ဧရာဝတီတိုင်း ဒေသကြီးရှိ ယခင် စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားသော တပ်သိမ်းမြေများ အနက် ဧက ၁၆၀၀ ကျော်အား မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်လျက် ရှိကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
“မြေတွေ လွှဲပြောင်း ပေးဖို့ ကိစ္စတွေကို တတိုင်းလုံး အနေအထားနဲ့ မတ်လ ပထမ ပတ်ထဲမှာ အပြီး လုပ်ဖို့ စီမံ ထားပါတယ်။ ကျနော်တို့ အနေနဲ့ အခုချိန်ကတည်းက မြေတွေ ပြန်ပေးတယ် ဆိုတာက လာမယ့် မိုးရာသီ စိုက်ပျိုးချိန်အမီ လယ်သမားတွေ လက်ထဲကို လယ်တွေ ပြန်ရပြီး အချိန်မီ စပါးစိုက်ပျိုး နိုင်စေဖို့ အတွက် ရည်ရွယ် ပါတယ်”ဟု အနောက်တောင်တိုင်း စစ် ဌာန ချုပ် စခန်းရုံးမှ ဗိုလ်ကြီး ပေါငြိမ်းက ဧရာဝတီကို ပြောသည်။
တပ်သိမ်းမြေ ပြန်ပေးနေသည့် တပ်ရင်း တပ်ဖွဲ့များမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) စခန်းရုံး၊ အမှတ် (၁၀) လျှပ်စစ်နှင့် အင်ဂျင်နီယာ တပ်ရင်း (လစရ – ၁၀)၊ အမှတ် (၁၁) အဆင့်မြင့် ဆက်သွယ်ရေး တပ်ရင်း(အဆရ – ၁၁)၊ အမှတ် (၁၁) ခြေလျင် တပ်ရင်း (ခလရ – ၁၁) တို့ ဖြစ်ပြီး စုစုပေါင်း ၁၆၀၀.၁၆ ဧက ရှိကြောင်း သိရသည်။
တပ်သိမ်းမြေ ပြန်ပေးမည့် မြို့နယ်များမှာ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ဝါးခယ်မ၊ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲနှင့် ငွေဆောင် ဒေသတို့မှ လယ်မြေ၊ မြေလွတ်နှင့် စားကျက်မြေများ ဖြစ်သည်။
ယင်းမြေများကို ပြန်လည် ပေးအပ်ရန် သက်ဆိုင်ရာ မြို့နယ် မြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများမှတဆင့် မူလ ပိုင်ရှင် များထံ မတ်လ ပထမပတ် အတွင်း ပေးအပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ကြီး ပေါငြိမ်းက ပြောသည်။
“လယ်ယာမြေတွေ သိမ်းဆည်းထားတာနဲ့ ပတ်သက်ပြီးတော့ ပြန်လည် စွန့်လွှတ်နိုင်တဲ့ မြေနဲ့ အသုံးလိုတဲ့ ပြန်လည် မစွန့်လွှတ်နိုင်တဲ့ မြေဆိုပြီး ခွဲခြား စိစစ် ခိုင်းပါတယ်၊ အဲဒီမှာ ကျနော်တို့ ပြန်စိစစ်၊ အစည်းအဝေးထိုင်ပြီး ပြန်လည် စွန့်လွှတ်မယ့် မြေ ဧက စာရင်းကို အထက်ဌာနကို တင်ပြ ခဲ့ပါတယ်၊ အထက်ကလည်း ခွင့်ပြုခဲ့တဲ့ အတွက် အခုလို ပြန်လည် ပေးအပ်ခြင်း ဖြစ် ပါတယ်”ဟု ၎င်းက ဆိုသည်။
ပုသိမ် မြိုနယ် အတွင်း တပ်သိမ်းမြေ ၄၁၇.၀၃ ဧကကို နတခ စခန်းရုံး အပါအဝင် တပ်ရင်း ၄ ခုက ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက် များတွင် ပုသိမ်မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
နတခ စခန်းရုံးက ပြန်ပေးသည့့် တပ်သိမ်းမြေများမှာ ပုသိမ်မြို့နယ် ငွေဆောင် မြို့နယ်ခွဲ၊ ဆင်မ ကျေးရွာမှ လယ်မြေ ၁၂၆.၆၉ ဧက၊ ပုသိမ် မြို့နယ် အမှတ် ၁၅ ရပ်ကွက်နှင့် ကိုးဆူ ကျေးရွာရှိ စားကျက်မြေ ၁၆၆.၄ ဧကနှင့် မြေလွတ် ၃၈ ဧက၊ လစရ – ၁၀ တပ်ရင်းမှ ပြန်ပေးအပ်မည့် ပုသိမ်မြို့နယ် ညောင်ဝိုင်း ကျေးရွာမှ လယ်မြေ ၂၅.၇ ဧက၊ အဆရ – ၁၁ တပ်ရင်း က ပြန်ပေးမည့် ပုသိမ် မြို့နယ် ရေမနေပင်ကိုင်း ကျေးရွာရှိ စားကျက်မြေ ၉၆.၇၄ ဧကနှင့် ခလရ – ၁၁ တပ်ရင်းက ပြန်လည် ပေးအပ်မည့် ငကွ ကျေးရွာရှိ လယ်မြေ ၁.၅ ဧက ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နတခ စခန်းရုံးက ငပုတော မြို့နယ် ရေပေါ်သောင် ကျေးရွာမှ မြေလွတ် ၄၇၅ ဧက၊
