မြန်မာပြည်မှာ တချို့ နိုင်ငံရေးသမားတွေက အပြောပဲတော်တယ်။ အလုပ်ညံ့တယ်၊ တချို့က အပြောလည်း ညံ့တယ်၊ အလုပ်လည်းညံ့တယ်၊ တချို့က အပြောရော၊ အလုပ်ပါ၊ ညံ့ရုံမက စိတ်နေစိတ်ထားပါ ညံ့နေတယ်။ အာဏာရှင်ဆန်တဲ့ အပြောအဆို၊ အမူအကျင့်တွေ၊ စိတ်နေ စိတ်ထားတွေ တနေ့တခြား ပေါ်လာနေတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတာကို လူတွေ စိတ်ပျက်ရုံမက သည်းမခံနိုင်တဲ့ အခြေအနေကို ဦးတည်နေပါတယ်။ မြန်မာနိုင်ငံရေးသမားတွေ အတုယူလေ့လာသင့်တဲ့ လူတယောက် ရှိပါတယ်။ The City Mayor Foundation က ရွေးချယ်တဲ့ ကမ္ဘာ့အကောင်းဆုံး မြို့တော်ဝန်တွေထဲမှာ တတိယ ဆုရထားတဲ့ ဂျာကာတာမြို့တော်ဝန် ဂျိုကို ဝီဒိုဒို ဖြစ်ပါတယ်။ “ဂျိုကိုဝီ” လို့ပဲ လူသိများပါတယ်။
သိကြတဲ့အတိုင်း အင်ဒိုနီးရှားဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီဆီကို ချီတက်နေဆဲ နိုင်ငံတနိုင်ပါပဲ။ မကြာခင်က ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာပြည်က နိုင်ငံရေးသမားတွေလည်း ဂျာကာတာကိုရောက်ပြီး အင်ဒိုနီးရှားဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားကျတဲ့အကြောင်းပြောတဲ့ သတင်းတွေ ဖတ်ရပါတယ်။ အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခရီးက ဆယ့်ငါးနှစ်ထဲမှာ ရောက်နေပါပြီ။ ဒီနှစ်မှာ ထူးခြားတာကတော့ သမ္မတ သက်တမ်း နှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာလမ်း ဆုံးသွားပါပြီ။ ဧပြီလမှာ လွှတ်တော် ရွေးကောက်ပွဲနဲ့ ဇွန်၊ ဇူလိုင်မှာ သမတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပါတယ်။ လာမယ့် ခြောက်လ အတွင်း အင်ဒိုနီးရှားမှာ ဒီမိုကရေစီ ဒုတိယလှိုင်းကို မြင်တွေ့ရဖို့ ရှိပါတယ်။
လွန်ခဲ့တဲ့ လတချို့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကို ရောက်ခဲ့ပါတယ်။ ဂျာကာတာ ခရီးမှာ ကျနော် စကားပြောခွင့်ရတဲ့ နိုင်ငံရေးသမားတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ မီဒီယာသမားတွေကြည့်ရတာ စစ်လောင်းရိပ်ကနေ ရုန်းထွက်ချင်နေကြတဲ့ ပုံပါပဲ။ အာဏာရှင်စနစ် လောင်းရိပ်မကင်းတဲ့၊ အာဏာရှင် စရိုက်မပျောက်တဲ့ နိုင်ငံရေးသမားတွေကို ငြီးငွေ့နေပုံပါပဲ။ ဒါကပဲ အင်ဒိုနီးရှားတဲ့ ဒီမိုကရေစီ အနာဂတ် ဖြစ်ပါလိမ့်မယ်။ ဒီနှစ်သမ္မတ ရွေးကောက်ပွဲအတွက် ရေပန်းအစားဆုံးက မြို့တော်ဝန် ဂျိုကိုဝီပါ။ သူ့ရဲ့ ထူးခြားချက်က ရေမရောတဲ့ အရပ်သားစစ်စစ်ဖြစ်ပါတယ်။ နိုင်ငံရေးမျိုးရိုးလည်း မရှိပါဘူး။ လက်သမားသားဖြစ်ပါတယ်။ အင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့ပြီးနောက် ပရိဘောဂလုပ်ငန်းနဲ့ အောင်မြင်ပြီးမှ နိုင်ငံရေး လောကထဲ ဝင်ခဲ့ပါတယ်။ ဂျာဗား အလယ်ပိုင်း ဆိုလို မြို့တော်ဝန် ဘဝမှာကတည်းက ဂျိုကိုဝီဟာ ရိုးသားသူ၊ ကြိုးစားသူ၊ အောက်သက်ကျေသူ၊ စာနာတတ်သူစတဲ့ ပညာတတ်တယောက်ရဲ့ အမူအကျင့်၊ ဒီမိုကရက်တယောက်ရဲ့ အကျင့်စရိုက်တွေနဲ့ နာမည်ကျော်သူ ဖြစ်ပါတယ်။
