၁၉၉၂ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် “ကျန်းမာရေးကြောင့်” အနားယူလိုက်ရပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အကြောင်း အစိုးရ အသံလွှင့်ဌာနက ကြေညာခဲ့တယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီး စောမောင်နားထောင်လိုက်ရပုံ မရဘူး။ ဒါကြောင့် နောက်တနေ့နံနက်မှာ သူ့ကိုဖယ်ရှားလိုက်ပြီဆိုတာကိုမသိဘဲ ရုံးသွားဖို့ ပြင်ဆင်ခဲ့တယ်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်းဟာ မကြာခင်မှာပဲ အိမ်ကို စစ်သားတွေ ပတ်ဝိုင်းထားပြီး သူ့ကို နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း သတိပြုမိသွားတယ်။ ဒေါသအကြီးအကျယ် ထွက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်က သူ့ရဲ့ ကိုယ်ရေးအရာရှိတွေနဲ့ အိမ်သားတွေကို အော်ဟစ်ခေါ်ပြီး ဇနီးဖြစ်သူကို အလံပြဘုရားလမ်းမှာရှိတဲ့ စစ်ရုံးချုပ်ကို အမြန်ဆုံးသွားဖို့ စေလွှတ်လိုက်တယ်။ သူ့ဇနီးက ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ မျက်နှာချင်း ဆိုင် စကားပြောဖို့ တောင်းဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ် ခင်ညွန့်တို့ကို ရန်တွေ့ကြိမ်းမောင်းခဲ့ပေမယ့် အကျိုးမထူးခဲ့ဘူး။ ဒီကိစ္စအားလုံးက အဲဒီအချိန်က စစ်ရုံးမှာ ရှိနေတဲ့ အငယ်တန်းအရာရှိတွေအတွက်တော့ ရယ်မောစရာဖြစ်ခဲ့ရတယ်။ ခုချိန်မှာ ဗိုလ်ချုပ်ကြီးသန်းရွှေက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာတဲ့အတွက် ဗေဒင်ဆရာ ဦးဉာဏ်ဇော်က တနေ့မှာ ဗိုလ်မှူးကြီးသန်းရွှေ မြန်မာနိုင်ငံကို မင်းလုပ်အုပ်ချုပ်ရမယ်ဆိုတဲ့ ဟောကိန်းဟာ မှန်သွားခဲ့ပါပြီ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကြားထဲက အာဏာအားပြိုင်မှုကတော့ လူမသိ သူမသိ ဆက်ပြီးရှိနေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ နိုင်ငံကိုလက်ရှိအုပ်ချုပ် နေတဲ့အဖွဲ့ထဲမှာ ဦးနေဝင်းလိုမျိုး အလုံးစုံဩဇာ အာဏာ သက်ရောက်နိုင်သူ မရှိပါဘူး။ ဆုံးဖြတ်ချက် တွေကိုလည်း အဖွဲ့ဝင်တွေရဲ့ သဘောတူထောက်ခံမှုနဲ့ ပြုလုပ် နေရတယ်။ စစ်ရုံးမှာ အလုပ်လုပ်နေကြ တဲ့ အနေအထားကိုလည်း ဗိုလ်ချုပ်ကြီး သန်းရွှေ သိတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်တွေဟာ သူနဲ့ ခေတ်ပြိုင်တွေ၊ သူ့ထက် ဝါစဉ်ကြီးတဲ့သူတွေ ဖြစ်နေ တဲ့အတွက် သူ့ရဲ့အာဏာဟာ အခြေခိုင်မှုမရှိဘူးဆိုတာလည်း ရိပ်မိခဲ့တယ်။
