Politics

အိုဘားမား နှင့် ဒလိုင်းလားမား တွေ့ဆုံမှု တရုတ် ကန့်ကွက်

This article has been converted from Zawgyi One to Unicode

အမေရိကန် သမ္မတ အိုဘားမားက တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်က ဝါရှင် တန် ဒီစီ ရှိ သမ္မတ အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံလိုက်ခြင်းကို တရုတ် အစိုးရက ပြင်းထန်စွာ ဝေဖန်ကန့်ကွက်လိုက်သည်။

အိုဘားမားနှင့် ဒလိုင်းလားမားတို့၏ ၃ ကြိမ်မြောက် ယခုတွေ့ဆုံမှုသည် ယခင်အကြိမ်များကဲ့သို့ မဟုတ်ဘဲ အမေရိကန် အစိုးရက ထိလွယ်ရှလွယ်သော သံတမန်ရေးရာ အခြေအနေများမှ ရှောင်လွှဲနိုင်စေရန် ဂရုတစိုက် ဆောင်ရွက်ခဲ့သည့် အသွင်ရှိကြောင်း The New York Times သတင်းစာက ရေးသားသည်။

သမ္မတ အိုဘားမားက ဒလိုင်း လားမားကို အိမ်ဖြူတော်ရှိ မြေပုံခန်းတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အစဉ်အလာအရ နိုင်ငံခြားခေါင်း ဆောင်များ၊ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ဆုံလေ့ရှိသည့် ဘဲဥပုံရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့ခြင်း မဟုတ်ပေ။

အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ၏ Twitter စာမျက်နှာတွင်လည်း“သမ္မတကြီးက အခုအချိန်မှာ ဘာသာရေးနဲ့ယဉ်ကျေးမှုခေါင်းဆောင်အဖြစ် လေးစားမှု ခံယူရရှိထားတဲ့ ဒလိုင်းလားမားနဲ့ တွေ့ဆုံနေ ပါတယ်”ဟု ဖော်ပြခဲ့ပြီး ဒလိုင်းလားမား အိမ်ဖြူတော် သို့ ရောက်လာသည့် မြင်ကွင်းကိုလည်း သီးခြား ထုတ်ပြန်ခြင်း မရှိပေ။

ဒလိုင်းလားမားကို “သိုးရေခြုံထားသည့် ဝံပုလွေ၊ တိဘက် လွတ်လပ်ရေး ဆောင်ရွက်နေသူ” စသဖြင့် စွပ်စွဲလေ့ရှိသည့် တရုတ်နိုင်ငံ က အမေရိကန်က တွေ့ဆုံမည်ဆိုသော ကြေညာချက် ထွက်ပေါ်လာသည့် ဖေဖော်ဝါရီ ၂၀ ရက်ကတည်းကပင် ချက်ချင်း ပြင်း ထန်စွာ ကန့်ကွက်ခဲ့သည်။

“တရုတ်နိုင်ငံက ဒီကိစ္စကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်”ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ပြောကြားသည်။

“အမေရိကန် အစိုးရက တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို အလေးအနက်ထားတဲ့ အနေနဲ့ အခုလိုတွေ့ဆုံမယ့် အစီအစဉ်ကို အမြန်ဆုံး ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်”ဟုလည်း Hua Chunying က ဆိုသည်။

ဒလိုင်းလားမားကို ဘာသာရေးကို အကာအကွယ်ယူပြီး တရုတ်ဆန့်ကျင်ရေး၊ ခွဲထွက်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသော နိုင်ငံ ရေး သမား ပြည်ပြေးတယောက် အဖြစ်လည်း ပုံဖော် ပြောဆိုသည်။

သမ္မတ အိုဘားမားနှင့် ဒလိုင်းလားမားတို့ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ နှင့် ၂၀၁၁ ခုနှစ် ဇူလိုင်လ တို့တွင် တွေ့ဆုံခဲ့စဉ်ကလည်း တရုတ်နိုင်ငံက အလားတူ တုံ့ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၀၉ ခုနှစ်က ပထမဆုံး တွေ့ဆုံရန် ဖြစ်သော်လည်း တရုတ်သမ္မတ၏ ပထမဆုံး အမေရိကန်ခရီးစဉ် မတိုင်မီဖြစ်နေသဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမပျက်စေရန် သမ္မတ အိမ်ဖြူတော်က အချိန်ဆွဲထားခဲ့သည်။

