“ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်ပိုင်း တာဝန်ရှိသူ တချိူ့ နေပြည်တော် လာရောက်မယ့် ခရီး စဉ်မှာ သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွ့ဲနဲ့ တွေ့ဆုံဖို့ မသေချာကြောင်း UWSA ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။
“ဒီဘက်က (UWSA အဖွဲ့) လူကြီးတွေ သွားမှာ၊ ကျနော်လည်း သွားမှာပါ၊ ကျနော်တို့ကို ဖိတ်တဲ့ ဖိတ်စာကတော့ (လဝက) ပွဲတက် ဖို့ ဖိတ်စာပဲ၊ ဘာတွေလုပ်ဦးမယ် ဆိုတာကတော့ ကျနော်က အာဏာ မပိုင်ဘူး၊ သမ္မတကြီး အားသလား မအားသလား၊ နိုင်ငံတော် က စီစဉ်နိုင်သလား မစီစဉ်နိုင်ဘူးလား ဆိုတာ မသိဘူး”လို့ ဦးအောင်မြင့် က ဧရာဝတီကို ပြောပါတယ်။
ပြည်လုံးကျွတ် သန်ခေါင်းစာရင်း ကောက်ယူနိုင်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာန(လဝက)က မတ် လ ၁ ရက် နေပြည်တော်မှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်လုံးကျွတ် သန်ခေါင်းစာရင်း ကောက်ယူနိုင်ရေး အတွက် နေပြည်တော်မှာ ပြုလုပ်မယ့် လဝက က ပြုလုပ်မယ့် ဝန်ကြီး ဦးခင်ရီ နဲ့ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံပွဲကို UWSA ဘက်က တာဝန်ရှိသူတွေပါ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့ လက်နက်ကိုင် တိုင်ရင်းသား အဖွဲ့အစည်း တဖွဲ့ကို ကိုယ်စားလှယ် ၂ ဦး ဖိတ်ထားကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC) ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် တချိူ့က ပြောပါတယ်။
UWSA က အဆိုပါ တွေ့ဆုံပွဲ အတွက် ခေါင်းဆောင်ပိုင်း တာဝန်ရှိသူ ၁၇ ယောက်လောက် နေပြည်တော်ကို လာရောက်မယ်လို့ ဆို ပါတယ်။
“ဦးခင်ရီတို့ လဝက ကလုပ်တဲ့ ပွဲကို ကိုယ်စားလှယ် ၂ ယောက်စီ ဖိတ်တာပါ။ သူတို့ သမ္မတနဲ့ တကယ် တွေ့မယ် ဆိုရင်တော့ ဦးအောင်မင်းတို့ မသိဘဲတော့ မတွေ့လောက်ဘူး၊ ဦးသိန်းဇော်နဲ့တော့ တွေ့ချင် တွေ့မှာပေါ့”ဟု MPC က ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။
လဝက က ဦးဆောင် ပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်ရောက်ကြမယ့် UWSA တာဝန်ရှိသူတွေက ကချင် လွတ်လပ်ရေး တပ်ဖွဲ့(KIO) ဗဟို ဌာနချုပ် လိုင်ဇာနဲ့ ကရင် အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ် နယ်မြေ လော်ခီးလာတို့မှာ ကျင်းပတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တွေ့ဆုံ ညှိနှိုင်းကြတဲ့ ညီလာခံတွေကို ဘာသာစကား အခက်အခဲ အကြောင်းပြချက်နဲ့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
UWSA က တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးရေး စတဲ့ ကိစ္စတွေမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ရှင်းလင်းတဲ့ ပြောဆိုချက်တွေ ထွက်ပေါ် မလာသေးပေမယ့် “ဝ” ဒေသကို သီးသန့် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” ရရှိရေး အတွက် လွှတ်တော် အတွင်းနဲ့ လွှတ်တော် ပြင်ပကနေ တစိုက်မတ်မတ် တောင်းဆိုနေတာကို တွေ့ရပါတယ်။
၀ ဒေသကို သီးသန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် ရရှိရေး လွှတ်တော်မှာ အဆို တင်သွင်းခဲ့တဲ့ ဝ တိုင်းရင်းသားများ တိုးတက် ရေး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပေါင်းနပ်က“သူတို့ (UWSA တာဝန်ရှိသူတွေ) တကယ်လို့ လာလို့ သမ္မတ နဲ့ တွေ့မယ်ဆိုရင် အခုက အပစ်အခတ်ရပ်စဲတာတော့ လုပ်ပြီးပြီ၊ ဆက်ပြီး အကောင်အထည် ဖော်ဖို့ ဆွေးနွေးကြမှာပဲ၊ နောက်တခု ဝ ပြည်နယ် ကိစ္စကို သူတို့တင်ပြမှာပဲ၊ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့အထဲမှာ ထည့်သွင်းပြီး ပြဌာန်းပေးဖို့ သူတို့ တင်မှာပဲ”လို့ ဧရာဝတီကို ပြောပါတယ်။
UWSA က “ဝ” ဒေသအား သီးသန့် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” ရရှိရေး အတွက် လွှတ်တော် အမတ် ကနေ တဆင့် တင်ပြ ထားသလို၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော်တို့နဲ့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန် ဆီကို တင်ပြပေးဖို့ တောင်းဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင် ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့နဲ့ UWSA တပ်ဖွဲ့က ခေါင်းဆောင်တချို့ဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆန်းမြို့နယ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေး တယ်။
UWSA ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူထားပေမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲခြင်း မရှိဘဲ ကိုယ်ပိုင် စစ်တပ်နဲ့ သီးသန့် နေထိုင် လုပ်ပိုင်ခွင့်ကို ရရှိထားတဲ့ အခွင့်ထူးခံ အဖွဲ့ အဖြစ် ဝေဖန်မှုတွေ ရှိနေပြီး တရုတ်အစိုးရ ကျောထောက် နောက်ခံ ပြုထားမှုကြောင့် မြန်မာအစိုးရ အပေါ် အလေးထားမှု မရှိဟု နိုင်ငံရေး အကဲခတ်တွေရဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေ ပါတယ်။
UWSA ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။