အရှုံးသမားကို ဒီမိုကရေစီက အာမခံတယ်

ညီစောလွင်

This article has been converted from Zawgyi One to Unicode

ယူကရိန်တော်လှန်ရေးက လိမ္မော်ရောင် တော်လှန်ရေး ၁၀ နှစ်ပြည့်နဲ့ တိုက်ဆိုင်ပါတယ်၊ သမတ ယန်နူကိုဗစ် ထွက်ပြေးသွားရတယ်။ နန်းတော်တမျှ သူ့အိမ်ကို နိုင်ငံပိုင် သိမ်းဖို့ လွှတ်တော်က ဆုံးဖြတ်ထားတယ်။ နောက်ဆုံး သတင်းကတော့ သူ့ကို ဖမ်းဖို့ ဝရမ်းထုတ်လိုက်တယ်ဆိုတာပါပဲ။

လွန်ခဲ့တဲ့ သုံးနှစ် ဝန်းကျင်က တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင် နိုင်ငံတွေက အာရပ် အာဏာရှင်တွေရဲ့ ကံကြမ္မာကို သတိရစရာပါပဲ။ ဒီသတင်းတွေအားလုံးဟာ ယူကရိန်း အတိုက်အခံတွေ အတွက်သာမက၊ အာဏာရှင်ဆန်တဲ့ အစိုးရ လက်အောက်က ပြည်သူတွေ အတွက် အားတက်စရာပါ။ ဒါပေမယ့် နေ့စဉ် နိုင်ငံတကာ သတင်းခေါင်းစဉ်းတွေကို ဖတ်ကြည့်ရင်ပဲ ယူကရိန်းနဲ့ ကံကြမ္မာတူတဲ့ အာရပ်နိုင်ငံတွေမှာ အခြေအနေ ရှုပ်ထွေးနေသေးတယ်ဆိုတာကို တွေ့နိိုင်ပါတယ်။  နိုင်ငံအလိုက် ပြဿနာတွေ အတိအကျ မတူပါဘူး၊ ဒါပေမယ့် တချက်တည်းနဲ့  ပြောရရင်တော့ ဒီမိုကရက်တစ် ယဉ်ကျေးမှုကိစ္စပါ။

ဒီမိုကရက်တစ်ယဉ်ကျေးမှုမှာ အရေးအကြီးဆုံး အစိတ်အပိုင်းကတော့ တခြားမဟုတ်ပါဘူး။ ၃၈ ဖြာ မင်္ဂလာထဲမှာ ပါတဲ့ ခန္ဓီစ သည်းခံခြင်းတရားပါပဲ။ ကိုယ်နဲ့ မတူတဲ့ ဝါဒအပေါ် သည်းခံခြင်း၊ ကိုယ်နဲ့ မတူတဲ့ ဘာသာတရားအပေါ် သည်းခံခြင်း၊ ကိုယ်နဲ့ မတူတဲ့ အတွေးအခေါ်ကို သည်းခံခြင်း၊ ကိုယ်နဲ့ မတူတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကို သည်းခံခြင်း၊ ကိုယ်နဲ့ မတူတဲ့ ပါတီက အလှည့်ကျ အာဏာယူထားတဲ့အခါ သည်းခံခြင်း၊ တခြားလူတွေရဲ့ အတွေးအခေါ်နဲ့ လွတ်လပ်ခွင့်တွေကို သည်းခံခြင်းတွေ အကျုံးဝင်ပါတယ်။

ယူကရိန်း နိုင်ငံရဲ့ အခြေအနေကို ပြန်ကောက်ချင်ပါတယ်။ ၂၀၀၄ လိမ္မော်ရောင် တော်လှန်ရေး အလွန် ကာလဟာ ယူကရိန်းအတွက် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ထူထောင်ဖို့ လမ်းပွင့်ခဲ့ပေမယ့် ဒီမိုကရက်တစ် ယဉ်ကျေးမှု မထွန်းကားခဲ့ပါဘူး။ နိုင်ငံရေးသမားတွေကြားက ပြင်းထန်တဲ့ အာဏာလုပွဲတွေ၊ အပြုတ်ချေမှုန်းရေး စိတ်နေစိတ်ထားတွေကြောင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ယိုယွင်းသွားခဲ့တယ်။

