လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ များက အဆိုပြု ခန့်ထားသူ အများစုသည် စစ်အရာရှိ အငြိမ်းစားများ၊ အစိုးရ ဝန်ထမ်းဟောင်းများ ပါဝင်နေခြင်းကြောင့် လွတ်လပ်စွာ စုံစမ်း ဖော်ထုတ် ရာ ၌ အားနည်းမှု ရှိနိုင်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
ကော်မရှင် အဖွဲ့ဝင်များသည် အစိုးရ အရာရှိဟောင်းများ ကိုယ်တိုင်ဖြစ်နေသည့်အတွက် ၎င်းတို့ ကိုယ်တိုင် လာဘ်ပေး လာဘ်ယူမှု ရှိကောင်းရှိနိုင်ကြောင်း၊ ဝန်ထမ်းဟောင်းများ ကိုယ်စား အရည်အချင်း ပြည့်ဝသည့် အရပ်သားများကိုသာ ဦးစားပေး ရွေးချယ်သင့်ကြောင်း၊ အစိုးရ ဝန်ထမ်းဟောင်းများအား ခန့်ထားခြင်းသည် အများပြည်သူ၏ ယုံကြည်မှုကို အားနည်းစေကြောင်း သတင်းစာ ဆရာကြီး ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။
၎င်းက“အဂတိ တိုက်ဖျက်တဲ့နေရာမှာ အစိုးရ ဝန်ထမ်း ခန့်ထားတာဟာ လုံး၀ သဘာဝမကျဘူး၊ ဒီလူတွေကိုယ်တိုင် အဂတိ ကင်း ရှင်း ရဲ့လား ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး၊ ဒါစွပ်စွဲတာ မဟုတ်ဘူး”ဟု ဆိုသည်။
နိုင်ငံတော် သမ္မတက အဆိုပြုသူ ၅ ဦးတွင် ဦးမြဝင်း (ဗိုလ်ချုပ် အငြိမ်းစား)၊ ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား၊ ဗိုလ်မှူးချုပ် ဟောင်း)၊ ဦးကျော်ကျော် (ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ ဦးစိုးတင့် (ညွှန်ကြားရေးမှူး အငြိမ်းစား)နှင့် ဦးသန်းအောင်(ညွှန်ကြားရေး မှူး အငြိမ်းစား) တို့ ဖြစ်သည်။
၎င်းတို့အနက် ဦးမြဝင်း အား ကော်မရှင် ဥက္ကဋ္ဌ၊ ဦးတင်ဦး ကို အတွင်းရေးမှူး အဖြစ် ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အတည်ပြု ခန့်အပ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ က အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဆိုပြုသူ ၅ ဦးနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က အဆိုပြုသူ ၅ ဦး တို့ကို ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဟောင်း ဦးမြဝင်းသည် အမြောက်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံသို့ မကြာခဏ သွား ရောက် ခဲ့သူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် အမြောက်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့စဉ် အဂတိ လိုက်စားမှု တချို့ရှိခဲ့ကြောင်း သိရသော်လည်း ဧရာဝတီ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်အရာရှိဟောင်း နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက“အမြောက်တပ်က ဗိုလ်ချုပ် မြဝင်း က တိကျတဲ့သူ တယောက်ပါ၊ သူ့ဆီကို စာရင်းစစ်တွေ သွားပြီး စာရင်း စစ်ရင် ကိုယ့်ထမင်းဘူးနဲ့ကိုယ် သွား စစ်ရတယ်၊ ရေတောင် မတိုက် ဘူးဗျ၊ အဲဒီလောက်ကို တိကျတာ၊ စာရင်းတွေ ဆိုရင်လည်း လုံး၀ အတိအကျပဲလို့ နာမည်ကြီးတယ်”ဟု ဧရာဝတီ ကို ပြောသည်။