ဒါပေမယ့် သူက နောက်ကွယ်မှာ လှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့တယ်။ လစ်လပ်နေတဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ ဒု ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်ခင်ညွန့် နဲ့ အစားထိုးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို ပေးလိုက်ရင် စစ်တပ်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်စီးစေမယ့်အပြင် နောက်ထပ် အာဏာသိမ်းမှု တခုတောင် ထပ်ဖြစ်လာနိုင်လို့ပါ။ ဗိုလ်ချုပ်ကြီး သန်းရွှေ နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေး အဖွဲ့ရဲ့ ထိပ်ဆုံးနေရာကို တက်လာပြီးတဲ့နောက် ကောင်းမှုကုသိုလ်လုပ်ဖို့လည်း မမေ့ခဲ့ ပါဘူး။ နတ် ဒေဝတာတွေကလည်း နိုင်ငံရေးရာထူးနေရာရောက် လာတဲ့သူ့ကို စောင်မခဲ့ကြပုံရတယ်။ သူ့ရဲ့ မဟာပြိုင် ဘက်ဟာ နံပါတ် ၂ နေရာနဲ့ မသင့်လျော်သူ ဖြစ်နေခဲ့တယ်။
မကြာခင်မှာပဲ စစ်အစိုးရက အခြေခံဥပဒေသစ် ရေးဆွဲဖို့အတွက် အမျိုးသားညီလာခံ ကျင်းပမှာ ဖြစ်တဲ့ အကြောင်း ကြေညာတယ်။ နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်းလွှတ်ပေးပြီးတော့ ထိုင်း-မြန်မာ နယ်စပ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကိုလည်း ရပ်လိုက်တယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌသစ်အနေနဲ့ ဒီလိုလှည့်ကွက်တွေ သုံးလိုက် မယ်ဆိုရင် ချီးကျူးဂုဏ်ပြုခံရမယ်ဆိုတာ သူသိ တယ်။ ဒါက ပြည်တွင်းနဲ့နိုင်ငံတကာက ဝေဖန်မှုတွေ ကိုလမ်းလွှဲဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ စွဲစွဲမြဲမြဲ အသုံးပြုခဲ့တဲ့ နည်းဗျူဟာရဲ့ ရှေ့ပြေးတွေထဲက တခုပါ။
တချိန်တည်းမှာ စစ်အစိုးရ ထိပ်ပိုင်း ခေါင်း ဆောင် ဗိုလ်ချုပ်တွေက ၁၉၉၃ ခုနှစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို ဖွဲ့ စည်းလိုက်တယ်။ ရည်ရွယ်ချက်ကတော့ အရပ်သား ပြည်သူတွေကို နိုင်ငံရေး ဦးဆောင်မှုပေးနိုင်ဖို့နဲ့ စစ် ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်တွေကို ပြည်သူတွေ စိတ်ထဲကို သွတ်သွင်းပြီးတော့ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ရေးအတွက် ရည် ရွယ် လုပ်ဆောင်နေတဲ့ စစ်အစိုးရရဲ့ ပြည်သူ့စစ်ပွဲ ဗျူဟာကို အကောင်အထည်ဖော်နိုင်ဖို့ လူထုအင်အားစုတခု ဖန်တီးရေးအတွက် ဖြစ်တယ်။
၁၉၉၀ နှစ်တွေထဲမှာ စစ်တပ် အပါအဝင် အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ၊ ဆရာတွေ အမြောက် အမြားကို ကြံ့ခိုင်ရေးအသင်းဝင်ဖို့ အတင်း အကျပ် ဖိအားပေးခဲ့တယ်။ လူမှုရေးအသင်းအဖွဲ့တခု အသွင်ကို ယူထားပေမယ့် တကယ်တော့ ကြံခိုင်ရေးအသင်းဟာ စစ်အစိုးရရဲ့ အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်ပြီး မူဝါဒတွေကလည်း အာဏာရစစ်အစိုးရရဲ့ မူဝါဒတွေကို ရောင်ပြန်ဟပ်တာပဲ ဖြစ်တယ်။ စစ်အစိုးရရဲ့ပုံရိပ်ကို ပြည်သူလူထုအမြင်မှာ မြှင့်တင်နိုင်ဖို့အတွက် အကျႌအဖြူရောင်၊ လုံချည်အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့ ကြံ့ခိုင်ရေး အသင်းဝင်တွေကို အသုံးချခဲ့တယ်။ ဒီ လှုပ်ရှားမှုတွေ အကုန်လုံးဟာ စစ်ရုံးချုပ်မှာ သူ့ရဲ့ အာဏာကို စုစည်းဖို့လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ဗျူဟာကို ဖော်ပြနေတာဖြစ်တယ်။
