရက်သောက်တဲ့သူတွေက မီးတောင်မငြှိမ်းဘဲ စီးကရက်တိုကို လမ်းပေါ် လွှင့်ပစ်ကြပါတယ်။ လမ်းဘေးဈေးသည်တွေ အတွက် အမှိုက်ပုံး ထားပေး ပေမယ့် စည်းကမ်းမဲ့ စွန့်ပစ်သူတွေ ရှိပါတယ်။ ကန်ထရိုက်တိုက်တွေမှာ လှေကားတလျှောက် အမှိုက်တွေပစ်ထားတာ မြင်မကောင်းအောင် ပါပဲ။ စီးကရက်တို၊ တစ်သျှူး၊ အချိုရည်ဘူးခွံတွေကို အများဆုံး တွေ့ရပါတယ်။
မြို့တော်ရန်ကုန်ရဲ့ နောက်ဖေးလမ်းကြားတွေဟာ အမှိုက်ပေါင်းစုနဲ့ အညစ်ပတ်တကာ့ အညစ်ပတ်ဆုံးနေရာ ဖြစ်နေပါတယ်။ ရှေ့ကကြည့်ရင် တိုက်က လှလှပပ ရှိသလောက် နောက်ဖေးလမ်းကြားမှာ ခြင်တွေ၊ ဖြုတ်တွေ၊ ကြွက်တွေနဲ့ အမှိုက်တွေက မင်းမူနေပါတယ်။
အထပ်မြင့်တိုက်မှာ နေထိုင်သူတွေ အနေနဲ့ စိတ်ဓာတ်ပါ အထက်တန်းကျဖို့ လိုပါတယ်။ တခါတုန်းက ကျမဟာ ၄၁ လမ်းက ရှစ်လွှာအထိရှိတဲ့တိုက်ရဲ့ မြေညီထပ်မှာ ငှားနေခဲ့ဖူးပါတယ်။ ဖြစ်ချင်တော့ ကျမတို့ ငှားနေတဲ့အခန်းက ရှေ့မှာ ကျူရှင်သင်တဲ့ အခန်းရှိပြီး နောက်က ပိုနေတဲ့နေရာကို အခန်းအဖြစ် ပြန်ဖွဲ့ထားတာပါ။ အဲဒီတော့ အခန်းရဲ့ ဖွဲ့စည်းမှုအရ နောက်ဖေး လမ်းကြားနဲ့ နီးသွားပါတယ်။ ည ၉ နာရီခွဲ၊ ၁၀ နာရီဝန်းကျင် ရောက်ရင် တဘုန်းဘုန်း၊ တဒိုင်းဒိုင်းနဲ့ အပေါ်ထပ်က ပုဂ္ဂိုလ် တွေက အမှိုက်တွေ ပစ်ချကြပါတယ်။ ညပိုင်းတင်လား ဆိုတော့ မဟုတ်ပြန်ဘူး၊ နံနက်အစောပိုင်းလည်း ပစ်ချပြန်ရော။ ပစ်ချတဲ့ အမှိုက်အမျိုးအစားက စုံလိုက်သမှ ဘုရားပန်း၊ စားကြွင်းစားကျန်၊ ရေသန့်ဗူးခွံက စလို့ အမျိုးသမီးသုံး ဂွမ်းထုပ်အထိပါပဲ။ မြင်မကောင်းအောင် များလာလို့ အနံ့ဆိုးတွေ နေ့တိုင်းရှူရသလို လာရှင်းတဲ့သူတွေလည်း မရှိလို့ နောက်ဆုံး ပြောင်းပြေးခဲ့ရပါတယ်။
“နောက်ဖေးလမ်းကြားသို့ အမှိုက်မပစ်ရ၊ တွေ့ရှိက ဒဏ်ငွေ တသောင်း” လို့ ဆိုပေမဲ့ အမှိုက်ပစ်ချ၊ မပစ်ချဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ စည်းကမ်းတွေ၊ ဥပဒေတွေ ဘယ်လောက်ပဲ ထုတ်ပြန်ထား၊ ထုတ်ပြန်ထား အမှန်တကယ် အရေးယူရမှာပါ။ စောင့်ကြည့်တာ မရှိရင် အမှိုက်တွေကို ပစ်ချမြဲ ပစ်ချနေကြမှာပါ။ ဒါ့အပြင် အမှိုက်သိမ်းဆည်းတဲ့ စနစ် မှန်ကန်ဖို့ လိုပါတယ်။ ခေါင်းလောင်းတီး စနစ်ကို ကျင့်သုံးမယ်ဆိုရင် အမှိုက်ကား (ဒါမှမဟုတ်) အမှိုက်လှည်းက အချိန်မှန်မှန် လာရမှာပါ။ ခေါင်းလောင်းတီး စနစ် မဟုတ်ရင်၊ အမှိုက်ကား မလာနိုင်ရင် အမှိုက်ပုံးတွေကို လမ်းတိုင်းမှာ ထားပေးသင့် ပါတယ်။