စစ် အရာရှိဟောင်းများနှင့် ဌာနဆိုင်ရာ အကြီးအကဲဟောင်းများအား ရွေးချယ် ခန့်ထားခြင်းကြောင့် မည်သည့် အတိုင်းအတာ အထိ လုပ်ဆောင်နိုင်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း၊ ယခု ဖွဲ့စည်းမည့် အဖွဲ့ဝင် ၁၅ ဦးပါ ကော်မရှင်တွင် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးလည်း ပါဝင်နေ၍ အပြန်အလှန် ထိန်းညှိနိုင်မည်ဟု မျှော်လင့်ရကြောင်း လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကို၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပြဌာန်းပြီးဖြစ်၍ အဂတိ တိုက်ဖျက်ရေး ကော်မရှင် တရပ် ဖွဲ့စည်းရန် လိုအပ်သည့် အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီ ကို ပြောသည်။
“အဆိုပြုထားတဲ့ သူတွေကို အရည်အချင်း မပြည့်ဝဘူး ဆိုတဲ့ အထောက်အထား ခိုင်လုံရင် ကန့်ကွက်နိုင်တယ်လို့ ဦးရွှေမန်းက ကြေညာထားပေမယ့် ကန့်ကွက်မယ့်သူ မရှိလောက်ဘူးထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သမ္မတ အဆိုပြုတဲ့ သူတွေဟာ အရည် အချင်း ပြည့်ဝပြီးသူတွေ ဖြစ်တယ်ဆိုပြီး ယူဆထားကြတယ်၊ ရှေ့က ခန့်ခဲ့တဲ့ ဝန်ကြီးတွေ ဆိုရင်လဲပဲ ကန့်ကွက်သူ မရှိခဲ့ဘူး၊ ဒါဟာ ထူးခြားချက်ပေါ့”ဟုလည်း ၎င်း က ဆက်ပြောသည်။
အရည်အချင်း မပြည့်ဝသူများကို ကန့်ကွက်နိုင်သည်ဟု ဆိုသော်လည်း ကော်မရှင်တွင် ပါဝင်မည့်သူများ၏ ကိုယ်ရေးရာဇဝင် အချက် အလက် အသေးစိတ်ကိုမူ လွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင်ပေးထားခြင်း မရှိပေ။
“အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ မရှိတော့ ဘယ်သူက ဘာဆိုတာ မသိဘူး၊ ဒီတော့ ကန့်ကွက်ရ ခက်တာပေါ့၊ သမ္မတ ခန့်အပ်တဲ့သူ အကုန်လုံးက လွှတ်တော်ကို ကျော်လွှား နိုင်သွားတာချည်းပါပဲ”ဟု ဦးဖုန်းမြင့် အောင် က ပြောဆိုသည်။
လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော် ရှိသည့်အနက် ကော်မရှင် အဖွဲ့ဝင်များ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များ ပါဝင်သည့် မှတ်တမ်းကို နိုင်ငံရေး ပါတီ ၁၀ ခုမှ ကိုယ်စားလှယ် တချို့ကိုသာ ပေးကြောင်း သိရသည်။
“အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေး အချက်အလက်ပါတဲ့ ဖိုင်တွဲ ၁၀ ခုကို ပါတီ ၁၀ ခု က ကိုယ်စားလှယ် ၁၀ ယောက်ကိုပဲ ပေးတယ်၊ အဲဒီ ထဲမှာတောင် အသေးစိတ် မပါဘူး၊ ဥပမာ- ဦးမြဝင်း ဆိုရင် စစ်မှုထမ်း အငြိမ်းစား အဲဒီလောက်ပါပဲ”ဟု ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးဝင်းမြင့် က ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အဆိုပြုသူ ၅ ဦးတွင်လည်း စစ်တပ် အရာရှိများ ပါဝင်ပြီး ဦးမောင်ရှိန် (ဒု ဗိုလ်ချုပ်ကြီး အငြိမ်းစား)၊ ဒေါက်တာ တိုက်စံ (အငြိမ်းစား ပါမောက္ခ၊ တပ်မတော် နည်းပညာ တက္ကသိုလ်)၊ ဦးနေဝင်း (အငြိမ်းစား သံအမတ်ကြီး)၊ ဒေါ်မြတ်မြတ်စိုး (ညွှန်ချုပ် အငြိမ်းစား)၊ ဦးသင်းမောင် (ညွှန်မှူး အငြိမ်းစား) စသည်တို့ ပါဝင်သည်။