ဒါ့အပြင် အရပ်အသားအသွင်ယူထားတဲ့ အစိုးရတခုရှိပေမယ့် အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတခုကို ဗိုလ်ချုပ်ကြီး သန်းရွှေက ရေရှည်မျှော်ကြည့်နေတာ ကိုလည်း ညွှန် ပြနေပါတယ်။ ၁၉၉၃ ခုနှစ်အတွင်းမှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာဏာတည်ဆောက်ပုံကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းပြီး အစိုးရအဖွဲ့ကိုလည်း တိုးချဲ့ခဲ့တယ်။ စစ်ထောက် လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ် ခင်ညွန့်နဲ့ ဒေသဆိုင်ရာ စစ်တိုင်းမှူးတွေ ဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘနဲ့ ဗိုလ်ချုပ် မြင့်အောင်တို့က တစောင်းစေးနှင့် မျက်ချေးလိုဖြစ်နေကြတဲ့အတွက် ထိန်းတဲ့ အနေနဲ့ သူတို့ကို ဝန်ကြီး ရာထူးခန့်ပြီး ရန်ကုန်ကို ခေါ်လိုက်တယ်။ ဗိုလ်ချုပ် ကြီး သန်းရွှေရဲ့ ပါးနပ်တဲ့ လှုပ်ရှားမှုတခုလို့ ဆိုနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုသစ္စာခံကြတဲ့ စစ်ရုံးကအရာရှိကြီးတွေကို လစ်လပ်တဲ့နေရာတွေမှာ ခန့်ထားနိုင်ဖို့အခွင့် အလမ်းရရှိသွားကြတယ်။
ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ နောက်ထပ် ဗျူဟာမြောက်ရွှေ့ကွက်တခုကို ၁၉၉၃ ခုနှစ် မတ်လမှာ ထပ်မံမြင်တွေ့ ရတယ်။ သူက နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့ဝင် စစ်တိုင်းမှူးတယောက် ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မောင်အေးကို လစ်လပ်နေဆဲ ဖြစ်တဲ့ နဝတ အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌနဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ခန့်အပ်လိုက်တယ်။ ဒုဗိုလ်ချုပ်ကြီး မောင်အေးက စစ်ကိုင်းတိုင်း ကန့်ဘလူမှာ မွေးဖွားခဲ့ပြီးတော့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁) မှာ တက်ရောက်ခဲ့သူပါ။ စစ်တက္ကသိုလ် မှာ ထူးချွန်တဲ့ ဗိုလ်လောင်းတယောက် မဖြစ်ခဲ့ပါဘူး။ စစ်ရေးကိုပဲစိတ်ဝင်စားပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ လောက်လည်း ဉာဏ်မများတဲ့ သူပါ။ နိုင်ငံရေးအကြောင်းကိုလည်း နားမလည်ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး သန်းရွှေအတွက် တော့ သစ္စာရှိပြီး အသုံးဝင်တဲ့ မဟာမိတ်တယောက်ဖြစ်ခဲ့တယ်။
စစ်တက္ကသိုလ် အပတ်စဉ် (၁) မှာ အတူတူ ကျောင်းဆင်းခဲ့ကြတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဘနဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်တို့ကလည်း ဒုဗိုလ်ချုပ်ကြီး မောင်အေး ကြည်းတပ်ဦးစီးချုပ် ဖြစ်လာတာ ဝမ်း မြောက်ခဲ့ကြတယ်။ သူ့ကို ခန့်အပ်လိုက်ခြင်းကြောင့် စစ်တိုင်းမှူးတွေကြားမှာ မြင့်တက်နေတဲ့ တင်းမာမှုတွေကို လျော့ကျသွားစေ ပြီးတော့ ဗိုလ်ချုပ် ခင်ညွန့် ကြီးပွားလာမှာကို မလိုလားကြတဲ့ ထိပ်တန်းအရာရှိ ကြီးတွေကိုလည်း ကျေနပ်စေခဲ့ တယ်။
