မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောဆို လိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ထောက်ခံမှုတွေ မရှိဘဲနဲ့တော့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အခုလို အခြေအနေအထိ ဖြစ် လာမှာ မဟုတ်ဘူးလို့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ လက်ထောက် ကာကွယ်ရေး ဝန်ကြီး အဖြစ် အမည်တင်သွင်း ခံထားရသူ မစ္စတာ ဒေးဗစ် ရှီးယားက ကွန်ဂရက် ကြားနာပွဲမှာ ထည့်သွင်းပြောဆိုတဲ့အကြောင်း အေပီ သတင်းတပုဒ်က ဖော်ပြပါတယ်။
စစ်အုပ်ချုပ်ရေး အောက်မှာ ဆယ်စုနှစ် ၅ ခုလောက် နေထိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အစိုးရက ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေး တွေ လုပ်လာတာကြောင့် အမေရိကန် နဲ့ အခြား အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေး ကန့်သတ် ပိတ်ဆို့ အရေးယူထားတာတွေကို အလျင်အမြန်ပဲ ဖြေလျှော့ပေးခဲ့ပါတယ်။
မြန်မာ စစ်တပ်အတွင်းမှာပဲ ပြုပြင်ပြောင်းလဲရေးကို အားပေးမှုရှိဖို့ အမေရိကန်ကတော့ မျှော်လင့်ထားသလို တဖက်ကလည်း စစ်ဥပဒေတွေ၊ လူ့အခွင့်အရေးကိစ္စတွေ စတင် ပြောဆို လာခဲ့ပေမယ့် မြန်မာစစ်တပ် အပေါ် ဆက်ဆံမှုတွေကတော့ အတော် အကန့်အသတ်နဲ့ ရှိနေဆဲပါ။
“မြန်မာနိုင်ငံမှာ လုပ်ဆောင်နေဆဲ ပြုပြင်ပြောင်းလဲရေးတွေနဲ့ပတ်သက်ပြီး အောင်မြင်မှုတွေ အားလုံးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ မြန်မာတပ်မတော်နဲ့ ကျနော်တို့က ပိုပြီး ထိတွေ့ဆက်ဆံသွားမှာပါ”လို့ မစ္စတာ ရှီးယားက ဆိုပါတယ်။
သူက ဆက်ပြီး အဲဒီလို အမေရိကန်ရဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုကလည်း အလွန်ပဲ အကန့်အသတ်များပြီး ခြွင်းချက်တွေနဲ့ ထိတွေ့ ဆက်ဆံမှုမျိုးပါလို့လည်း ပြောပါတယ်။
ဒါပေမယ့် ၁၉၈၈ ခုနှစ်တုန်းက ဒီမိုကရေစီ တောင်းဆို ဆန္ဒပြခဲ့ကြသူတွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ် ချေမှုန်းခဲ့ပြီးနောက် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ရပ်ဆိုင်းခဲ့တဲ့ ပိတ်ပင်ထားမှုကို ရုပ်သိမ်းဖို့ ပြန် စဉ်းစားမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရ Jen Psaki က သတင်းထောက်တွေကို ပြောပါတယ်။
“အမေရိကန် က မြန်မာအပေါ် စစ်လက်နက်ပစ္စည်း ရောင်းချရေး ဒဏ်ခတ် ပိတ်ဆိုထားမှုကိုတော့ ဖြေလျှော့ ဖယ်ရှားဖို့ စဉ်းစားမှာ မဟုတ်ပါဘူး”လို့ Jen Psaki က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ဒါပေမယ့်လည်း သမ္မတအိုဘားမား အစိုးရအတွက် ဆက်လက်လုပ်ဆောင်ဖို့ အတားအဆီးတခုက မြန်မာ အစိုးရ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရှိနေတယ် ဆိုတဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေတဲ့ အတွက် စစ်ရေး မပါတဲ့ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ နိုင်ရေး အတွက်ကိုပင် ကွန်ဂရက် လွှတ်တော်အတွင်း အတိုက်အခံပြုလုပ်တာတွေ ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မကြာသေးခင်ထိ တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာ ရှီးယားက လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းဆိုးတွေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု သမိုင်းကြောင်းတွေ ရှိတဲ့ မြန်မာ စစ်တပ်အပေါ် အမေရိကန်က ရှင်းရှင်းလင်းလင်း မြင်ချင်တာပါလို့လည်း မှတ်ချက်ပေးထားပါတယ်။
မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆက်ဆံရေး အဆုံးသတ်မှုတွေ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေမှာ မြန်မာအနေ နဲ့ တိုးတက်မှုတွေ ရှိလာရင်တော့ မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး ဆိုတာက ဘယ်လိုနည်းနဲ့မဆို တိုးမြှင့်သွားမှာ ဖြစ် တယ်လို့လည်း သူက ပြောဆိုပါတယ်။
မစ္စတာ ရှီးယားအနေနဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာဖို့ အတွက် အထက် လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။