ဒလိုင်းလားမားနှင့် နိုင်ငံတကာ ခေါင်းဆောင်များတွေ့ဆုံခြင်းကို လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းကပင် တရုတ်နိုင်ငံက အမြဲ ဆန့်ကျင် ကန့်ကွက်ခဲ့သည်။
ဖေဖော်ဝါရီ၂၀ ရက်နေ့ညက ထုတ်ပြန်ခဲ့သော အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ၏ ကြေညာချက်တွင် ပြောရေး ဆိုခွင့်ရှိသူ Caitlin Hayden က“အမေရိကန် ပြည်ထောင်စုက ဒလိုင်းလားမားကို အလယ်အလတ်လမ်းစဉ်နဲ့ ထောက်ခံသွားမှာပါ”ဟု ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ဒလိုင်းလားမား ကို ထောက်ခံသည်ဆိုသည်မှာ ဒလိုင်းလားမား တောင်းဆိုနေသည့် ပိုမို ကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရေးကို ထောက်ခံခြင်းဖြစ်ပြီး တိဘက်ဒေသသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အစိတ်အပိုင်းတခု ဖြစ်သည်ကို သိရှိပါကြောင်း တုံ့ပြန်ခဲ့သည်။

“တိဘက် လွတ်လပ်ရေးကို မထောက်ခံပါဘူး”ဟုလည်း Caitlin Hayden က ပြောသည်။

“တရုတ်နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ရှိဖို့ အမေရိကန်က လေးလေးနက်နက် ထောက်ခံပါတယ်၊ တရုတ်နိုင်ငံ တိဘက်ဒေသမှာ ဆက်လက်ရှိနေတဲ့ တင်းမာမှုတွေနဲ့ ဆိုးဝါးလာနေတဲ့ လူ့အခွင့်အရေး အခြေအနေ နဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်နေပါတယ်”ဟု Caitlin Hayden က ဆက်လက် ပြောကြားသည်။

ထို့အပြင် Caitlin Hayden က တရုတ်အစိုးရနှင့် ဒလိုင်းလားမား သို့မဟုတ် သူ၏ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးရေး အတွက် အမေရိကန် က ထပ်မံ တောင်းဆိုသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ယခုနှစ် လာမည့် ဧပြီလတွင် သမ္မတ အိုဘားမား၏  အာရှခရီးစဉ်အဖြစ် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နှင့် မလေးရှား စသည့် နိုင်ငံများသို့ သွားရောက်ရန် ရှိနေရာ ထိုနိုင်ငံများသည် တရုတ်နိုင်ငံနှင့် ရေပိုင်နက်ကိစ္စ အငြင်းပွားနေသည့် နိုင်ငံများဖြစ်နေသည်။

တချိန်တည်းတွင် တရုတ်နှင့် အမေရိကန်သည် အီရန်၊ မြောက်ကိုရီးယား စသည့် နိုင်ငံတကာရေးရာ ကိစ္စများတွင်၂ နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် အချင်းချင်း အပြန်အလှန် မှီခိုရမည့် ပူးပေါင်းဖြေရှင်းရမည့် အကြောင်းများလည်း ရှိနေသည်။

ထို့အပြင် တရုတ်သည် အမေရိကန်၏ အကြီးဆုံးနိုင်ငံခြား မြီရှင်နိုင်ငံလည်း ဖြစ်ပြီး တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်များ ဝယ်ယူမှုသည် ယမန်နှစ် ဂျူလိုင်လ ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၁.၂၈ ထရီလီယံ တန်ဖိုးရှိပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယခုအပတ်အတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိတဦးက “လူ့အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံတကာ ဖိအားများကို အရေး မထားကြောင်း ပြောကြားလိုက်ပြီး ဒလိုင်းလားမားနှင့် တွေ့ဆုံသော နိုင်ငံခြားခေါင်းဆောင်များသည် ၎င်းတို့ လုပ်ရပ်အတွက် ပြန် လည် ပေးဆပ်ရမည်”ဟု ပြောဆိုလိုက်သည်။

၂၀၁၁ ခုနှစ်အတွင်းက သမ္မတ အိုဘားမားနှင့် ဒလိုင်းလားမားတို့ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြစဉ်ကလည်း တရုတ်အစိုးရကို အမျက်ထွက်စေခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းကြောင့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံကြီး ၂ခုကြားမှ ဆက်ဆံရေးကို ထိခိုက် နစ်နာ စေလိမ့်မည်ဟုလည်း တရုတ်က သတိပေး ပြောဆိုခဲ့သည်။