ဒါပေမယ့် ကြိုတင်မျှော်လင့်ထားကြတဲ့အတိုင်း ပါပဲ၊ ဒုဗိုလ်ချုပ်ကြီး မောင်အေး စစ်ရုံးချုပ်ကိုရောက် လာပြီး မကြာခင် သူနဲ့ ဩဇာအလွန်ကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲရဲ့ကြားမှာ တင်းမာမှုအသစ် ပေါ်ပေါက် လာတော့တယ်။ ဒုဗိုလ်ချုပ်ကြီး မောင်အေးက သူ့ကိုယ်ပိုင် ထောက်လှမ်းရေးတပ်ဖွဲ့ ထူထောင်ခဲ့တယ်လို့ သိရတယ်။ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သူ့ရဲ့ ကြီးထွားလာနေတဲ့ ထောက်လှမ်းရေးအဖွဲ့ကို တန်ပြန်နိုင်ဖို့အတွက် အနောက်နိုင်ငံတွေကနေ စွမ်းအားမြင့် ရေဒီယို ကြားဖြတ်စက်တွေကိုတောင် ဝယ်ယူခဲ့တယ်လို့ ဆိုတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးဂိုဏ်းနဲ့ ဒု ဗိုလ်ချုပ်ကြီး မောင်အေးဦးဆောင်တဲ့ စစ်တပ်ဂိုဏ်းတို့ရဲ့ ခါးခါးသီးသီး တိုက်ခိုက်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့် နေခဲ့ရတယ်။ နှစ်ဖက်လုံးက ပေးပို့လာတဲ့ နိုင်ငံရေးအရ သွေးထိုးတဲ့ အစီရင်ခံစာတွေကိုလည်း လက်ခံတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုံးခန်းကို ဒေါသကြီးပြီးနှုတ်သီးကောင်းတဲ့ ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် ရောက်လာပြီး သူတို့က “မင်းသား” လို့ခေါ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်အကြောင်းပြောပြီး တိုင်ပါတယ်။
အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်တတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်က မိတ်ကပ်လိမ်း၊ ရေမွှေးဆွတ် တတ်ပြီး မျက်နှာ ကိုလည်း မှန်မှန် အနှိပ်ခံတယ်လို့ ကောလာဟလတွေ စစ်ရုံးက ထွက်ခဲ့တာလည်းရှိတယ်။ ဗိုလ်ချုပ် ခင်ညွန့်က လည်း သူ့ရဲ့ရန်သူတွေကိုသိပါတယ်။ တုံ့ပြန်တိုက်ခိုက်ဖို့ကိုတော့ သူတို့နဲ့ မတူတဲ့ ချဉ်းကပ်မှုကို ရွေးချယ်ခဲ့ တယ်။ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုံးခန်းကို သွားခဲပါတယ်။ ဒါပေမယ့် အမြဲတမ်း တလေးတစား ဆက်ဆံပြီး ရန်သူတော်တွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုဗိုလ်ချုပ်ကြီး ကျော်ဘနဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်အောင် တို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကို သက်သေပြနိုင်ဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်။ ဝန်ကြီးဌာန တွေမှာ မြှုပ်နှံထားတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ ထောက်လှမ်းရေးတွေကလည်း ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဘနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒုဗိုလ်ချုပ်ကြီး မြင့်အောင်တို့ရဲ့ အတွင်းကျတဲ့ သတင်းအချက်အလက်တွေကို အောင်အောင်မြင်မြင် ရယူစုဆောင်းနိုင်ခဲ့တယ်။
