အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။
ဆရာတော်ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူတဦးဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဦးဝီရသူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကာလ ရှည်ကြာစွာ ဒီမိုကရေစီ အရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ခြင်းကို လေးစား အသိအမှတ် ပြုသော်လည်း အခြေခံဥပဒေတွင် ပါရှိ နေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အချက်များကို ဆက်လက်ထားရှိသင့်ကြောင်း ဦးဝီရသူက ဆိုသည်။
“ဦးပဉ္ဇင်း အပါအဝင် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မူစလင်လို တိုင်းရင်းသား မဟုတ်တဲ့သူတွေ သမ္မတဖြစ်လာမှာကို ဦးပဉ္ဇင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောဆိုသည်။
တရုတ် သို့မဟုတ် မူစလင်များ သမ္မတ အဖြစ် ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေးကိစ္စများတွင် နိုင်ငံခြားလွှမ်းမိုးမှု များရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက ပြောဆိုသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထပ်ထားသူ သို့မဟုတ် သားသမီးများက နိုင်ငံ ခြားသားဖြစ်နေသူများ သမ္မတဖြစ်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်ခဲ့ပြီး သူ၏ သား ၂ ဦးကလည်း ဗြိတိန် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ပြောဆိုသော ဦးဝီရသူ၏ စိုးရိမ်မှုကို သဘောမတူဟု အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ သမ္မတရာထူးအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူးလို့ သူ့ကို ကျနော်ပြောပြ ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအတွက်နဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတာပါ” ဟု ဦးဝင်းတင်က ဆိုသည်။
ဦးဝီရသူ၏ ပုဒ်မ ၅၉(စ)ကို ပြုပြင်ရေးကို လက်မခံကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ဦးဝီရသူက ဖိတ်ခေါ်သဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံရာတွင် ဦးဝီရသူ၏ သဘောထားများသည် မရေရာမှုများရှိကြောင်း ဦးဝင်းတင် က ဆိုသည်။
“သူကဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူး ဆိုတာ ကျနော်တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေး ကောက် ပွဲမှာ အနိုင်ရတာကို မလိုချင်ဘူး။ နိုင်ငံခြားသားတယောက်နဲ့ လက်ထပ်ခဲ့သူတယောက်ကို အာဏာ မရစေချင်ဘူး” ဟု ဦးဝင်းတင် က ပြော သည်။
ဦးဝီရသူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပါကလည်း ဒေါ်အောင်ဆန်းစုကြည် က သမ္မတ တာဝန်မယူဘဲ အခြားသူ တဦးတယောက်ကို သမ္မတရာထူး ထမ်းဆောင်စေ၍ ၎င်းက နောက်ကွယ်မှ ထိန်းချုပ်သည့် အနေအထားမျိုး ဖြစ်စေလိုကြောင်း သူ့ကို ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။ ဦးဝင်းတင်က ထိုသို့ သဘောမျိုး ဆောင်သည့် “နောက်ကွယ်နိုင်ငံရေး”ကို NLDက လက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူကို အခိုင်အမာပြောပြ ခဲ့သည်ဟု လည်း ဆိုသည်။
“မြန်မာ့နိုင်ငံရေးမှာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အစဉ်အလာရှိတဲ့အတွက် နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ဘုန်းတော်ကြီး တွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုပါတယ်လို့ သူ့ကို ကျနော်ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုက အဖွဲ့အစည်း တခု အတွက်မဟုတ်ဘဲ တိုင်းပြည်မှာရှိသူအားလုံး အကျိုးရှိဖို့က အရေးကြီးတယ်လို့လဲ ပြောခဲ့ပါတယ်” ဟု ဦးဝင်းတင်ကဆိုသည်။
ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူစလင်များကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည့် မူစလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ပြောဆိုစွပ်စွဲခံရသူလည်း ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင် ဆရာတော် တချို့က ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမျိုးဘာသာကို ကာကွယ်ကြရန် နှင့် မူစလင်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက် ကြရန် ဟောပြောတိုက်တွန်းခဲ့ကြသည်။
မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်လှုပ်ရှားမှုသည် အစဉ်အလာတခုလို ဖြစ်နေပြီး ၂၀၀၇ ခုနှစ်က သံဃာတော် များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၎င်းတို့ဝတ်ဆင်သော သင်္ကန်းအရောင်ကို အစွဲပြု၍ “ရွှေဝါရောင် တော်လှန်ရေး” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။