တရုတ်အစိုးရက ၎င်းတို့၏ ဘာသာရေးဆိုင်ရာ အလေ့အထများ လိုက်နာကျင့်သုံးမှုကို ဖိနှိပ်ထိန်းချုပ်ထားသည့်အတွက် ပြီးခဲ့သည့် နှစ်များ အတွင်း တိဘက်လူမျိုး ၁၂၀ ကျော်သည် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ၍ ဆန္ဒပြခဲ့ကြသည်။

ဝါရှင်တန်အခြေစိုက် International Campaign for Tibet မှ အစိုးရ ဆက်ဆံရေး ဒါရိုက်တာ Todd Stein က သမ္မတ အို ဘား မား နှင့် ဒလိုင်းလားမား တို့၏ တွေ့ဆုံမှုသည် ဟိမဝန္တာဒေသ၏ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် အမေရိကန်နိုင်ငံ၏ ထောက်ခံမှုကို ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုပြီး သူတို့နှစ်ဦး၏ တွေ့ဆုံမှုကို ကြိုဆိုလိုက်သည်။
“သမ္မတအိုဘားမားရဲ့ ဒလိုင်းလားမားကို လက်ခံတွေ့ဆုံမှုဟာ ဒလိုင်းလားမား ရဲ့အလုပ်၊ သူ့ရဲ့သတင်းစကားနဲ့ သူ့ရဲ့ အကြောင်း တရားတွေကို ဆက်လက်ပြီး ထောက်ခံမယ်လို့ ပြသလိုက်တာပါပဲ”ဟု Todd Stein က ဆိုသည်။

သမ္မတအိုဘားမားနှင့် မတွေ့ဆုံမီ တိုင်းမ် မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဒလိုင်းလားမားက တရုတ်သမ္မတ ရှီကျင်းဖျင် (Xi Jinping)ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ရဲရဲဝံ့ဝံ့လုပ်ဆောင်နေသူ အဖြစ် ချီးမွမ်းပြောဆိုခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ သတင်းမီဒီယာများ အပေါ် စိစစ်ဖြတ်တောက်ရေး စနစ်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး တရားစီရင်ရေး စနစ်သည်လည်း နိုင်ငံတကာ စံနှုန်းများ နှင့် အညီ ပြုပြင်ရန် လိုအပ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဝါရှင်တန်မြို့သို့ ရောက်ရှိနေသော ဒလိုင်းလားမားက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြည်သူ့ရေးရာ ပေါ်လစီ သုတေသန အဖွဲ့အစည်း တခုဖြစ်သည့် American Enterprise Institute နှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြားရာတွင် တိဘက် ကိစ္စကို ထည့်သွင်း ပြောဆိုသွားခြင်း မရှိခဲ့ပေ။

ကမ္ဘာတွင် လိုအပ်နေသော “စာနာမှု၊ သည်းခံမှုနှင့် ခွင့်လွှတ်မှု”များ အကြောင်းကိုသာ ဒလိုင်းလားမားက ယေဘုယျအနေဖြင့် ပြော ကြားသွားခဲ့သည်။

တရုတ်ကွန်မြူနစ် တပ်ဖွဲ့များက တိဘက်ကို ၁၉၅၀ ပြည့်နှစ်တွင် ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် တရုတ်အစိုးရက ထိုလုပ်ရပ် ကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသတွင်ရှိသော တိဘက်ဒေသသည် ဆင်းရဲနွမ်းပါးမှု၊ ခေါင်းပုံဖြတ်ခံနေရမှုနှင့် စီးပွားရေး နောက်ကျမှုများမှ “ငြိမ်းချမ်းစွာလွတ်မြောက်” နိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

၁၉၅၉ ခုနှစ်တွင် တရုတ်အစိုးရ၏ အုပ်စိုးမှုကို ဆန့်ကျင်သည့် တော်လှန်ရေးတခု ကျဆုံးခဲ့ရပြီးနောက် တိဘက်ခေါင်းဆောင် ဒလိုင်းလားမား အိန္ဒိယနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်မှာ ယနေ့အထိပင် ဖြစ်သည်။

အခြားသော ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသူများ နှင့် လူ့အခွင့်အရေးအဖွဲ့များကမူ တရုတ်အစိုးရက တိဘက်တို့၏ ဘာသာ ရေး၊ ယဉ်ကျေးမှု နှင့် ဘာသာစကားဆိုင်ရာ အခွင့်အရေးများကို ပြင်းထန်စွာ ဖိနှိပ်ခဲ့ပြီး တင်းကျပ်သည့် နည်းလမ်းများဖြင့် အုပ်ချုပ် ခဲ့သည်ဟု ဝေဖန် ပြောဆိုကြသည်။

Loading