“ဗလူစူကန်” ဆိုတဲ့ စကားလုံးနဲ့ ဂျိုကိုဝီကို ခွဲခြားမရပါဘူး။ “ဗလူစူကန်” ဆိုတာက လူမသိသူမသိ ဇနပုဒ်တွေအထဲ ကွင်းဆင်းပြီး အခြေအနေကို လေ့လာတာပါ။ မြို့တော်ဝန်ဟာ စနေ၊ တနင်္ဂနွေတောင် နားရက်မယူပါဘူး။ ရုံးမှာ ထိုင်တဲ့အချိန်ဆိုတာက တကယ့်ကို ရှားရှားပါးပါးပါပဲ။ “တရက်မှာ တနာရီလောက် ရုံးထိုင်ရင် တော်ရောပေါ့” ဆိုတာ ဂျိုကိုဝီ ရဲ့ လက်သုံးစကားပါ။ ကျန်တဲ့အချိန်တွေမှာ ခေတ်အဆက်ဆက် ဘယ်အရာရှိမှ မသွားတဲ့ ချောင်ကြိုချောင်ကြားတွေကို သွား၊ ဘယ်အရာရှိမှ နားမထောင်တဲ့ သာမန်ပြည်သူတွေရဲ့ ခံစားချက်တွေကို နားထောင်ပါတယ်။ မြို့တော်ဝန်လစာကိုတောင် ငြင်းဆန်တဲ့ ဂျိုကိုဝီဟာ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ စံပြဖြစ်နေပါတယ်။ မလိုအပ်ဘဲ ကိန်းကြီးခန်းကြီးဆန်တဲ့ ဗျူရိုကရေစီ ကြိုးနီစနစ်တွေကို ရှင်းထုတ်ပစ်ပါတယ်။ မြို့တော်ဝန်ကိုယ်တိုင်က အောက်ခြေကို ဆင်းတဲ့အခါ၊ ပြည်သူတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ စကားပြောတဲ့အခါ အောက်ခြေအရာရှိတွေကလည်း ရေသာခိုဖို့၊ မရိုးမသားလုပ်ဖို့ ရှက်လာတယ်၊ ကြောက်လာတယ်။ “ကျနော် ရောက်သွားရင် ပြဿနာက ၇၀ ရာခိုင်နှုန်းလောက် ပြေလည်သွားတာပဲ” လို့ အကြွားအဝါမရှိတဲ့ ဂျိုကိုဝီက ပြောတယ်။
ပြည်သူတွေ အပေါ် ဝန်ပိနေတဲ့ ဗျူရိုကရေစီကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။ ဗျူရိုကရေစီဆိုတာ ပြည်သူကို အာဏာပြဖို့မဟုတ်ဘူး။ ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ ပြည်သူ့ဝန်ထမ်းစနစ်ဖြစ်တယ်။ ခေါင်းဆောင်ဆိုတာ အာဏာပြသူမဟုတ်ဘူး၊ အဆင့်နေရာမဟုတ်ဘူး။ အပြောင်းအလဲကို လမ်းပြသူ၊ ကိုယ့်ရဲ့ အမြင်၊ ကိုယ်ရည်ကိုယ်သွေး၊ တန်ဖိုးတွေကို တခြားလူတွေနဲ့ မျှဝေ ဖလှယ်သူ ဖြစ်တယ်ဆိုတာကို လက်တွေ့ပြသပါတယ်။ အာဏာရှင်စနစ်အရိပ်အောက်ကနေ မလွတ်မကျွတ်သေးတဲ့ အင်ဒိုနီးရှားလို နိုင်ငံမှာ “ပြည်သူဟာ ခေါင်းဆောင်ရဲ့ လက်အောက်ခံမဟုတ်ဘူး၊ ခေါင်းဆောင်က ပြည်သူကို အလုပ်အကျွေးပြုရတယ်” ဆိုတာကို လက်တွေ့လုပ်ပြခဲ့သူဖြစ်ပါတယ်။ အကျင့်ပျက်ခြစားတဲ့ အင်ဒိုနီးရှား နိုင်ငံရေးအသိုင်းအဝိုင်းမှာ သူဟာ ရွှံ့နွံတွေထဲက ထိုးထွက်လာတဲ့ ကြာဖြူတပွင့်နဲ့ တူပါတယ်။
