၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ တဆင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)ကြားတွင် မကြာသေးခင်လပိုင်းမှ စတင်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အကြောင်းပြုပြီး နိုင်ငံရေး ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ဆိုသကဲ့သို့ ဖြစ်လာရာ နှစ်ဘက် ဆက်ဆံရေး သည် ခိုင်မာမှုရှိလာနိုင်ကြောင်းနှင့် ထိုဆက်ဆံရေးပေါ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သုံးသပ်ပြောဆို နေခြင်းလည်း ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေနှင့်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် အကျဉ်းထောင်မှ လွတ်မြောက် လာပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခု၌ လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက် လုပ် ဆောင် သွားရန် ရှိကြောင်း အသိပေးခဲ့ဖူးသည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အဖွဲ့အစည်းများအနေနှင့် ပါတီ မှတ်ပုံတင်ခြင်းများ လုပ်ဆောင်နေကြသော်လည်း ၈၈ မျိုးဆက်ကျောင်းသားများမှာ ယနေ့အချိန်အထိ ပါတီဖွဲ့၍သော်လည်းကောင်း၊ အခြားပါတီကနေ သော်လည်း ကောင်း လွှတ်တော်နိုင်ငံရေးထဲ မည်သည့်ပုံစံနှင့် ဝင်ရောက်မည်ဆိုသည်ကို မီဒီယာများသို့ ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေး ပေ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “တကယ် တိတိကျကျ ဆုံးဖြတ်ပြီ ဆိုရင်တော့ အားလုံးကို အသိပေးမှာပါ၊ လွှတ်တော်နိုင်ငံရေးကို ကူးပြောင်းပြီဆိုတော့မှပဲ အားလုံး ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်၊ အခုတော့ အချိန်မကျသေးလို့ပါ”ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုဖူးသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရာ၌ အရေးကြီးပြင်ဆင်ရမည့် ကိစ္စများကို ၂၀၁၅ နှစ်မကုန်ခင် ပြင်ဆင်ရမည်ဖြစ်ပြီး မပြေ လည်သေးသော အချက်များကို လာမည့် ၂၀၁၅ အလွန်တွင်မှ ဆက်လက်ပြင်ဆင်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာ့ နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည့် အမေရိကန်နိုင်ငံ ဘာကလေ တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ စာတမ်း ရေးနေ သော ဦးမင်းဇင်ကမူ လွှတ်တော်နိုင်ငံရေးသို့ ဝင်မည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အနေနှင့် NLD ပါတီကနေ တဆင့် ရွေးကောက်ပွဲ ဝင်ရောက်ယဉ်ပြိုင်လာနိုင်ကြောင်း ပြောဆိုသည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ဆိုတာ ခုပြင် ခုရတာ မဟုတ်ဘူး၊ လာမယ့် ၂၀၁၅ နဲ့လည်း မပြီးနိုင်ဘူး၊ နောက်ရွေးကောင်ပွဲနဲ့ ဆက်စပ်သွားနိုင် တယ်၊ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့နှစ်ဘက်ကြားမှာ ရေရှည်တွေ့ဆုံမှုတွေ လုပ်ရ မှာပဲ၊ အဲဒီကနေတဆင့် ၈၈ ကျောင်းသား ခေါင်းဆောင်ထဲက လွှတ်တော်နိုင်ငံရေးထဲ ဝင်မယ့်သူတွေက NLD ကနေတဆင့် ဝင်ပြိုင် လာနိုင်တယ်”ဟု ဦးမင်းဇင်က ဆိုသည်။
NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် အားကိုးနိုင်မည့် မျိုးဆက်သစ် လူငယ်အရေအတွက် အလွန်နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွင် အားကောင်းနေသည့် ၈၈ မျိုးဆက် ကျောင်းသားများကို NLD အနေနှင့် ကမ်းလှမ်းနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်သည့် ဦးဇော်ရမ်းကလည်း ပြောဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများ ရှိနေခဲ့သော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်း အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ ထို့နောက်ပိုင်း၌ တွေ့ဆုံမှု သိသိသာသာ နည်းပါးခဲ့ကြောင်း တွေ့ရှိရသည်။
ထိုအခြေအနေများကြောင့်လည်း ယခုကဲ့သို့ နှစ်ဘက်ပူးပေါင်း လုပ်ဆောင်လာခြင်းကို တရားဝင် ပြသခြင်းသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုကို လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်ရန် ဝန်းရံပေးခြင်းမျိုး ဖြစ်နိုင်မည်လားဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်နေကြသည်။
၈၈ မျိုးဆက် ကျောင်းသားများ အနေနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ လိုအပ်လျှင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက် မှုများကို ဝန်းရံသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။
ယခုကဲ့သို့ အတိုက်အခံ အဖွဲ့အစည်းနှစ်ခုကြား နိုင်ငံရေးအရ တွေ့ဆုံပူးပေါင်းမှုသည် တွေ့ရခဲသည့် ပူးပေါင်းမှုဖြစ်ပြီး ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မည်မျှအထိ ဆောင်ရွက်နိုင်မည်လဲ ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်းလည်း နိုင်ငံ ရေး အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နိုင်ရန် အာဏာရ ပါတီက အများအပြား ပါဝင်နေသည့် လွှတ်တော်တွင်း၌ အတိုက်အခံပါတီကြီး၏ ယခုလက်ရှိ ကြိုးစားမှုသည် ထင်သလောက် အရာထင်နိုင်မည် မဟုတ်ကြောင်း ဝေဖန်ပြောဆိုသည်။
“အခုလို အတိုက်အခံအဖွဲ့အစည်း နှစ်ခုက ပူးပေါင်းလုပ်ဆောင်ပြတယ်ဆိုတော့ ဒီမိုကရေစီအင်အားစုတွေ စုစည်းမှု ရှိနေသေးတယ် ဆိုတာကို ပြသလိုက်တဲ့ သဘောလို့ မြင်တယ်၊ အတိုက်အခံပါတီအတွက်တော့ အင်အား ပိုကောင်းသွားတာပေါ့၊ ဒါ ကောင်းတဲ့ လက္ခဏာပဲ ပြောရမယ်၊ ဒါပေမယ့် ဘယ်လောက်အထိ သဘောထားညီညီ လုပ်ဆောင်နိုင်မလဲတော့ စောင့်ကြည့်ရမယ်”ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ၏ ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ ဝင်သည့် ဦးတည်ချက် သည် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရား ဥပဒေ စိုးမိုးရေး တို့ကို ဆောင်ရွက်မည်ဟူ၍ ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသားများ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု ကဏ္ဍတွင် လွှတ်တော်တွင်း ဝင်ရောက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် လုပ်ဆောင်သွားမည်ဟူသည့် အချက် ပါဝင်သည်။