ဝါးခယ်မ မြို့နယ် ကျုံပဒုတ် ကျေးရွာမှ မြေလွတ် ၁၄၅ ဧက၊ ကျောင်းကုန်း မြို့နယ် ဒါးက ကျေးရွာမှ ၉၀ ဧကနှင့် ပန်းတနော် မြို့နယ် ဗောဓိ ကျေးရွာမှ မြေလွတ် ၁၃၀ ဧကတို့ကို မူလပိုင်ရှင်ထံ ပြန်ပေးအပ်မည် ဖြစ်ကြောင်း နတခ က ဆိုသည်။
လစရ – ၁၀ တပ်ရင်းက ပြန်ပေးအပ်မည့် မြေများမှာ ကျောင်းကုန်း မြို့နယ် ဒါးက ကျေးရွာမှ လယ်မြေ ၁၂၁.၁ ဧက၊ သာပေါင်း မြို့နယ် ဂုံမင်း ကျေးရွာမှ မြေလွတ် ၇၄ ဧကနှင့် အိမ်မဲ မြို့နယ် မိုးကုတ် ကျေးရွာမှ မြေလွတ် ၁၁၀ ဧကတို့ ဖြစ်ကြောင်း ပြော သည်။
လစရ – ၁၀ တပ်ရင်း ကိုယ်စားလှယ် ဗိုလ်ကြီး မျိုးသူအောင်က မြေ ပေးအပ်ပွဲ အခမ်းအနားတွင် “ပုသိမ် မြို့နယ် ညောင်ဝိုင်း ရွာမှာ ဆိုရင် ကုန်သွယ်/လယ်ယာ ခေတ်က စပါးသွင်းရတဲ့အခါမှာ အထွက်နည်းလို့ လယ်သမားတွေ စပါး ပြည့်မီအောင် မသွင်းနိုင်ကြပါဘူး၊ အဲဒီလို မပြည့်မီလို့ ကျနော်တို့ တပ်ကို တာဝန်ပေးတဲ့ အတွက် လုပ်ခဲ့ ရတာပါ၊ ကျနော်တို့ လုပ်ကိုင်တဲ့ ကာလမှာ မြောင်းတွေ တူးပစ်လိုက်တော့ ရေဝင်ရေထွက် ကောင်းပြီး စပါးတောင် အထွက် တိုးလာခဲ့ပါတယ်”ဟု ပြောသည်။
တပ်မတော်မှ လွှဲအပ်သည့် မြေများကို မူလ ပိုင်ရှင်များ လက်ဝယ် ရောက်ရှိရန် စနစ်တကျ စီမံ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပုသိမ် မြို့နယ် မြေယာ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌနှင့် ပုသိမ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ဧရာဝတီကို ပြောသည်။
“ပုံစံ ၁၀၅ ထုတ်ထားတဲ့ မြေတွေက ပြန်ပေးဖို့ လွယ်မယ်၊ လန – ၃၉ (လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့်) ကျပြီးသား မြေတွေတော့ လန – ၃၉ ကို ပယ်ဖျက်ဖို့ လုပ်ရမှာ ဆိုတော့ နည်းနည်း အချိန် ယူရလိမ့်မယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမြေတွေကို မူလပိုင်ရှင် လယ်သမားတွေ လက်ထဲ ရောက်အောင် အမြန်ဆုံး ဆောင်ရွက် ပေးမှာပါ”ဟု ၎င်းက ပြောဆိုသည်။
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်း စစ်ဆေးရေး ကော် မတီ အစီရင်ခံစာ အပိုင်း (၁) အရ ဧရာဝတီတိုင်း ဒေသကြီးတွင် တပ်မတော်မှ သိမ်းဆည်း ထားသည့် မြေ ၅၀၀၆.၁၂ ဧက ရှိပြီး ယင်းမြေများ အနက်မှ မြေ ၈၂၄.၁၈ ဧကကို ကာကွယ်ရေး ဝန်ကြီးဌာနက ဧရာဝတီတိုင်း ဒေသကြီး အစိုးရထံ ပြန် လည် အပ်နှံခဲ့ရာ တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် မူလ ပိုင်ရှင်များအား ပြန်လည် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာ တနိုင်ငံလုံးတွင် စစ်တပ် သိမ်းမြေ ၂၄,၇၀၇၇. ၆၀ ဧက ရှိကြောင်း လယ်ယာမြေ သိမ်းဆည်း ခံရမှု စုံစမ်း စစ်ဆေးရေး ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။