ထို့အတူ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အဆိုပြုသူ ၅ ဦးတွင်လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် အစိုးရ အရာရှိဟောင်းများ ပါဝင်သည်။
“ကျနော်တို့ဆီက လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ပါတဲ့ သူတွေကလည်း ဥက္ကဋ္ဌ ကိုယ်တိုင်ရွေးတာပါ၊ အဲဒီ ကိုယ်စားလှယ် ၂ ဦး စလုံး ဟာလည်း အမျိုးသား ညီလာခံ တက်ခဲ့သူတွေ ဖြစ်ပါတယ်၊ ဒီကော်မရှင်က တကယ် လုပ်ရဲကိုင်ရဲ ရှိမရှိဆိုတာတော့ စောင့် ကြည့်ရဦးမှာပါ”ဟု ဦးဖုန်းမြင့်အောင် က ဆိုသည်။
သမ္မတ ဦးသိန်းစိန် စတင် တာဝန်ယူခဲ့စဉ်ကလည်း ၎င်းတို့ အစိုးရအား ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ အဖြစ်ဆောင်ရွက်မည်ဟု ကြေညာခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများ ဖွဲ့ စည်းခဲ့သည့်တိုင် ယနေ့အထိ အောင်မြင်မှု မရှိသေးပေ။
အဂတိ လိုက်စားမှု ပပျောက်စေရေး အတွက်ဟု ဆိုကာ “လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ” တရပ်ကို ၂၀၁၃ ဇန်နဝါရီက ဖွဲ့စည်းခဲ့သေးသည်။
ထိုကော်မတီတွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းက ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးများ ဖြစ်သည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတ ဥပဒေအကြံ ပေး ဦးသန်းကျော်နှင့် သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်း တို့ပါဝင်သည်။
ထို့အတူ လွှတ်တော်တွင်လည်း အဂတိ တိုက်ဖျက်ရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းထားသည်။ ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင် စတင်တာဝန်ယူပါက လွှတ်တော်တွင် ဖွဲ့စည်းထားသည့် အဖွဲ့အား ဖျက်သိမ်း မသိမ်းကို မသိရသေးပေ။ ဖွဲ့စည်းထားသည့် ကော် မတီ၊ ကော်မရှင် အသီးသီးတွင်လည်း စစ်ဗိုလ်ချုပ်ဟောင်းများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ထိပ်ပိုင်း ခေါင်း ဆောင်များ ဖြစ်နေကို တွေ့ရသည်။
“ကော်မတီတွေ ကော်မရှင်တွေ ဘယ်လောက်ပဲ ဖွဲ့စည်း ဖွဲ့စည်း လက်တွေ့ မလုပ်ရင် ဘာမှထူးခြားမှု ရှိလာမှာ မဟုတ်ဘူး၊ တရား ဥပဒေ စိုးမိုးမှုက အစ အားနည်းနေဆဲပါ”ဟု ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေ စိုးမိုးရေး ကော်မတီ အဖွဲ့ဝင် ဦးဝင်းမြင့် က ပြောဆိုသည်။
နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(Transparency International) ၏ ၂၀၁၁ နှစ်တွင် ပြုလုပ်သည့် စစ်တမ်း အရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် မြန်မာနိုင်ငံသည် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီးယား တို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန် နိုင်ငံနှင့်အတူ အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများထဲတွင် တတိယ နေရာ၌ ရှိနေသည်။