“လွတ်လပ်ရေး ခေတ်လွန် မြန်မာအစိုးရများအတွင်းမှ အာဏာနှင့် ဂိုဏ်းကွဲမှု အကျပ်အတည်း များ” အမည်ရှိတဲ့ စာတမ်းမှာ ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က “အရေးပါတဲ့ နေရာက သတင်း အရင်း အမြစ်တွေရဲ့ အဆိုအရ ဗိုလ်ချုပ်ခင်ညွန့်က ဝန်ကြီးတွေ၊ စစ်တိုင်းမှူးတွေရဲ့ အကျင့်ပျက်ခြစားမှု လုပ်ရပ် တွေအကြောင်းကို ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နှစ်ယောက်လုံးဆီကို အရင်က တည်းက အစီရင်ခံစာတွေ တင်ပြခဲ့ပေမယ့် ဘာအရေးယူမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့ အတွင်း အကျင့် ပျက်ခြစားမှုကို လျှော့ချဖို့လိုအပ်တဲ့ အကြောင်း ပြောတဲ့အချိန်မှာ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်က အစိုးရအဖွဲ့ ထဲမှာ ဘယ်သူမှ အကျင့်ပျက် ခြစားမှုနဲ့ မလွတ်ကင်းဘူးလို့ နောက်သလို ပြောင်သလိုနဲ့ မလေးမစား ပြောခဲ့တဲ့ အတွက် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ ဒေါသတကြီးနဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်ကို လက်ဖက်ရည်ခွက်နဲ့ ပစ်ပေါက် ခဲ့တဲ့အထိဖြစ်ပြီး နောက်ပိုင်းကျမှ အရေးယူတဲ့ကိစ္စတွေ ပေါ်လာတယ်။ ဘယ်သူမှ မလွတ်ဘူးဆိုတော့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေကိုယ်တိုင် ပါနေသလို ဖြစ်နေလို့ပါ” လို့ရေးသားခဲ့ပါတယ်။
ဗိုလ်ချုပ် ခင်ညွန့်နဲ့ သူရဲ့ထောက်လှမ်းရေးအဖွဲ့က တင်ပြတဲ့ အစီရင်ခံစာတွေအားလုံးကို မြင်ခဲ့ပြီး ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ခင်ညွန့်ကို မယုံကြည်သေးပါဘူး။ ဒါကြောင့် ထောက်လှမ်းရေး အကြီးအကဲရဲ့ အတွင်းစက်ဝိုင်းထဲကို သူ့ လူတယောက်ထည့်ဖို့ စီစဉ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ စစ်ရုံးချုပ်အတွင်း အပြန်အလှန်စောင့်ကြည့်ထိန်းညှိ ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဗိုလ်မှူးကြီး ကျော်ဝင်းကို စစ် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးရဲ့ ဒုညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ အဓိကတာဝန် ကတော့ ဗိုလ်ချုပ် ခင်ညွန့်ကို အနီးကပ် စောင့်ကြည့်ဖို့ပါပဲ။
မျက်မှန်တပ်သူ တယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ကျော်ဝင်းဟာ စစ်ထဲမဝင်ခင် ၁၉၆၀ နှစ်တွေတုန်းက ရန်ကုန် တက္ကသိုလ်မှာ စိတ်ပညာ အဓိကနဲ့ တက် ရောက် သင်ကြားခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှတ် (၈၈) ခြေမြန်တပ်မမှူး လုပ်ခဲ့စဉ်က သူ့လက်အောက်မှာ တာဝန်ထမ်းခဲ့ဖူးသူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောကျနှစ်ခြိုက်သူ တယောက်လည်းဖြစ်ပြီးတော့ နှစ်ပေါင်းများစွာ အနီးကပ် ရှိနေခဲ့သူတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌဖြစ်လာတဲ့ ၁၉၉၂ ခုနှစ်မှာ ဗိုလ်မှူးကြီး ကျော်ဝင်းက မန္တလေးမှာရှိတဲ့ အမှတ် (၁) စစ် ထောက်လှမ်းရေးတပ်မှာ ဗိုလ်မှူး အဖြစ်နဲ့ ရှိနေပြီးတော့ ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ ထိပ်တန်းနေရာတွေကို အလျင်မြန်ဆုံးရောက်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရောက်နေတဲ့သူပါ။
