ဒေါ်အောင်ဆန်းစုကြည် ဘယ်သူနဲ့ ညှိမလဲ

စည်သူအောင်မြင့်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန် အစိုးရသက်တန်း သုံးနှစ်တာ ကာလ ရောက်လာတဲ့အခါ ပို ပိုပြီး ပီပြင်လာတာ တစ်ခုကတော့ အရင်က တစည်းတလုံး တအုပ်စုထဲ ဖြစ်ခဲ့တဲ့ အာဏာပိုင်တွေထဲမှာ အုပ်စု နှစ်စု ကွဲလာနေတဲ့ ပြဿနာပါ။ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က တစ်ဖက်၊ လွှတ်တော်နာယက သူရဦးရွှေမန်းခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက တဖက် ဖြစ်ပါတယ်။

ဒီ အုပ်စုနှစ်စု သဘောထားကွဲ၊ အာဏာအားပြိုင်မှုတွေ ဖြစ်နေတာကို “ အုပ်ချုပ်ရေးနဲ့ ဥပဒေ ပြုရေး ပုံမှန် ပွတ်တိုက်မှုတွေ ဖြစ်တာပါ” လို့ ဖုံးဖုံးဖိဖိ ပြောဆိုနေကြပေမယ့် အာဏာအားပြိုင်မှုဟာ တကယ်ပဲဆိုတာကတော့ အချက်အလက် အထောက်အထား အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ ကောင်းပါပြီ။ လက်ရှိ ပေါ်ပေါက်လာတဲ့ အုပ်စုကြီး နှစ်စုအပေါ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီ ပါတီ ဘယ်လို သဘောထားမလဲ၊ ဒီမိုကရေစီရေးအတွက် အုပ်စု နှစ်ခုစလုံးကို ဆန့်ကျင်မလား၊ အုပ်စု နှစ်ခုစလုံးနဲ့ အပေးအယူ ညှိနှိုင်းတာမျိုး လုပ်မလား၊ အုပ်စု တစ်စုစုဘက် ဦးတည်ပြီး ညှိနှိုင်းတာမျိုး လုပ်မလား စနစ်တကျ စဉ်းစား ရွေးချယ်ရမယ့် အချိန်တိုင်လာပါပြီ။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘယ်လမ်းကြောင်းကို ရွေးချယ်ထားသလဲ၊ အဲဒီ လမ်းကြောင်းအတိုင်း သွားရင် ရည်မှန်းချက်တွေ ပေါက်ရောက်ပါ့မလား၊ ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေး တင်ပြသွားပါ့မယ်။

အစိုးရ၊ စစ်တပ် အုပ်စုနဲ့ လွှတ်တော်ကို ချုပ်ကိုင်ထားတဲ့ သူရဦးရွှေမန်းရဲ့ ပြည်ခိုင်ဖြိုး အုပ်စုအကြား နောက်ဆုံး ထင်ရှားတဲ့ အားပြိုင်မှုတစ်ခုကတော့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့စွဲနဲ့ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီကို ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပေးပို့တဲ့ လုပ်ငန်းဆိုင်ရာ အခြေခံမူထဲ ဘွားဘွားကြီးပေါ်လွင်နေပါတယ်။ အဲဒီအထဲမှာ အချိန်ဇယား အပါအဝင် အရေးကြီးတဲ့ အချက်တချို့ ပါဝင်ပါတယ်။ ဒီ အချက်တွေ အများကြီးထဲကမှ အပိုဒ် ၁၊ (ခ)၊ ၅၊ (ဃဃ) မှာ ခုလို ဖော်ပြထားပါတယ်။

“ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ များနှင့် ပြည်ထောင်စု ဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ညီညွတ်မှု ရှိစေရေး” ဖြစ်ပါတယ်။ ဒီ ဖော်ပြချက်ဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေဘက်ကို ရည်ညွှန်းတယ် ဆိုတာ နိုင်ငံရေး စိတ်ပါဝင်စားသူတွေ နားလည်ကြပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နဂို ရေးဆွဲ ပြဌာန်းခဲ့သူတွေရဲ့ အဓိက လိုအင်ဆန္ဒကိုလည်း ပြောင်းလဲပစ်ဖို့ ရည်ရွယ်တာ တွေ့နိုင်ပါတယ်။

အလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံးပြောရရင် နဂို ဖွဲ့စည်းပုံမှာ ထည့်သွင်းထားတာတွေက ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ကို အဓိက မဏ္ဍိုင် အင်အားစုအဖြစ်ထား၊ စစ်တပ်က မွေးထုတ်ပေးလိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီက အရံနေရာက နေ ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အခု သူရဦးရွှေမန်း ပြင်လိုတဲ့အတိုင်းသာ ပြင်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီဟာ အဓိကမဏ္ဍိုင် အင်အားစု ဖြစ်လာမယ် ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ကတော့ အရံအင်အား ဖြစ်သွားမှာ ဖြစ်လို့ပါပဲ။ အကြောင်းကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ သမ္မတ၊ ဒု သမ္မတ၊ ဝန်ကြီး လုပ်ချင်ရင် လက်ရှိ ကာလ လို တပ်ကနေ ယူနီဖေါင်းချွတ်ပြီး တိုက်ရိုက် နေရာဝင်ယူတာမျိုး လုပ်လို့ ရတော့မှာ မဟုတ်ပဲ၊ အချိန်ကာလ တစ်ခုရောက်ရင် ယူနီဖေါင်းချွတ်၊ ပြည်ခိုင်ဖြိုးပါတီထဲဝင်၊ ပါတီရဲ့ ဦးဆောင်မှု တနည်း လောလောဆယ် အခြေအနေအရ သူရ ဦးရွှေမန်းရဲ့ ဦးဆောင်မှု ခံယူပြီး ရွေးကောက်ပွဲဝင်၊ ရွေးကောက်ခံရပြီးမှ နိုင်ငံ့ထိပ်ပိုင်း ရာထူးတွေအတွက် မျှော်မှန်းနိုင်မှာ မို့လို့ပဲ ဖြစ်ပါတယ်။

သူရဦးရွှေမန်း ဖြစ်ချင်တာတွေ ဖြစ်လာတာ မဖြစ်လာတာ အသာထားပြီး ဒီလို အခြေအနေမျိုးကို အင်န်အယ်လ်ဒီ ပါတီက ဘယ်လို ချဉ်းကပ် သုံးသပ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ လောလောဆယ် လုပ်ကိုင် ဆောင်ရွက်မှုတွေအရ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရ အင်န်အယ်လ်ဒီ ရဲ့ ရည်မှန်းချက်ဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အဓိက အခက်အခဲ နှစ်ခု နဲ့ ရွေးချယ်စရာ နှစ်ခု ကို ရင်ဆိုင်ရပါလိမ့်မယ်။ ပထမ ဦးဆုံး အခက်အခဲက ဖွဲ့စည်းပုံထဲမှာ သမ္မတ ကို ပြည်သူတွေက တိုက်ရိုက်ရွေးကောက်ခွင့် မရှိသလို၊ ပြည်သူတွေက ရွေးချယ်လိုက်တဲ့ အမတ်တွေချည်းပဲလည်း ရွေးချယ်ခွင့် ပေးမထားပါဘူး။ ဖွဲ့စည်းပုံ ပုဒ်မ ၆၀ ပါ။ ဒီ ပြဌာန်းချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် မဆိုထားနဲ့ အင်န်အယ်လ်ဒီ ထဲက တစ်ယောက်ယောက်၊ အင်န်အယ်လ်ဒီ က တင်လိုတဲ့ တစ်ယောက်ယောက် သမ္မတ ဖြစ်ရေး မလွယ်ကူပါဘူး။ ဒါဟာ အကြီးမားဆုံး အခက်အခဲပါ။ ဒီ အခက်အခဲကို ကျော်နိုင်ရင်၊ ပုဒ်မ ၆၀ ကို နည်းနည်းလေး ပြင်နိုင်ရင် အင်န်အယ်လ်ဒီ က တင်တဲ့ တစ်ယောက်ယောက် သမ္မတ ဖြစ်လာနိုင်၊ အစိုးရ ဖွဲ့လာနိုင်ပါတယ်။

နောက်အခက်အခဲတစ်ခုက အားလုံးသိကြတဲ့ ပုဒ်မ ၅၉(စ) ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မတင်မြှောက်နိုင်အောင် တားဆီးထားတဲ့ အခက်အခဲပါ။ ကောင်းပါပြီ။ ဒီ အခက်အခဲ နှစ်ခုကို ကျော်ဖြတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာပါပြီတဲ့။ လက်ရှိ ဖွဲ့စည်းပုံထဲက အတိုင်းဆို တိုင်းပြည်မှာ ဒုတိယ အာဏာအရှိဆုံး လူပဲ ဖြစ်လာပါလိမ့်မယ်။ နံပါတ်(၁) သြဇာ အကြီးဆုံးဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်နေလို့ပါ။ ဒီလိုအခြေအနေမျိုးမှာ သမ္မတ မလုပ်ချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထုတ်ဖော်ပြောဆိုဘူးပါတယ်။ ဒါဆိုရင်တော့ ဖွဲ့စည်းပုံထဲက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပေးထားတဲ့ သြဇာအာဏာ အတော်များများ လျော့ချဖို့၊ အချက်အတော်များများ ပြင်ဖို့ လိုလာပါတယ်။ အဲဒါကို ဖြစ်အောင် လုပ်မလား။