တချို့တွေက အမှိုက်ကို စနစ်တကျ စွန့်ပစ်ချင်တဲ့ စိတ်ရှိပေမယ့် သူတို့နေတဲ့နေရာ အနီးတဝိုက်မှာ အမှိုက်ပုံးမရှိလို့ အခက်တွေ့ရတာလည်း ရှိပါတယ်။ အမှိုက်သိမ်းတဲ့ လှည်းက အချိန်မှန် မလာရင်၊ အမှိုက်ပုံး မရှိရင် စည်းကမ်းမဲ့ အမှိုက် ပစ်မိအောင် တွန်းပို့သလို ဖြစ်နေတာ သတိပြုသင့်ပါတယ်။ ဈေးဝယ်စင်တာတွေက ပေးတဲ့ အိတ်တွေကို အမှိုက်အိတ်တွေ အဖြစ် ပြန်အသုံးပြုနိုင်ရင် တော်တော်လေး အဆင်ပြေနိုင်ပါတယ်။ ဖြစ်နိုင်ရင် အဖြူရောင်အိတ်တွေ မသုံးဘဲ အစိမ်း၊ အပြာ အစရှိသဖြင့် အိတ်တွေကို အရောင် သတ်မှတ်ထားရင် အမှိုက်အိတ် သီးသန့်ထပ်ဝယ်စရာ မလိုတော့ပါဘူး။
ကျမသူငယ်ချင်း တယောက်က သန်လျင်မှာနေပြီး အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ချင်သူပါ။ သူက အပြင်သွားရင်း အမှိုက်ထုပ်ကို အပင်ပန်းခံ သယ်ခဲ့ပေမယ့် အနီးဝန်းကျင်မှာ အမှိုက်ပုံးမရှိတော့ အခက်တွေ့ရတယ်လို့ ဆိုပါတယ်။ အမှိုက်လှည်းက အချိန်မှန် မလာတဲ့အခါ အမှိုက်ပစ်ဖို့ အဆင်မပြေပါဘူးတဲ့။
ထိုင်းနိုင်ငံမှာရှိတဲ့ တချို့မြို့တွေမှာဆိုရင် ရပ်ကွက်တံဆိပ် ရိုက်ထားတဲ့ အမှိုက်အိတ်တွေကို အလွယ်တကူ ဝယ်ယူ ရနိုင်တယ်လို့ ကြားဖူးပါတယ်။ အမှိုက်အိတ် တအိတ်ကို ၈ ဘတ် ပေးရပြီး အမှိုက်ထည့်ထားတဲ့အိတ်ကို အိမ်ရှေ့မှာချထားရင် ၂ ရက်တခါ အမှိုက်လာသိမ်းတော့ တော်တော်လေး အဆင်ပြေပါတယ်။
အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တတ်ဖို့ အရေးကြီးသလို စနစ်တကျ သိမ်းဆည်းတတ်ဖို့ အရေးကြီးပါတယ်။ ဒါ့ထက်ပိုပြီး အရေးကြီးတာက အမှိုက်တွေကို တွေ့ကရာနေရာ လွှင့်ပစ်တတ်တဲ့၊ အောက်တန်းကျတဲ့ စိတ်ဓာတ်ကို ပြင်ဆင်ဖို့ပါ။ မလေးရှားက ပြန်လာတဲ့ ကဗျာဆရာတယောက်က ပြောဖူးပါတယ်။ မလေးရှားမှာ ရပ်ထားတဲ့ ကားတွေပေါ် ကွမ်းတံတွေး ထွေးချပြီဆိုရင် “ မြန်မာတွေပဲ” လို့ ပြောလေ့ရှိသတဲ့။ စည်းကမ်းမဲ့တဲ့ စရိုက်ကို ဖျောက်ပစ်လို့ မရနိုင်ဘူးဆိုရင် နိုင်ငံရပ်ခြားမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးရဲ့သိက္ခာ ကျဆင်းစေတယ်ဆိုတာ မမေ့သင့်ပါဘူး။
မြို့ပတ်ရထားပေါ်မှာဆိုရင် နေကြာစေ့စားသူကစား၊ ဟင်းသီးဟင်းရွက်တွေကို ပြန်စည်း၊ နေကြာစေ့ခွံတွေကို ရထားကြမ်းပြင် ပေါ်မှာ လွှင့်ပစ်၊ ဟင်းသီးဟင်းရွက် လှီးဖြတ်ရာက ထွက်လာတဲ့ အမှိုက်တွေနဲ့ မြင်မကောင်းအောင်ပါပဲ။ ရေစီးရေလာ ကောင်းရမယ့် ရေမြောင်းမှာလည်း အမှိုက်တွေနဲ့ ပိတ်ဆို့နေတော့ မိုးနည်းနည်းရွာလိုက်တာနဲ့ ရေလျှံလာပါတယ်။