၂၀၁၀ ဆိုလို မြို့တော်ဝန် ရွေးကောက်ပွဲမှာ ၉၀ ရာခိုင်နှုန်းကျော် အနိုင်ရပြီး ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်နေတုန်း ဂျာကာတာမြို့တော်ဝန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပါတီက တာဝန်ပေးတယ်။ ဂျာကာတာမှာလည်း တခဲနက် အနိုင်ရပြီး ၂၀၁၂ ခုနှစ်ကစလို့ ဂျာကာတာ မြို့တော်ဝန်အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။ မြို့တော်ဝန်သက်တမ်းက ၂၀၁၇ ခုနှစ်အထိ ဆိုပေမယ့် လွန်ခဲ့တဲ့ လတွေအတွင်း အကြိုစစ်တမ်းတွေမှာတော့ ဂျိုကိုဝီဟာ လူကြိုက်အများဆုံး သမတလောင်း ဖြစ်နေပြန်တယ်။ ဒါကြောင့် ပါတီခေါင်းဆောင် မေဃာဝါဒီက အိုကေဆိုရင် ဇူလိုင်လ သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ ဒါပေမယ့် ဂျိုကိုဝီကတော့ သမ္မတလောင်းဖြစ်ရေး၊ မဖြစ်ရေး ကိစ္စကို အထူးစိတ်ဝင်စားမနေပါဘူး၊ “သိချင်ရင် မေဃာဝါဒီ ကိုသာ မေးပါဗျာ၊ ကျနော်အနေနဲ့တော့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ဖို့ပဲ” လို့ မီဒီယာတွေကို ဖြေလေ့ရှိတယ်။
တကယ်လည်း ဂျာကာတာ မြို့တော်ဝန်ဘဝမှာ ဂျိုကိုဝီကို စိန်ခေါ်နေတဲ့ အဓိက ပြဿနာတွေက မနည်းပါဘူး။ အချိန်တို အတွင်းမှာ ပြေလည်သွားမယ့် ပြဿနာတွေ မဟုတ်ပေမယ့် လက်တွေ့ကျကျ ဆောင်ရွက်နေတာကိုတော့ အမှတ်ပေးကြပါတယ်။ ဥပမာ ရေကြီးတဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ရေမြောင်းစနစ်တွေကို ပြင်တယ်။ မြစ်ကို ချဲ့တယ်၊ ရေစီးရေလာကို ပိတ်နေတဲ့ အိုးအိမ် စီမံကိန်းတွေကို ဖျက်သိမ်းတယ်။ မြစ်ကမ်းပါးမှာ နေထိုင်တဲ့ မိသားစုတွေကို အမြင်ပိုင်းမှာ အခြေတကျဖြစ်အောင် နေရာချပေးတယ်။
ကားကျပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လမ်းတွေကို ချဲ့တယ်။ မိုးပျံလမ်းတွေနဲ့ မြေအောက် ရထား စနစ်တွေကို ဆောင်ရွက်နေပါပြီ။ လမ်းကျပ်ရတဲ့ နောက်အကြောင်းတခုဖြစ်တဲ့ လမ်းဘေး ဈေးသည်တွေကိုလည်း စနစ်တကျနေရာချနိုင်ဖို့ စီစဉ်တယ်။ ဆိုလို မြို့တော်ဝန်ဘဝမှာလည်း လမ်းဘေးဈေးသည်တွေကို နေရာချပေးတဲ့ ကိစ္စကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဈေးသည်တွေနဲ့ အကြိမ်ပေါင်း ၅၀ လောက် နေ့လည်စာ စား၊ ညှိနှိုင်းဆွေးနွေးပြီး ဈေးသစ်တခုမှာ နေရာချပေးခဲ့တယ်။ ကိုယ်တိုင်လည်း ဆွေးနွေး၊ ဈေးသည်တွေ ပြောတာကိုလည်း နားထောင်တယ်၊ တောင်းဆိုချက်တွေကို လေးလေးနက်နက် စဉ်းစားတယ်။ အချက်အလက်တွေကို ရယူပြီး အများစု လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးနိုင်တယ်။
ဗျူရိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အခုဆိုရင် ဂျာကာတာမြို့တော် ဗျူရိုကရေစီ ယန္တယားမှာ အလုပ်ရဖို့အတွက် အကပ်ကောင်းရုံ၊ လာဘ်ကောင်းရုံနဲ့ မရတော့ဘူး၊ စာမေးပွဲ ဖြေရတယ်။ အခွန်စနစ်၊ လုပ်ငန်းလိုင်စင်တွေကို အွန်လိုင်းစနစ် ပြောင်းလဲလိုက်လို့ အချိန်ကုန်သက်သာရုံမက ကြားမှာ မရိုးမသား အမြတ်ထုတ်တဲ့ ကိစ္စတွေကိုလည်း ရှင်းထုတ်ပြီးသားဖြစ်သွားတယ်။
