နီပေါ နိုင်ငံ ဟိမဝန္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧဝရက်တောင်(Everest)သို့ မြန်မာနိုင်ငံ သား ၅ ဦး ပထမဆုံးအကြိမ် တက်ရောက်မည် ဖြစ်သည်။
တောင်တက်အဖွဲ့ အနေဖြင့် လာမည့်မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး နီပေါနိုင်ငံ မြို့တော် ခတ်ဒမန်ဒူ သို့ မတ်၂၉ တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြင်ဆင်မှုများပြုလုပ်၍ တောင်တက်ခရီးကို စတင်မည် ဖြစ်ကြောင်း တောင် တက်မည့်သူ တဦးဖြစ်သည့် ကိုစိုင်းကျော်သူထွေးက ပြောသည်။
“နိုင်ငံတကာက တက်နေတာကတော့ ပုံမှန် ရက် ၄၀ ကြာတတ်ပါတယ်၊ ဒါပေမယ့် တယောက်နဲ့တယောက် မတူဘူး၊ လမ်းလျှောက် နှုန်း၊ ကျန်းမာရေးနဲ့ ရာသီဥတုအရပေါ့၊ ကြာရင်ကြာမယ်၊ မြန်ချင်မြန်မယ်၊ အချိန်ကတော့ ခန့်မှန်းခြေ ၂လလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ဧဝရက်တောင် အမြင့်မှာ ၈၈၄၈ မီတာ ရှိပြီး ဟိမဝန္တာ တောင်တန်းပေါ်ရှိ မီတာ ၈၀၀၀ အထက်ရှိသော တောင်ထိပ် ၁၄ ခု မှ အမြင့် ဆုံး တောင်ထိပ်လည်း ဖြစ်သည်။
“တောင်တက်သမားတွေရဲ့ နောက်ဆုံးရည်ရွယ်ချက်ကလည်း ကမ္ဘာ့အမြင့်ဆုံးတောင်ကို ခြေချဖို့ပါပဲ၊ ကျနော်တို့ အခုသွားတာ က လည်း မြန်မာ လူမျိုး နိုင်ငံသား တယောက်အနေနဲ့ ကမ္ဘာ့ အမြင့်ဆုံးတောင်ပေါ်မှာ မြန်မာနိုင်ငံအလံကို စိုက်ထူချင်တဲ့ ဆန္ဒနဲ့ပါ”ဟု ကိုစိုင်းကျော်သူထွေး က ပြောသည်။
သို့သော် ယခုခရီးစဉ်အောင်မြင်မှု မအောင်မြင်မှုကို လက်ရှိအချိန်တွင် ပြော၍မရသေးဘဲ ရာသီဥတုအခြေအနေနှင့် အခြားလုပ် ဆောင် နိုင်မှုများအပေါ်တွင်မူတည် ကြောင်းလည်း ၎င်းကပြောဆိုသည်။
အရှေ့တောင်အာရှနိုင်ငံ ၁၀နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံတနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန် ရာဇီ စသော တောင်များမှာ အမြင့်ဆုံးဖြစ်ကြသည်။
ခါကာဘိုရာဇီ တောင်ထိပ်သို့ ၁၉၉၆ ခုနှစ်တွင် မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်း တောင်တက်အဖွဲ့က တက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့က တက်နိုင်ခဲ့သည်။
“ခါကာဘိုရာဇီကို တက်တုန်းက နိုင်ငံခြားသားတွေနဲ့ တွဲတက် ရတယ်၊ နည်းပညာ အကူအညီတွေယူပြီးပေါ့၊ အခုဆို နှစ်၂၀ကျော်သွားပြီ၊ တကယ်လိုသာ အခွင့်အရေးရတယ်ဆိုရင် ကိုယ်ကိုယ်တိုင် တောင်ထိပ်ကို တက်ပြီး ကိုယ့်နိုင်ငံတော်ရဲ့အလံကို မည်သည့်နိုင်ငံ အလံနှင့်မျှ ယှဉ်တွဲပြီးမဟုတ်ဘဲ အလံစိုက်ထူချင်ပါတယ်”ဟု ကိုစိုင်းကျော်သူထွေး က ပြောပြသည်။
ယခု ဧဝရက် တောင်တက်ခရီးစဉ် ထွက်ခွာရာတွင် ပါဝင်ကြမည့်သူများမှာ ကချင်ပြည်နယ် ပူတာအိုဒေသမှ လီစူး တိုင်းရင်းသား တဦး၊ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အသင်းမှ တဦး၊ ထူးဖောင်ဒေးရှင်းမှ တဦး၊ ပူတာအိုရှိ မလိခ ဟိုတယ်မှ ဝန်ထမ်း တဦးနှင့် အခြားမြန်မာနိုင်ငံသားတဦးတို့ ပါဝင်ကြမည် ဖြစ်သည်။
ဧဝရက် တောင်တက်ခရီးစဉ်အတွက် အဓိက ပံ့ပိုးကူညီမည့်သူမှာ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အသင်း နာယကလည်း ဖြစ် ကိုယ်တိုင် တောင်တက်သမားလည်း ဖြစ်သည့် ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇ ဖြစ်သည်။