ထင်ရှားတဲ့ သာဓက တခုကတော့ လိမ္မော်ရောင် တော်လှန်ရေးမှာ ဖြုတ်ချခံလိုက်ရတဲ့ ယန်နူကိုဗစ်က ရွေးကောက်ပွဲနဲ့ တကျော့ပြန် အာဏာရလာတဲ့အခါမှာ လိမ္မော်ရောင် တော်လှန်ရေးခေါင်းဆောင်လည်းဖြစ်၊ အဓိက ပြိုင်ဖက် နိုင်ငံရေးသမားလည်း ဖြစ်တဲ့ ယူလီယာ တီမိုရှန်ကို ထောင်ချလိုက်တာပါ။ တနည်းအားဖြင့် ပြောရရင် ယူကရိန်း နိုင်ငံရေးမှာ အာဏာရရေးဟာ သေရေး ရှင်ရေး ကိစ္စဖြစ်တယ်။ အာဏာလက်လွှတ်သွားတာနဲ့ ဘဝပျက်သွားနိုင်တယ်။ ဒါကြောင့်ပဲ သမ္မတ ယန်နူကိုဗစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ပြီး သမ္မတရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ချဲ့ယူခဲ့တယ်။ နောက်ဆုံး ဥရောပသမဂ္ဂနဲ့ ပူးပေါင်းချင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို တင်းခံနေရင်းနဲ့ ကံကြမ္မာဆိုးက တပတ်လည် သွားတာပါပဲ။ လွှတ်တော်တွင်းက သူ့ပါတီက အမတ်တွေ ကိုယ်တိုင်က သူ့ကို ဖြုတ်ချဖို့ မဲပေးလိုက်ကြတယ်။ ရဲတွေနဲ့ စစ်တပ်ကလည်း သူ့ကို ကျောခိုင်းလိုက်ကြတယ်။ ရုရှက ကျားကန်ပေးပေမယ့် နောက်ဆုံး သမ္မတ စံအိမ်တော်ကနေ ဆင်းပြေးသွားရတဲ့ အထိပါပဲ။

ထိုင်းနိုင်ငံရဲ့ အကျပ်အတည်းကို ကြည့်ရင်လည်း ဒီမိုကရက်တစ်ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ ပြဿနာတွေကိုပဲ အလွယ် တွေ့ရနိုင်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ကံကြမ္မာက နိုင်ငံရေး သမားတွေအတွက် အာဏာရရေးဟာ သေရေး ရှင်ရေး ကိစ္စဆိုတာကို နမူနာ ပြလိုက်တယ်။ ဒီလိုနဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းရဲ့ အရေးကြီးတဲ့ မဏ္ဍိုင်တရပ်ဖြစ်တဲ့  ဖွဲ့စည်းပုံနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေထဲမှာ အကြောက်တရားတွေ၊ အတ္တတွေ၊ အာဃာတတွေကို ထည့်သွင်းဖို့ကြိုးစားတယ်။ ရွေးကောက်ပွဲမှာ လူများစု အနိုင်ရရင်၊ လွှတ်တော်မှာ အများစုကို ထောက်ခံမှုနဲ့ ဥပဒေတွေကို ရေးဆွဲနိုင်တာ လုပ်ထုံးလုပ်နည်း၊ တရားနည်းလမ်းကျတယ်လို့ အကောက်အယူလွဲသွားတာမျိုးပါ၊ ဖွဲ့စည်းပုံအရ (Constitutionalism) ဆိုတာ အများစုဝါဒ (Majoritarianism) လို့ အကောက်အယူလွဲသွားတယ်။

အာရတ်နွေဦးမှာ အဆင့်နှစ်ဆင့်ခွဲမယ် ဆိုရင် ပထမပိုင်း အာဏာရှင် ဖြုတ်ချရေးဖြစ်ပြီး ဒုတိယပိုင်းက ဒီမိုကရေစီယဉ်ကျေးမှု တည်ဆောက်ရေး အပိုင်းဖြစ်ပါလိမ့်မယ်။ နောက်တနည်းနဲ့ ပြောရရင် ပထမပိုင်းက ရွေးကောက်ပွဲတွေ၊ လွှတ်တော်၊ လွတ်လပ်တဲ့ နိုင်ငံရေးပါတီ၊ လွတ်လပ်တဲ့ လူထုအခြေပြုအဖွဲ့အစည်း၊ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် စတဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်တွေကို အခြေချဖို့ ဖြစ်ပြီး ဒုတိယပိုင်းကတော့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ နည်းမှန်လမ်းမှန် ရှင်သန် အားကောင်းရေး ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင် ဗဟုဝါဒ (Pluralism) ဒါမှမဟုတ် ခန္ဓီစ သည်းခံခြင်းတရား ထွန်းကားရေးပါပဲ။ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင် နိုင်ငံတွေအတွက် ဒုတိယပိုင်းက အခုမှ စရုံရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။

