သမ္မတဦးသိန်းစိန်က အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် လွှတ်တော်သို့ တရားဝင် သဝဏ်လွှာ စာပေးပို့ တောင်းဆိုခဲ့ရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အတွက် အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း လွှတ်တော်က ယနေ့ ထုတ်ပြန် ကြေညာ တောင်းဆိုလိုက်သည်။
အမျိုး ဘာာသာ သာသနာ စောင့်ရှောက်အဖွဲ့(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်သြဝါဒစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသက သမ္မတ ဦးသိန်းစိန်ထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် မျိုးစောင့်ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် ဆရာတော်၊ သံဃာတော်နှင့် နိုင်ငံသား ၁၃ သိန်းကျော်၏ လက်မှတ်များဖြင့် တောင်းဆိုလာကြောင်း၊ ထို့ကြောင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင် တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ ၄ ရပ် လွှတ်တော်က ပြဋ္ဌာန်းပေးပါရန် သမ္မတဦးသိန်းစိန်က လွှတ်တော် ထံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။
သမ္မတဦးသိန်းစိန် ပေးပို့သော သဝဏ်လွှာကို လွှတ်တော်က အကြောင်းပြန်ကြားရာတွင် မျိုးစောင့် ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရာတွင် နက်နဲသိမ့်မွေ့ပြီး အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ သည် သာသနာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ကြောင်း၊လက်ထပ် ထိပ်မြားခြင်းဆိုင်ရာ ဥပဒေနှင့် တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့်သက်ဆိုင်ကြောင်း၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး အစိုးရက စိစစ် တင်ပြလျှင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံအတွက် အကျိုးအတွက် ဆောင်ရွက်ပေးမည် ဟု ထုတ်ပြန်ကြေညာသည်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် လွှဲချ နေကြပြီး ဥပဒေပြဋ္ဌာန်းရန် ငြင်းဆန်လျှင် ပြည်သူထောက်ခံမှု ကျဆင်းမည်ကို နှစ်ဖက်စလုံးက စိုးရိမ်နေသည့် အခြေအနေ ရှိကြောင်း သုံးသပ်သည်။
“သမ္မတကြီးကလည်း ဒါကို ကိုင်တွယ်ဖို့ တော်တော်ဝန်လေးနေပုံ ရတယ်။ ဒါကြောင့် ဥပဒေပြုရေးမှာ တာဝန်ရှိတဲ့ လွှတ်တော်က လုပ်ပေါ့ဆိုတဲ့ သဘောမျိုးရှိတယ်။ တဖက်ကလည်း လွှတ်တော်ဘက်ကပဲ တာဝန်ရှိတာမဟုတ်ဘူး အစိုးရ ဘက်ကလည်း တာဝန်ရှိတယ်ဆိုပြီး ပြန်ပို့ပေးလိုက်တာပဲ။ တဖက်ဖက်က တာဝန်ခံပြီး လုပ်ဖို့ အခက်အခဲ ရှိနေတဲ့ သဘောပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သနပ်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကမူ မျိုးစောင့်ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရန် လုပ်ဆောင်မှုများကို ကြိုဆိုလိုက်ပြီး အစိုးရနှင့် လွှတ်တော်အတွက် ကောင်းမွန်သော လုပ်ရပ်ဟု ပြောဆိုသည်။
နိုင်ငံရေးအသိုင်းအဝိုင်းကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ကြိုးပမ်းလာမှုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရေး ဗျူဟာ တခုအဖြစ် အသုံးချလာခြင်းဟု ဆိုလျှင်မမှားနိုင်ကြောင်း၊ ဘာသာရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး ရောယှက်ခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလေးထားသော နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် မဲရှုံးစေရန် စနစ်တကျ စီမံလာခြင်းဟု သုံးသပ်ပြောဆိုကြသည်။
“ကျမတို့ နိုင်ငံမှာ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေပြဋ္ဌာန်းရတဲ့အထိ ကျမတို့ မြန်မာလူမျိုးတွေက မယိမ်းယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ်ကတည်းက စိတ်ထဲမှာ ရှိထားပြီးသား။ ဥပဒေ ပြဋ္ဌာန်းစရာမလိုပါဘူး။ အဲဒီတော့ ပြည်သူတွေကို သိစေချင်တာက ဒါက နိုင်ငံရေးလှည့်ကွက်တခုဆိုတာ သိစေချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေး အတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထား ပြီးသားပါ´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောဆိုသည်။