ပြီးခဲ့သည့်ရက်ပိုင်းက တရုတ် အဆင်မြင့်အရာရှိတဦး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်သို့ လာရောက်လည်ပတ်သွားပြီး ထိုသို့ လည်ပတ်ခြင်းမှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်ဟု NLD နာယကတဦးဖြစ်သူ ဦးတင်ဦးက ပြောသည်။
တရုတ်နိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိပင်းင် (Ai Ping) သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ NLD ဌာနချုပ်သို့ သွားရောက်ပြီး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ မစ္စတာ အိပင်းင် လာရောက်လည်ပတ်ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးအပြင် NLD နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) အကြား ဆက်ဆံရေးကိုပါ တိုးမြှင့်ရန်ရည်ရွယ်၍ လာရောက်ခြင်းဖြစ်သည်ဟု ဦးတင်ဦးက ဆိုသည်။
“ဒီနှစ်ပေါင်းများစွာအတွင်းမှာ အခုလို တရုတ်အစိုးရ အရာရှိတယောက် ကျနော်တို့ ဌာနချုပ်ကို လာလည်တာ ဒါ ပထမဆုံးအကြိမ်ပဲ” ဟု ဦးတင်ဦးက ဧရာဝတီသို့ ပြောသည်။ ယခုတကြိမ်မတိုင်မီ တရုတ်အစိုးရ ကိုယ်စားလှယ်များ NLD သို့ နောက်ဆုံး အလည်လာသွားသည်မှာ ပါတီက တနိုင်ငံလုံးအတိုင်းအတာနှင့် အောင်ပွဲရခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ ပြီးပြီးချင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိပင်းင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ယန်င်ဟောင်လန် (Yang Houlan) တို့ ဦးဆောင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် တနာရီခန့် တွေ့ဆုံရာသို့ NLD ဘက်မှ နာယက ဦးတင်ဦးအပြင် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းနှင့် ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။
“သူတို့က တရုတ်နဲ့ မြန်မာနိုင်ငံအကြားမှာ ဒီထက်ပို ဆက်ဆံရေးကောင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စတွေပဲ အဓိက ဆွေးနွေးကြတာပါ။ မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ ဂက်စ်ပိုက်လိုင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး စကားတလုံးတောင် မဟသွားပါဘူး” ဟု ဦးတင်ဦးက ပြောသည်။
၎င်းက ဆက်လက်၍ “NLD ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေ အထူးသဖြင့် ပါတီအာဏာရလာရင် အဲဒီကိစ္စတွေကို ဘယ်လို လုပ်မလဲဆိုတာကိုလည်း သူတို့ သိချင်ပုံရတယ်၊ ကျနော်တို့ကို မေးကြသေးတယ်။ ကျနော်တို့ကတော့ နိုင်ငံတိုင်းနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်သွားမယ်ဆိုတဲ့ ကျနော်တို့ မူဝါဒအတိုင်းပဲ ဆက်သွားမယ်လို့ ရှင်းပြလိုက်တယ်” ဟုလည်း ဆိုသည်။
တရုတ်နိုင်ငံအနေနှင့် ပြီးခဲ့သည့်ကာလများအတွင်း NLD နှင့် ဆက်ဆံရေး မတည်ဆောက်နိုင်ခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အုပ်ချုပ်နေ၍ဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်ဟုလည်း NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၏ အဆိုအရ သိရသည်။
“အခုဆိုရင် ဒီမှာ နိုင်ငံရေးအခြေအနေက အရင်ကထက် ပိုပွင့်လင်းလာပြီ၊ ဒါကြောင့် ပါတီအချင်းချင်း ဆက်ဆံရေးကို ပိုအားကောင်းအောင် လုပ်ချင်တယ်လို့ သူတို့က ဆိုတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။
ပြီးခဲ့သည့်နှစ်မှစ၍ ယခုအထိ NLD ကိုယ်စားလှယ်အဖွဲ့ အနည်းဆုံး ၄ ဖွဲ့ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးအဖြစ်
သွားရောက် လည်ပတ်ပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
တရုတ်အစိုးရသည် မြန်မာပြည်တွင်းရှိ မြစ်ဆုံရေကာတာ စီမံကိန်းအပါအဝင် အကြီးစား တရုတ်စီမံကိန်းများအား မြန်မာပြည်သူလူထုက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီးသည့်နောက် ပြီးခဲ့သည့် နှစ်ပိုင်းများတွင် မြန်မာ့ နိုင်ငံရေး အတိုက်အခံများနှင့် သော်လည်းကောင်း၊ မြန်မာပြည်သူလူထုနှင့် သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်။
တရုတ်အစိုးရပိုင် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နံှမှု ကော်ပိုရေးရှင်း (CPI) က ကျောထောက်နောက်ခံ ပြုထားသည့် ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံရေကာတာ စီမံကိန်းအား သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ယင်းစီမံကိန်း ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည့် ထင်ရှားသူများတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် တရုတ်ခရီးစဉ် တခုအတွင်း CPI က NLD ကိုယ်စားလှယ် အဖွဲ့အား ချဉ်းကပ်၍ မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ချင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းခရီးစဉ်မတိုင်မီ တလကလည်း မစ္စတာ ယန်င် ဟောင်လန်သည် ယခင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျွန်ဟွာ (Li Junhua) နေရာတွင် တာဝန်ယူမည့် သံအမတ်အသစ် အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ထို့ပြင် ယင်းသို့သွားရောက် တွေ့ဆုံမှုမပြုမီ လအတော်ကြာကလည်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက NLD ၏ အမျိုးသားကျန်းမာရေး ကွန်ရက်အတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့သေးသည်။
တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန်အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက NLD ပါတီဝင်များအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားခဲ့ပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည်။