ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူဝါဒတွေကို ထုတ်ပြန်ခဲ့ရာမှာ ရွေးကောက်မဟုတ်ဘဲ သမ္မတဖြစ်ခွင့်မရှိ ဆိုတဲ့ မူဝါဒ တရပ်ပါဝင်လာပြီး ၂၀၁၅ ရွေးကောက်ပွဲ အလွန် သမ္မတ ဖြစ်ဖို့ တပ်တွင်းရေပန်းစားနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ မဖြစ်လာစေဖို့ ကြိုတင် ကာကွယ် လိုက်တဲ့ ကြိုးပမ်းချက်လေလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်တဲ့ ဦးရွှေမန်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥဒေ ပြင်ဆင်ရေး အခြေခံမူဝါဒတွေမှာ “တပ်မတော်ရဲ့ လက်ရှိ အခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်း ရောက်ရှိစေနိုင်တဲ့ နည်းလမ်းတွေကို လေ့လာ သုံးသပ်ဖို့´´၊ “နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ ခန့်အပ် ရာမှာ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေကိုသာ ခန့်အပ်ဖို့´´ ဆိုတဲ့ မူဝါဒ ၂ ခု ထူးထူးခြား ခြား ပါဝင် လာပြီး အဲဒီမူဝါဒ ၂ ခုစလုံးက တပ်မတော်ကို အဓိက ရည်ရွယ်တဲ့ မူဝါဒတွေလို့ သုံးသပ်ကြပါတယ်။ ဒီမူဝါဒတွေကြောင့်ပဲ တပ်မတော်၊ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။
“ကျနော် သမ္မတ ဖြစ်ချင်ပါတယ်´´ လို့ ဆိုခဲ့တဲ့ ဦးရွှေမန်းရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မူဝါဒတွေက ၂၀၁၅ ရွေးကောက်ပွဲ အလွန် သမ္မတ ရာထူးအတွက် တပ်မတော်သားတွေကို မပေးနိုင်ဘူးလို့ တရားဝင် စိန်ခေါ်လိုက်တာပဲလို့ လွှတ်တော် ကိုယ်စားလှယ် တချို့က သုံးသပ်ပါတယ်။
“တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ တဦး တင်မြှောက်ခွင့်ရှိတယ်။ ဦးရွှေမန်းရဲ့ မူအရ ဆိုရင်တော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ တင်မြှောက်မယ်ဆိုရင် ရွေးကောက်ခံ လွှတ်တော်အမတ်ကိုပဲ ရွေးရမှာပေါ့။ အခု တပ်က တင်မြှောက်ထားတဲ့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဆိုရင် ရွေးကောက်ခံ မဟုတ်ဘူး။ သူက ရေတပ် ကာကွယ်ရေးဦးစီးချုပ်ဘဝကနေ အငြိမ်းစားယူပြီး ဒုတိယသမ္မတဖြစ်လာတာ။ ဦးရွှေမန်းရဲ့ မူအတိုင်းသာ အတည်ဖြစ်လာရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း အငြိမ်းစားယူပြီးတာနဲ့ ဒုတိယသမ္မတ ဖြစ်ခွင့်၊ တင်မြှောက်ခံပိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး´´ လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုပါတယ်။
လတ်တလော ဦးရွှေမန်းရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူဝါဒတွေကို တပ်မတော်က သဘောမတွေ့သလို သမ္မတ ဦးသိန်းစိန် အစိုးရ အသိုင်းအဝိုင်းကလည်း မနှစ်မြို့ဘူးလို့ သမ္မတရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေဆီက သိရပါတယ်။
ဦးရွှေမန်းကို တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ပြည်သူ့လွှတ်တော်နာယက ဆိုတဲ့ ရာထူးတွေနဲ့ တွဲမမြင် တော့ဘဲ ရန်သူတဦးလို ရှုမြင်တာတွေရှိလာတယ်လို့ သိရပါတယ်။ ဦးရွှေမန်းကြောင့် တပ်မတော်နဲ့ အစိုးရကြားမှာ ပိုပြီး ပေါင်းစည်းမှု တွေရှိလာတယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။
တပ်မတော် ဒီမိုကရေစီဘောင်အတွင်းထည့်သွင်းရေးနဲ့ ရွေးကောက်ခံ မဟုတ်ဘဲ အုပ်ချုပ်ရေးရာထူး ယူခွင့်မရှိဆိုတဲ့ ဦးရွှေမန်းရဲ့ စိတ်ကူးတွေက သူတဦးတည်း လုပ်ချင်ရာ လုပ်နေတာမဟုတ်ဘဲ သူ့နောက်မှာ ထောက်ခံတဲ့ အင်အားစု ကြီးကြီးမားမားရှိနေပါတယ်။ အထူးသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ ဦးရွှေမန်းနဲ့ တသဘောတည်း စိတ်တူ ကိုယ်တူ ခေါင်းဆောင်တွေ ရှိနေတဲ့အပြင် ကြံ့ခိုင်ရေး ပါတီ မဟုတ်တဲ့ နိုင်ငံရေးပါတီအင်အားစုတွေကလည်း ဦးရွှေမန်းကို ကျားကန်ပေးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။
လွှတ်တော်ပြင်ပ အာဏာပိုင်တွေဘက်က ဦးရွှေမန်းကို ရန်သူ တဦးလို ရှုမြင်မှုတွေရှိနေပေမယ့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာတော့ ဦးရွှေမန်းကို ထောက်ခံသူ တွေ သိသိသာသာ တိုးပွားလာပါတယ်။ “ဥက္ကဋ္ဌကြီး´´၊ “နာယကကြီး´´ ဆိုတဲ့ အခေါ်အဝေါ်နဲ့ ဦးရွှေမန်းရဲ့ မူဝါဒတွေကို အားရကျေနပ် ချီးကျူးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ မပါဝင်တဲ့၊ သဘောထားတင်းမာတဲ့ ကြံ့ခိုင်ရေး ပါတီ လွှတ်တော်အမတ် တချို့လည်းလွှတ်တော်မှာ ရှိနေပါတယ်။ ဒါပေမယ့် သူတို့က လွှတ်တော်မှာ လူနည်းစုအဖြစ် ရပ်တည် နေရပါပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မပေါင်းစည်းနိုင်သေးဘူးလို့ သိရပါတယ်။
ဦးရွှေမန်း ထုတ်ပြန်ထားတဲ့ မူဝါဒတွေကို အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မတီက သိပ်မကြာခင် စတင် ဆွေးနွေး အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ ဦးရွှေမန်း ပြင်ဆင်ချင်တဲ့ အချက်တော်တော် များများ ပြင်ဆင်နိုင်မယ့် အလားအလာ တွေရှိပေမယ့် ခက်ခက်ခဲခဲ လုပ်ဆောင်ရမယ့် အခြေအနေမှာရှိနေပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေး အတွက် ဆောင်ရွက်မှုကို ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ ၆ လအလိုမှာ ပြီးစီးအောင် လုပ်ဖို့ ဦးရွှေမန်းက ညွှန်ကြားထားတာမို့ ၂၀၁၄ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။
ဦးရွှေမန်းရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မူဝါဒတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်တွေကို ဦးစွာလေ့လာသုံးသပ်အကြံပြုပြီး လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားလာစေရေး သုံးသပ်ဆောင်ရွက်ဖို့၊ ဗဟိုဦးစီးစနစ်များ လွန်းနေတဲ့ ကိစ္စရပ်တွေ လျှော့ချဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ လေ့လာသုံးသပ်မှုတွေ စဉ်းစားဆောင်ရွက်ဖို့တွေလည်း ပါဝင်ပါတယ်။