ကျမ ရောက်ခဲ့ဖူးတဲ့ ပဲခူးမြို့နယ်၊ ကျောက်တန်းကျေးရွာက “ပန်းပျိုးလက်” ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဟာ ၁၆ ဧကနီးပါး ကျယ်ဝန်းပါတယ်။ အံ့သြစရာကောင်းတာက အဲဒီလောက်ကျယ်ဝန်းတဲ့ ဧရိယာမှာ ဟိုတစ၊ ဒီတစ ပြန့်ကျဲနေတဲ့ အမှိုက်ရယ်လို့ မတွေ့ရတာပါပဲ။ အကြောင်းက အမှိုက်ပုံးတွေကို အရောင်ခွဲခြားပြီး စနစ်တကျ ထားရှိပေးလို့ပါ။ အမှိုက်စွန့်ပစ်ရင် မြေသြဇာဖြစ်စေတဲ့ အမှိုက်၊ ပြန်လည်အသုံးပြုလို့ရတဲ့ အမှိုက်ဆိုပြီး သူ့အမှိုက်ပုံးအလိုက် ပစ်စေပါတယ်။
အဲဒီလို ပြန်လုပ်စီမံထားတဲ့အတွက် ကျောင်းသားကလေးတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တဘက်က နားလည် သဘောပေါက်လာသလို၊ အမှိုက်ကို စည်းကမ်းမဲ့ ပစ်တတ်တဲ့ အကျင့်လည်း မရှိတော့ပါဘူး။
အမှိုက်တွေထဲမှာ အလွယ်တကူ မဆွေးမြည့်နိုင်တဲ့ ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို တတ်နိုင်သလောက် လျှော့ချပေးသင့်ပါတယ်။ အခုကျတော့ လက်ဖက်ရည်ဝယ်လည်း ကြွပ်ကြွပ်အိတ်၊ ဟင်း၊ ထမင်းဝယ်လည်း ကြွပ်ကြွပ်အိတ် ဖြစ်နေတော့ ကြွပ်ကြွပ်အိတ်တွေကို ရေမြောင်းထဲများနေရင် ဘယ်လိုမှ ရေစီးရေလာ မကောင်းနိုင်တော့ပါဘူး။ စည်ပင်ကနေ အမှိုက်အိတ် ဝယ်ယူနိုင်တယ် ဆိုပေမယ့် တချို့နေရာတွေမှာ ဝယ်လို့မရတာ၊ အနည်းဆုံး ၁၀ အိတ်မှ ရောင်းမယ်ဆိုတာ တွေ့ဖူးပါတယ်။ အမှိုက်အိတ်ကို ဘယ်သူမဆို လက်လှမ်းတမီနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။
စွန့်ပစ် အမှိုက်ကနေ လျှပ်စွမ်းစွမ်းအင် ထုတ်ယူမယ်ဆိုတဲ့ သတင်းတွေကြားရတော့ ဝမ်းမြောက်မိတာ အမှန်ပါ။ အမှန်တကယ်သာ အကောင်အထည် ပေါ်လာမယ်ဆိုရင် လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို တဘက်တလမ်းက ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်သလို၊ အမှိုက်တွေလည်း အလဟသ မဖြစ်တော့ပါဘူး။ ရန်ကုန်မြို့ကနေ ထွက်ရှိတဲ့ အမှိုက်ဟာ တနေ့မှာ တန်ချိန် ၁၆၅၀ ရှိနေတယ်လို့ သိထားပါတယ်။
မြို့ပြအင်္ဂါရပ်မှာ တိုက်တာ အဆောက်အဦတွေ လှပနေရုံနဲ့ မပြည့်စုံသေးပါဘူး။ တနေ့ တနေ့ထွက်ရှိလာတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့၊ အမှိုက်သိမ်းစနစ် မှန်ကန်ဖို့၊ အမှိုက်သိမ်းတဲ့အချိန် မှန်ကန်ဖို့ အထူးအရေးကြီးပါတယ်။ အမှိုက် သိမ်းဆည်းရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စနစ်တကျ စီမံခန့်ခွဲရမှာ ဖြစ်သလို ပြည်သူတွေဘက်ကလည်း တာဝန်ယူမှုရှိရှိနဲ့ အမှိုက်စွန့်ပစ်တတ် သူတွေ ဖြစ်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။