ခြုံပြီးပြောရရင် ၂၀၁၅ ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီ တယောက်ယောက် သမ္မတ ဖြစ်ပြီး အစိုးရဖွဲ့ဖို့လောက်ပဲ ရည်မှန်းချက် ထားမလား၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အထိသွားမလား၊ ဒါထက်မက ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်မှာ နံပါတ်(၁) သြဇာ အရှိဆုံး သမ္မတ အဖြစ် သွားမလား ဆိုတာပါပဲ။ ဘယ်အထိ ရည်မှန်းချက်ထားရင် တကယ့်ကို အောင်မြင်နိုင်၊ ဖြစ်နိုင်မယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ စဉ်းစားဖို့ပါပဲ။

စစ်တပ်နဲ့ ပြည်ခိုင်ဖြိုး ဘယ်သူက အဓိကလဲဆိုတာ ပြန်ကြည့်ရင် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ စစ်အာဏာရှင်တွေဟာ စစ်တပ်အာဏာသုံးပြီး ရှင်းရှင်းလင်းလင်း အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်အထိ သမိုင်းတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီ သမိုင်းကို ပြန်ကြည့်လိုက်ရင်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဆိုတာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီ တစ်ခုပဲဖြစ်ပါတယ်။ ဘယ်တုန်းကမှ စစ်တပ်လောက် အရေးမပါခဲ့ပါဘူး။ ဒီနေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လို့ ခေါ်တဲ့ တစည၊ အရင် မဆလ ပါတီကို စစ်တပ်က စွန့်ခွာလိုက်တဲ့အခါ အဲဒီ ပါတီ ဘာမှ မဟုတ်တော့ပါဘူး။ အလားတူပါပဲ။ ဒီနေ့ ပြည်ခိုင်ဖြိုးဆိုတာ စစ်တပ်က မွေးဖွားပေးထားတာပါ။ စစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားတာပါ။ လက်နက်ကိုင်စစ်တပ်ရဲ့ ကျောထောက်နောက်ခံသာ မရှိရင် အဲဒီ ပါတီ ဘာမှ မဟုတ်တော့ပါဘူး။

ဒီအတွက် အင်န်အယ်လ်ဒီဟာ ဘယ်လို မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ ဘာပဲ လိုချင်သည်ဖြစ်စေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ညှိရပါမယ်။ စည်းရုံးရပါမယ်။ အပေးအယူ လုပ်ရပါမယ်။ မရဘူး မပေးဘူး ဆိုရင်လည်း တပ်မတော်ခေါင်းဆောင်တွေ ပေးလာအောင် ရလာအောင် နည်းပေါင်းစုံ အသုံးပြုရပါမယ်။ ဒါပေမယ့် အခြေခံအချက်ကတော့ တပ်မတော်ခေါင်းဆောင်တွေကို စည်းရုံးဖို့ပါပဲ။ တတိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိုင်းရင်းသား ပြည်သူတွေရော၊ အစိုးရ ဝန်ထမ်းတွေကပါ ဘာပဲ လိုချင်လိုချင် စစ်တပ်ကသာ မပေးချင်ဘူးဆိုရင် ဘာမှ မရနိုင်ဘူးဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးက သက်သေပြခဲ့ပြီးပါပြီ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဟာ တပ်မတော်ဘက်ကို မျက်နှာမူပြီး တပ်မတော်ခေါင်းဆောင်တွေကို အပေးအယူလုပ် ညှိနှိုင်းကြရပါမယ်။ ကောင်းမွန် ထိရောက်တဲ့ နိုင်ငံရေးသနင်္ဂဗျူဟာ၊ နည်းဗျူဟာ ချမှတ်ပြီး စည်းရုံးကြရပါမယ်။

လောလောဆယ် အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီ အတွက် တပ်မတော်ဘက် မျက်နှာမူ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း အပေးအယူ လုပ်ဖို့ တကယ့် အချိန်ကောင်း အခါကောင်း ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။

Loading