ဆင်းရဲသားတွေ သက်သာချောင်ချိရေးပေါ်လစီကို အကောင်အထည်ဖော်နေတာ အတော် ခရီးရောက်နေပါပြီ။ ဂျာကာတာမြို့ပေါ်က ဆင်းရဲသားတွေနဲ့ ဝင်ငွေနည်းတဲ့ မိသားစုတွေအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စတင်အကောင်အထည်ဖော်တယ်။ ရောဂါအမျိုးမျိုးထဲမှာ ကင်ဆာ ဓာတ်ကင်တဲ့ အထိ ပါဝင်တယ်။ ရောဂါအခြေအနေကို ကြည့်ပြီး တတိတန်းစား လူနာဆောင်၊ ဒုတိယတန်းစား လူနာဆောင် စသဖြင့် တက်ရောက်ခွင့်ပြုထားတယ်။ ဒီအစီအစဉ်က အောင်မြင်လို့ အင်ဒိုနီးရှား တနိုင်ငံလုံး အကောင်အထည်ဖော်နိုင်မလားဆိုတာကို စောင့်ကြည့်နေရတဲ့ အဆင့်ကို ရောက်နေပါပြီ၊
အခမဲ့ ပညာရေးစနစ်ကိုလည်း အစွန်အဖျားကျေးရွာတွေမှာ စတင် အကောင်အကောင်အထည် ဖော်နေပါတယ်။ ပညာသင်ထောက်ပံ့ကြေးမှာ အကျုံးဝင်တဲ့ ကျောင်းသားတွေဟာ အစိုးရ ကျောင်းတက် သည် ဖြစ်စေ၊ အပြင်ကျောင်း တက်သည် ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်သည် ဖြစ်စေ၊ ကျောင်းစရိတ်အပြင် ကျောင်းလှုပ်ရှားမှု၊ ကျောင်းဝတ်စုံ၊ စာအုပ်၊ ဖိနပ်၊ အဟာရ၊ ကျောင်းကြိုပို့အတွက် ကုန်ကျစရိတ်တွေကို ထောက်ပံ့ပေးပါတယ်။
မြို့တော်ဝန်ရဲ့ ရုံးခန်းက အားလုံးအတွက် တံခါးဖွင့်ထားတယ်။ ဆင်းရဲသားတွေလည်း လာတယ်။ ကလေးနေမကောင်းတဲ့ မိခင်တွေလည်း လာကြတယ်။ တချို့မိခင်တွေကလည်း မြို့တော်ဝန်ကို ရုပ်မြင်သံကြားမှာပဲ တွေ့ရတာ အားမရဘဲ အပြင်မှာ တွေ့ချင်လို့ တမင်ကို လာကြတယ်။ ဘယ်လို အကြောင်းနဲ့ပဲ လာလာ၊ ဘာအကြောင်းပဲ ပြောပြော မြို့တော်ဝန်က ဂရုတစိုက်နားထောင်တယ်။ မှတ်သားထားတယ်။ အောက်သက်ကျေတဲ့ မြို့တော်ဝန်ဟာ ကားတွေ ဘယ်လို ရပ်သလဲ၊ အမှိုက်တွေ ဘယ်လို သိမ်းသလဲ၊ ရေမြောင်းတွေ ဘယ်မှာ ပိတ်နေလဲဆိုတဲ့ အသေးစိတ်ကိစ္စတွေကို စိတ်ဝင်စားတယ်။
ကျနော် ဂျာကာတာက အပြန်မှာ လေယာဉ်က အလကားပေးတဲ့ ဂျာကာတာပို့စ် သတင်းစာ တစောင် ယူဖတ်ကြည့်တော့လည်း ဂျိုကိုဝီ အကြောင်း၊ မြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးထားတဲ့ သတင်းနဲ့ အမြင် သုံးပုဒ် တွေ့ရတယ်။ တပုဒ်က ဂျိုကိုဝီရဲ့ ဗျူရိုကရေစီ စနစ်ပြုပြင်ပြောင်းလဲရေးကို ချီးမွမ်းထားတဲ့ အမြင်၊ နောက်တပုဒ်ကတော့ ကားကျပ်တာနဲ့ နာမည်ကျော်တဲ့ ဂျာကာတာမြို့မှာ MRT (mass rapid transit) စနစ်ကို တည်ဆောက်ဖို့ မြို့တော်ဝန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့ သတင်း၊ နောက်တပုဒ်က ဂျာကာတာမှာ ၁၅ နှစ်လောက် ကြန့်ကြာနေတဲ့ ရေဆိုးသန့်စင်တဲ့ စနစ်ကို ဂျာကာတာမြို့ အုပ်ချုပ်ရေးအဖွဲ့က ဗဟိုအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တော့မယ် ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။