ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးချဲ့ရန် အတွက် မြဝတီ – မဲဆောက် ဒေသတွင် မြစ်ကူး တံတားသစ် တစင်း ထပ်မံ ဆောက်လုပ်ရန် စီစဉ် နေကြောင်း သိရသည်။
တံတားတည်ဆောက်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများက သဘောတူညီထားပြီး လာမည် ၂၀၁၅ ခုနှစ်အတွင်း စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း မြဝတီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် က ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် နှစ်ဘက်တာဝန်ရှိသူများက တံတား တည်ဆောက်မည့် နေရာများကို သတ်မှတ်၍ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တံတား ဆောက်လုပ်ရေး အတွက် ကန်ထရိုက် လုပ်ငန်း မည်သူ ရရှိမည်ကိုမှု မသိရှိ ရ သေးပေ။
“လမ်းတွေ ဆောက်လုပ်တာက ထိုင်းက ကန်ထရိုက် ရထားတာပဲ ရှိတယ်၊ တံတား တည်ဆောက်ဖို့ ကိစ္စကတော့ ဘယ်သူ့ကို ပေး မလဲ မသိရသေးဘူး၊ ဒါပေမယ့် ဘယ်သူဆောက်ပါဆိုတဲ့ အမိန့်ကတော့ မချသေး ပါဘူး”ဟု ဒေါ်သင်းသင်းမြတ်က ပြောသည်။
တံတားသစ်သည် မဲဆောက်မြို့နှင့် မြဝတီမြို့နယ်ရှိ ယခင် ကုန်သွယ်ရေးဇုန်အနီးကို ဆက်သွယ်မည် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၂ တည်ဆောက်မည့် မြေနေရာတို့ကို ယခုလ ၂၂ ရက်က ကြည့်ရှု စစ်ဆေးခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြဝတီ သတင်း တွင်လည်း ဖော်ပြထားသည်။
ထပ်မံ တည်ဆောက်မည့် တံတားသစ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံး ဘက်စုံ စီမံကိန်းနှင့် ဆက်စပ်သည့် တံတား တခုဖြစ်လာ မည်ဟု ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားထားသည်။
“အဲဒီ စီမံကိန်းဟာ ဘတ်ငွေ ၂.၂ သန်း ကုန်ကျခံပြီး ဆောက်လုပ်မယ့် မဲဆောက်မြို့အထူး စီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက် တယ်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း(AEC) အတွက် ဖြစ်နိုင်တယ်၊ မြန်မာ အစိုးရကတော့ ကွင်းဆင်းလေ့လာတာတွေ ထိုင်းထက် အရင် လုပ်နေပြီ”ဟု တာခ့်ခရိုင် စီးပွားရေးဆိုင်ရာ အကြီးအကဲ Mr. Charin Hansuebsai က ပြောကြားကြောင်း ယမန်နေ့က မတ်တိချွန်း(matichon)အင်တာနက် စာမျက်နှာတွင် ဖော်ပြသည်။
ကရင်ပြည်နယ် မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတားတစင်း ရှိပြီး ဖြစ်သော်လည်း ထိုတံတားမှာ သက်တမ်း ရင့်လာသဖြင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာရန် မသင့်လျော်တော့ကြောင်း၊ ထို့ကြောင့် တံတား အသစ် ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန်အလှန် တင် ပို့နေသည့် ကုန်စည် စီးဆင်းမှု အကြီးဆုံး ဂိတ်ဖြစ်သည်။
သို့သော် နှစ်ဘက်ကုန်သည်များက တရားဝင်တံတားပေါ်က တင်ပို့မှု နည်းပါး သကဲ့သို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင်ကုန် သွယ်ကြသူများလည်း ရှိကြသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြဝတီဘက်သို့ တင်ပို့ကြပြီး မြန်မာ ဘက်မှ ကုန်ပစ္စည်း ဘတ်သန်း ၄၀၀ ဖိုး ခန့် မဲဆောက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။