ဒုတိယပိုင်းက ပိုခက်မယ့် သဘောရှိပါတယ်။ ယူကရိန်းနဲ့ ထိုင်းနိုင်ငံ (အီဂျစ်မှာ မော်စီရဲ့ ကံကြမ္မာကိုပါ ထည့်ပြောလို့ ရနိုင်ပါတယ်) တို့က မီးမောင်းထိုးပြနေတဲ့ သင်ခန်းစာကတော့ “အရှုံးသမားအတွက် အခွင့်အရေး” လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ အရှုံးဟာ နိုင်ငံရေး သမားတယောက်အတွက်၊ နိုင်ငံရေး အုပ်စုတစုအတွက် သေရေး ရှင်ရေး ဖြစ်မသွားစေဖို့၊ အရှုံးသမားအတွက် နောက်တကြိမ် ဘယ်တော့မှ အာဏာမရနိုင်အောင် လမ်းပိတ်လိုက်တာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ အရှုံးသမားကို မြောင်းထဲ အတင်းမပို့နဲ့၊ ချောင်ပိတ်ပြီး မရိုက်နဲ့လို့ အတိုချုပ်နိုင်ပါတယ်။

အထင်ရှားဆုံးကတော့ အမေရိကန် ပြည်ထောင်စုမှာ ရီဗက်ပလစ်ကင်နဲ့ ဒီမိုကရက်၊  ဗြိတိန်မှာ လေဘာပါတီနဲ့ ကွန်ဆာဗေးတစ် ပါတီတို့ တလှည့်စီ အာဏာရနေတဲ့  ဥပမာပါပဲ။ ဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲမှုာ ရှုံးသွားလို့ ဘယ်နိုင်ငံရေးသမားမှ ဘဝမပျက်သွားနိုင်ပါဘူး။ အပြစ်မရှိဘဲ ထောင်ချမခံရနိုင်ပါဘူး၊ ပြည်ပြေးဘ၀ မရောက်နိုင်ပါဘူး။ ပစ္စည်း ဥစ္စာတွေကို ချိတ်ပိတ်ခံရ၊ နိုင်ငံပိုင် သိမ်းခံရတာမျိုး မကြုံရနိုင်ပါဘူး။ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်က ဒီလို အခြေအနေမျိုး ခွင့်မပြုပါဘူး။

တချက်တော့ ရှိပါတယ်။ ဒီမိုကရက်တစ် ယဉ်ကျေးမှုနဲ့ အသားမကျသေးတဲ့ နိုင်ငံတွေအတွက် အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ ပုံစံမျိုး နေ့ချင်း ညချင်း ရောက်ဖို့ မဖြစ်နိုင်ပါဘူး။ အသွင်ကူးပြောင်းရေးကာလ သဘောတူညီချက်တရပ် လိုအပ်ပါလိမ့်မယ်။ အသွင်ကူးပြောင်းရေး ကာလဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် လိုအပ်ပါလိမ့်မယ်။ ဒီကာလမှာ တချို့ စံနှုန်းတွေက ယူနီဗာဆယ်စံနဲ့ အံဝင်ချင်မှ ဝင်ပါလိမ့်မယ်၊ အရေးကြီးတာက အများစု လက်ခံနိုင်ဖို့နဲ့ ပြုလွယ်ပြင်လွယ်ဖြစ်ဖို့ပါပဲ။ ဒီလိုမဟုတ်ဘဲ အသားစီးရထားတဲ့ ဘက်က မူမမှန်တဲ့ လုပ်ထုံး လုပ်နည်းတွေအပေါ် အားပြုပြီး ငြင်းဆန်နေရင်တော့ ဒီမိုကရေစီ ရှေ့မတိုးနိုင်ပါဘူး။ ကြာရင် ယုံကြည်မှုပျက်ပြီး အကျပ်အတည်းတခုကို ဦးတည်သွားနိုင်ပါတယ်။

ဒီအချက်ဟာ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ လေးပွင့်ဆိုင် တွေ့ဆုံရေး လမ်းပျောက်နေတဲ့ မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စဉ်းစားဖို့ ကောင်းတဲ့ ကိစ္စလို့ ထင်ပါတယ်။ ယူကရိန်းနဲ့ ထိုင်းနိုင်ငံက ပေးတဲ့ အရေးကြီးတဲ့ နောက်သင်ခန်းစာက လွှတ်တော်တွင်း ပြဿနာဟာ လမ်းပေါ်ရောက်လာရင် ဖြေရှင်းရပိုခက်သွားတတ်တယ်ဆိုတာပါပဲ။ လွှတ်တော်ပြင်ပက အင်အားစုတွေ အားကောင်းလာရင် လွှတ်တော်ရဲ့ တရားဝင်မှုဟာလည်း လျှော့ပါးပျောက်ကွယ်သွားပြီး နောက်ဆုံး သွေးထွက်သံယိုမှုတွေနဲ့ အစိုးရဖြုတ်ချရေး အထိ ဦးတည်သွားတာကို တွေ့ရပါတယ်။

Loading