အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင်များကို အစိုးရတပ်နှင့် လားဟူ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ယခုလ ၂၃ ရက်နေ့တွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် ခရိုင် မိုင်းတုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် SSA-S တပ်ဖွဲ့ ဝင်များကို လဲချားမြို့နယ်ခွဲ အခြေ စိုက် ခြေမြန်တပ်ရင်း အမှတ် ၅၁၉၊ ၅၅၂ တပ်ဖွဲ့နှင့် အမှတ် ၁၀၀၇ လားဟူ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း SSA-S တပ်ဖွဲ့မှ ပြောရေးဆိုင်ခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။
အစိုးရက ယခုကဲ့သို့ ဝင်တိုက်ရသည့် အကြောင်းအရင်းကို မသိရသေးသော်လည်း ယခင်က အစိုးရတပ် တာဝန်ရှိသူများက ယင်း ဒေသတွင် အမာခံ တပ်စခန်းများ မဆောက်လုပ်ရန် သတိပေးထားကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ တပ်အသစ် တည်ဆောက်တာတွေ မရှိဘူး၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်ဆံရေး ရုံးကနေ တဆင့် သူတို့ကို ဆက်သွယ်ပြီးတော့ စုံစမ်းစစ် ဆေးရေး အဖွဲ့(စရဖ)နဲ့ လာရောက် စစ်ဆေးကြည့်ပါလို့ ပြောကြားထားတာ ရှိပါတယ်၊ ဒါကို သူတို့ လာမကြည့်ဘဲနဲ့ တမင်လာပြီး တိုက်တာပါ”ဟု စိုင်းဆိုင်မိဏ်းက ပြောသည်။
နောက်ဆုံး အခြေအနေကို အသေးစိတ် အချက်အလက်များ မရရှိသေးသော်လည်း ၃ နာရီမှ စတင်၍ ညနေ ၆ နာရီခွဲ အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အစိုးရ ပူးပေါင်းတပ် အင်အား ၃၀၀ ခန့် ရှိနိုင်ပြီး နှစ်ဘက် ထိခိုက်သေဆုံးသူများ စာရင်းမသိရသေးကြောင်း SSA တောင်ပိုင်း ၏ အဆိုအရ သိရသည်။
“အခုလို ဝင်တိုက်တဲ့အပေါ်မှာ အစိုးရ အောက်ခြေတပ်တွေက တချို့အပိုင်းတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူးဆိုတာ မြင်ရတယ်”ဟု စိုင်းဆိုင်မိဏ်းက ဆက်ပြောသည်။
အစိုးရစစ်တပ်က ဝင်ရောက်ခိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယမန်နေ့က သွားရောက် တွေ့ဆုံခဲ့သည့် SSA တောင်ပိုင်း အရာရှိတဦး၏ အဆိုအရ နယ်မြေကျူးကျော်သည့် အတွက် အစိုးရတပ်က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြန်လည် ပြောကြားကြောင်း သိရသည်။ သို့သော် အသေးစိတ်ကိုမူ အဆိုပါ အရာရှိက ပြောကြားခြင်း မရှိပေ။
တချိန်တည်တွင်ပင် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်နယ်၊ ပြည်ထောင်စု၊ ဗဟို အဆင့် များ ခွဲပြီး ဆွေးနွေးခဲ့ရာ မကြာမီ ကာလအတွင်း အပြီးသတ် ဆွေးနွေးနိုင်မည့်အလားအလာမြင်နေရပြီဟု ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
“ငြိမ်းချမ်းရေး ရပြီဟု အားပါးတရ အမည်နာမတပ်ပြီး ခေါ်ဆိုနိုင်သည့် အဆင့် မရောက်ရှိသေးသော်လည်း ယခုအခါလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲထားပြီး ဖြစ်တယ်”ဟု ဒေါက်တာ စိုင်းမောက်ခမ်းက နေပြည်တော်တွင် ယမန်နေ့က ကျင်းပ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
SSA-S တပ်ဖွဲ့သည် ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်း ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ တဖွဲ့ ဖြစ် သည်။
အဆိုပါ သဘောတူညီချက်များကို အစိုးရဘက်မှ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဝန်ကြီး ဦးအောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ် ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ပေါင်ခေးတို့က သဘောတူ လက်မှတ် ထိုးခဲ့ကြသည်။
သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက် ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်သည်။