ပလောင်(တအာင်း) ဒေသခံများ နေထိုင်သည့် ဒေသများတွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားရခြင်းသည် ဘိန်း စိုက်ပျိုးမှုနှင့် ပတ် သက်နေပြီး အစိုးရနှင့် ပြည်တွင်း စီးပွားရေးသမား ခရိုနီများက ဘိန်း စိုက်ပျိုးမှု၏ နောက်ကွယ်တွင် ပါဝင်နေကြောင်း ပလောင်(တအာင်း)အမျိုးသမီး အဖွဲ့အစည်းက ပြောသည်။
“ကျမတို့ ပလောင်(တအာင်း) ဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေ ၉၁ ရာခိုင်နှုန်းလောက် ပျက်စီး နေပါတယ်၊ ကျမတို့ဘက်မှာ ဘိန်းမည်းတွေ ရတယ်၊ ဘိန်းဖြူတွေ ရတယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ အစုံ၊ အကုန်ရတယ်၊ စိုက်ပျိုးတဲ့ မြေကို ကြည့် ရင် တရုတ်တွေ များတယ်၊ အစိုးရနဲ့ ခရိုနီတွေ ပါဝင်နေတာကို တွေ့ရတယ်”ဟု ပလောင် အမျိုးသမီး အဖွဲ့မှ မဒီဒီပိုးကျိန်က ဆိုသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ပလောင် အမျိုးသမီး အဖွဲ့က သုတေသန ပြုထားသည့် ပလောင် ဒုက္ခသည်များနှင့် ပတ်သက်သည့် “လျစ်လျူရှူခံ အကြပ်အတည်းများ” စာတမ်း အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
“ဒီလ အတွင်းမှာပဲ UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး) က ကျမတို့ ပန်ဆေး ဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လို စိုက်ပျိုးမှုတွေ ရှိနေသလဲ ဆိုတာကို လာရောက် လေ့လာ စစ်ဆေးတဲ့ အခါမှာ အဲဒီ အဖွဲ့ဝင်တွေ အရိုက်ခံ ရတယ်၊ ရိုက်တဲ့သူတွေက ပြည်သူ့စစ်တွေ ဖြစ်တယ်၊ ဒါကို ကြည့်ချင်းအားဖြင့် အစိုးရ ပါဝင်နေတယ် ဆိုတာ လုံး၀ မငြင်းနိုင်ဘူး” ဟု မဒီဒီပိုးကျိန်က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ဒေသများ၌ တိုက်ပွဲ ဖြစ်ပွားမှု အများဆုံး အချိန်သည် ဘိန်းစေးခြစ်သည့် ရာသီချိန် ဖြစ်ပြီး ဘိန်းခြံများ ရှင်းလင်းချိန်တွင် နှစ်ဘက်တပ်များ ထိပ်တိုက် တွေ့ဆုံမှု များကြောင်း၊ ဘိန်း စိုက်ပျိုးမှု အများဆုံး ဒေသဖြစ်သည့် ပန်ဆေး ဒေသသည် အစိုးရ စစ်တပ်များ လုံခြုံရေး အများဆုံး ယူထားသည့် နေရာ ဖြစ်ကြောင်း ယင်းစာတမ်းတွင် ဖော်ပြ ထား သည်။
ယခု ရက်ပိုင်း အတွင်း၌ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် အစိုးရတပ် အကြား ဖေဖော်ဝါရီ ၂၄ ရက် အထိ နမ့်ခမ်း နယ်မြေ ပန်ဆေး ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ TNLA နှင့် အစိုးရတပ်များ ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲ ဆယ်ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ယင်းဒေသတွင် ဒုက္ခသည် စခန်း ၇ ခု ထပ်တိုးလာပြီး ဒုက္ခသည်များသည် ကူညီထောက်ပံ့မှု မရကြဘဲ အကြပ် အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပလောင် အမျိုးသမီး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံနဲ့ နမ့်ခမ်းမြို့များ၌ ၂၀၁၂ ခုနှစ်တွင် ဒုက္ခသည် စခန်း ၂ ခုရှိရာက ၂၀၁၃ ခုနှစ်အတွင်း ဒုက္ခသည် စခန်းပေါင်း ၇ ခု အထိ ထပ်တိုးလာပြီး စခန်း ၉ ခုအထိ ရှိလာသည်။
ဒုက္ခသည် ၃၀၀၀ ကျော် စားဝတ်နေရေး အကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း “လျစ်လျူရှုခံ အကြပ်အတည်းများ” စာ တမ်း တွင် ပါရှိသည်။
ဒုက္ခသည် အများစုသည် ပလောင် ဒေသဖြစ်သည့် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆမ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ စသည့် ဒေသများက ထွက်ပြေး လာကြသည့် ဒေသခံများ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က စတင်ပြီး ယင်းဒေသများတွင် တိုင်းရင်းသား လက်နက် ကိုင် မဟာမိတ် တပ်များနှင့် အစိုးရ စစ်တပ် အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်ကြောင်း သိရသည်။
ယင်းဒေသများကို TNLA က အဓိက ထိန်းချုပ်ထားပြီး မဟာမိတ်တပ်များ ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) တို့ ပူးပေါင်းပြီး အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း ဒေသခံများက ပြောဆိုသည်။