[irrawaddy_gallery]
မြန်မာနိုင်ငံအတွင်း ရန်ကုန်နဲ့တောင်ကြီး မြို့တွေ အပါအဝင် နေရာတချို့မှာ နှစ်စဉ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ရှမ်းပြည် အမျိုးသားနေ့ကို ကျင်းပကြပါတယ်။
အခုနှစ်မှာတော့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ဗဟိုဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်း တောင်ပေါ်မှာလည်း ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်မှာ မေးတင်တည်ထားတဲ့ လွယ်တိုင်းလျန်း တောင်ပေါ်က လမ်းတွေဟာ မတ်စောက်ပြီး ဇောက်ထိုးဆင်း၊ ဦးမော့တက်တွေ များတာကြောင့် ခရီးလမ်းပန်းက ခက်ခဲကြမ်းတမ်းလှပါတယ်။
ဒါပေမယ့် ရှမ်းပြည် အမျိုးသားနေ့မှာတော့ ရှမ်းစစ်သားတွေ၊ သံဃာတော်တွေနဲ့ ရှမ်းရိုးရာ ဝတ်စုံတွေဆင်မြန်းပြီး သွားလာနေကြတဲ့ ပြည်တွင်း ပြည်ပက ရှမ်း တိုင်းရင်းသူ၊ တိုင်းရင်းသားတွေနဲ့ ကြက်ပျံမကျ စည်ကား နေပါတော့တယ်။
ဒီပွဲကို တက်ရောက်နိုင်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေက ရာနဲ့ချီတဲ့ ရှမ်းတိုင်းရင်းသားတွေ ဆိုရင် လမ်းခရီးမှာတင် တပတ် လောက် ကြာတယ်လို့ ဆိုပါတယ်။ နယ်စပ်ဂိတ်တွေမှာ တင်းကျပ်မှုတွေ ရှိနေတဲ့ ကြားထဲကပဲ ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသား တွေ ကလည်း အခက်အခဲတွေ ကြားထဲက အရောက်လာခဲ့ ကြပါတယ်။
အထက်တန်းကျောင်း၊ ဆေးရုံ၊ ဒုက္ခသည် စခန်းတွေလည်း ရှိနေတဲ့အပြင် ဧည့်သည်တွေလာရင် တည်းခိုဖို့အတွက် တည်းခိုရိပ်သာ နဲ့ Resort လိုမျိုးတွေလည်း ရှိတာကြောင့် လွယ်တိုင်းလျန်း ဗဟိုဌာနချုပ် အင်အားက မနည်းလှပါ။
ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နေတဲ့ အိမ်ကနေ ပွဲကျင်းပရာ ကွင်းပြင်ကျယ်ကြီး အထိ တမိုင်လောက်ကွာဝေးတဲ့ လမ်းရဲ့ ညာဘက် အခြမ်းမှာ တပ်မိသားစုတွေ ဖွင့်ထားတဲ့ ဈေးဆိုင်တွေ၊ အိမ်တွေရှိသလို ဘယ်ဘက်အခြမ်း တလျှောက်မှာလည်း ပွဲဈေးတန်းကြီး ရှိပါတယ်။ ဆိုင်တွေထဲမှာလည်း စည်စည်ကားကား ရှိနေပါတယ်။
အခမ်းအနား ကျင်းပရာ တောင်ထိပ်က ကွင်းပြင်ကြီးထဲမှာတော့ ပြောက်ကျား စစ်ဝတ်စုံတွေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထား တဲ့ ခြေလျင်တပ်၊ ကွန်မန်ဒိုတပ်၊ လောင်ချာတပ်၊ ဘင်ခရာတပ်တွေ အသီးသီးနေရာ ချထားတာ တွေ့ရပါတယ်။ အရေအတွက် အားဖြင့် ထောင်ဂဏန်းရှိတယ်လို့ ခန့်မှန်းရပါတယ်။ ရှမ်းပြည် အမျိုးသားနေ့ ဆိုင်းဘုတ် ကိုင်ဆောင်ထားသူ အများအပြားလည်း ကွင်းထဲ မှာ ရှိနေပါတယ်။ ကွင်းပတ်လည်မှာ ရှမ်းအလံငယ်တွေကို ကိုင်ပြီး ဝှေ့ယမ်းနေကြတဲ့ တိုင်းရင်းသားတွေရှိနေပြီး ကွင်းကြီးတကွင်း လုံး အရောင်အသွေးစုံ ပြည့်နှက်နေပါတယ်။
စင်မြင့်ပေါ်မှာတော့ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်၊ RCSS/SSA ဗဟိုကော်မတီဝင်တွေ၊ သံဃာတော်တွေ အပါအဝင် တိုင်းရင်းသား ခေါင်း ဆောင် တရာလောက် တက်ရောက်တာ တွေ့ရပါတယ်။ အဲဒီ အထဲမှာ SSA ရဲ့ မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) မှ ကိုယ်စားလှယ်တချို့နှင့် ပြည်တွင်း၊ ပြည်ပက လူထုအခြေပြု အဖွဲ့တွေက ကိုယ်စားလှယ်တချို့လည်း ပါဝင်ပါတယ်။
အခမ်းအနားမှာ ဒုဗိုလ်ချုပ်ကြီးယွက်စစ် က ရှမ်းအမျိုးသား တရပ်လုံး ညီညွှတ်ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး နိုင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေး၊ မူးယစ်ဆေးဝါး အမြစ်ပြတ်တိုက်ဖျက် ချေမှုန်းရေး၊ ထာဝရ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ဆောက်နိုင်ရေး အပါအဝင် ရှမ်းပြည်နယ်နေ့ အကြောင်းနဲ့ ပင်လုံစာချုပ်အကြောင်း မိန့်ခွန်းပြောကြားပါတယ်။