စကားညင်ညင်သာသာ ပြောတတ်တဲ့ ထောက်လှမ်းရေးအရာရှိက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောနိုင်သလို အနုပညာ ဝါသနာပါသူ တယောက်လည်းဖြစ်တယ်။ ပုံဆွဲတာ၊ ပန်းချီရေးတာနဲ့ ဓာတ်ပုံပညာတွေ ကိုလည်း စိတ်ဝင်စားပါတယ်။ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုတောင် စာအုပ်အဖြစ် ထုတ်ဝေခဲ့သေးတယ်။ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေက ဌာနတွင်းအာဏာကို စုစည်းဖို့ကြိုးစားနေစဉ် မှာ ရည်မှန်းချက်ကြီးတဲ့ ဗိုလ်ချုပ် ခင်ညွန့်က အားသွန် ခွန်စိုက် အလုပ်တွေ လုပ်ပြနေတာကြောင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက သူ့ကို မြန်မာ နိုင်ငံမှာအာဏာအရှိဆုံးသူအဖြစ် ဆက်လက်ယူဆကြတယ်။
၁၉၉၄ ခုနှစ်မှာ အမေရိကန်ကွန်ဂရက်အမတ် Bill Richardson မြန်မာနိုင်ငံကို ရောက်လာပြီး ထိန်းသိမ်းခံထား ရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာလည်း နေရာတကာ ပါတတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်က သူ့အခန်းကဏ္ဍကို သာသာထိုးထိုး လုပ်ပြခဲ့ပုံပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး တဲ့နောက် အမေရိကန် လွှတ်တော်အမတ်က ဘန်ကောက်မြို့မှာ ကြေညာ ချက်တစောင် ထုတ်ပြန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ချီးမွမ်းပြောဆိုခဲ့ပြီး ဗိုလ်ချုပ် ခင်ညွန့်ကိုလည်း လက်တွေ့ကျပြီး ဟန်မဆောင်တတ်သူ တယောက်လို့ ပြောခဲ့တယ်။
ဆက်လက်ပြီးတော့ သူက စစ်အစိုးရ မျက်ခုံး ပင့်လောက်စရာ စကားတခွန်း ပြောခဲ့ပါသေးတယ်။ “မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဗိုလ်ချုပ် ခင်ညွန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးက ဆုံးဖြတ်မယ်လို့ ကျနော်ထင်ပါတယ်” လို့ သူက ပြောလိုက်တယ်။ ဒီတွေ့ဆုံမှုကို ဗိုလ်ချုပ် ခင်ညွန့်က စီစဉ်ခဲ့တယ်လို့ ယူဆနိုင်စရာရှိပေမယ့် တကယ်တော့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက ခွင့်ပြုလို့သာ ဖြစ်လာခဲ့ရတယ်ဆိုတာ ကို Richardson သတိမမူခဲ့မိဘူး။ ဒါက လမ်းလွဲမှု တွေဖြစ်စေဖို့နဲ့ မရေရာမှုတွေ ဖန်တီးနိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သေသေချာချာ အကွက်ချစီစဉ်တတ်တဲ့ ပရိယာယ်တွေထဲက တခုပဲဖြစ်တယ်။ အမေရိကန် ကွန်ဂရက် အမတ်ဟာ ဘက်မှားပြီး လောင်းကြေး တင်မိပြီ။ သူ့ရဲ့စကားက ဗိုလ်ချုပ်ခင်ညွန့်ကို ဖမ်းဆီးဖို့ ဝရမ်းစာပေါ်မှာ လက်မှတ်ထိုးပေးလိုက်သလိုပါ။