အလားတူ ရှမ်းပြည် အမျိုးသားနေ့၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ပင်လုံစာချုပ်တို့ရဲ့ အရေးပါပုံကို KNU အထွေထွေအတွင်း ရေးမှူး ဖဒိုကွယ်ထူးဝင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ၊ KIO ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွန်းဒေါင် တို့က အသီးသီး မိန့်ခွန်းများ ပြောကြားကြသလို သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း တို့ကလည်း သဝဏ်လွှာများ ပေးပို့ ခဲ့ပါတယ်။
ဒါပေမယ့် ဦးသိန်းစိန်ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရရှိရန် အတွက် ဗိုလ်ချုပ်အောင်ဆန်းက ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီလောက် ရှမ်းပြည်နယ် ရောက်လာခဲ့တာကို ဖေဖော်ဝါရီလ ၇ ရက်နေ့လို့ သဝဏ်လွှာမှာ ဖော် ပြထားတာကြောင့် အခမ်းအနား တက်ရောက်သူ ရှမ်းလူမျိုး သက်ကြီးပိုင်းတချို့က သမိုင်းလိမ်တယ် ဆိုပြီး ဝေဖန်ပြစ်တင်သံ တွေ လည်း ကြားခဲ့ရပါတယ်။
SSA နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး အနီးဆုံးမှာရှိနေတဲ့ “ဝ”ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA) ကတော့ ဒီနှစ် ထူးထူးခြားခြား တက်ရောက်မလာတဲ့အတွက် နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးအခြေအနေက စိတ်ဝင်စားစရာ ဖြစ်သွားပါတယ်။ အခမ်းအနား အပြီး ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ မေးမြန်း ကြည့်ရာမှာ ခေါင်းဆောင်တွေ အချင်းချင်း ဆက်သွယ်ပြောဆိုမှုတွေ မရှိကြပေမယ့် အောက်ခြေအဆင့်တွေမှာတော့ အဆက်အသွယ် ရှိတယ်လို့ ဆိုပါတယ်။
ညပိုင်းမှာတော့ RCSS/SSA ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေဟာ ၆၇ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ တက် ရောက် လာသူ အားလုံးနဲ့အတူ ကွင်းပြင်အတွင်း ငှက်ပျောရွက်တွေခင်းထားတဲ့ ဝိုင်းတွေပေါ်မှာ ညစာနဲ့ ဧည့်ခံခဲ့သလို ရှမ်းရိုးရာ အက မျိုးစုံ အပါအဝင် ရှမ်း အဆိုတော်တွေကလည်း သီဆိုဖျော်ဖြေ ကြပါတယ်။
နောက်ပိုင်းမှာတော့ တေးရေး၊ တေးဆို ဒေါက်တာ စိုင်းခမ်းလိတ်က ရှမ်းတိုင်းရင်းသားများ နားယဉ်နေပြီ ဖြစ်တဲ့ “ပင်လုံစာချုပ်” ဆိုတဲ့ သီချင်းကို ရှမ်းဘာသာနဲ့ သီဆိုချိန်မှာ ရဲဘော်တွေ၊ ပရိသတ်တွေအားလုံးက သူနဲ့အတူ လက်သီးလက်မောင်း တန်းပြီး သံပြိုင် သီဆိုကြပါတယ်။
သူ့သီချင်း စာသားကတော့ လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့ကြတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပင်လုံစာချုပ် လက်မှတ် ရေးထိုး ခဲ့ကြတယ်။ ပြည်ထောင်စု တည်ဆောက်ရေးမှာ တန်းတူညီမျှမှု မရှိရင် ရှမ်းတွေ အနေနဲ့ ၁၀ နှစ် အကြာမှာ ခွဲထွက်လိုရင် ခွဲထွက်မယ်။ အခုအချိန်မှာတော့ နှစ် ၂၀ တောင် မကတော့ဘူး၊ အလူးအလဲ ခံနေရတယ်၊ ပင်လုံစာချုပ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ပါသွားပြီလား” စတဲ့ သူ့သီချင်းအဓိပ္ပာယ် အတိုချုပ်ကို ရှမ်းရဲဘော် တချို့က ဘာသာပြန်ပေး ကြပါတယ်။
သီချင်းအဆုံးမှာတော့ ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် မီးရှုးမီးပန်းတွေ ပစ်ဖောက်လိုက်တဲ့ အတွက် လွယ် တိုင်းလျန်း တောင်ထိပ်က ကောင်းကင်ယံမှာ မီးပန်းတွေ လင်းလက် ထိန်ထိန် ပွင့်လန်းလို့ နေပါတော့တယ်။
ရှမ်းတိုင်းရင်းသားတို့ရဲ့ မျှော်လင့်ချက်ကိုထင်ဟပ်တဲ့ ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ မြင်ကွင်းက ငြိမ်းချမ်းရေးနဲ့ သာတူညီမျှရှိမယ့် အနာဂတ်တခုကို ဦးတည် အားယူနေခြင်း ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ ။