၂၀၁၄ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှု အစီအစဉ်၌ ချင်းမျိုးနွယ်စုများနှင့် ရောနှောပါဝင်နေသည့် နာဂလူမျိုးများ စာရင်းအား သီးသန့် ခွဲထားပေးရန် အစိုးရကို တောင်းဆိုကြောင်း နာဂ တိုင်းရင်းသား လူမျိုးများက ယနေ့ ထုတ်ဖော် ပြောကြားသည်။
“ကျနော်တို့ နာဂလူမျိုးတွေ အနေနဲ့ သန်းခေါင်စာရင်း ကောက်ခံမယ့် ကိစ္စကို ကန့်ကွက်ဖို့ မရှိပါဘူး၊ ဒါပေမယ့် ကုဒ်နံပါတ် သတ်မှတ် ထားတဲ့နေရာမှာ ချင်းမျိုးနွယ်စုတွေထဲမှာ နာဂလူမျိုးစာရင်းတွေလည်း ရောနှောပါဝင်နေပါတယ်၊ ရောထွေးနေတဲ့ ကိစ္စကိုတော့ ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်”ဟု နာဂ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဝင် ဦးစိန်မောင်က ပြောသည်။
ယင်း လူမျိုးစုစာရင်းများ ရောနှောပါဝင်နေမှုနှင့် ပတ်သက်ပြီး ဌာနေတိုင်းရင်းသား နာဂလူမျိုးများက ယနေ့ရက်စွဲနှင့် သဘောထား ထုတ်ပြန်ကြသည်။
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် နာဂမျိုးနွယ်စုကြီး ၇ စု ရှိကြောင်း သိရသည်။
ယင်းမျိုးနွယ်များမှာ တန်ရှန်းနာဂ၊ တန်ကွန်နာဂ၊ မကူရီနာဂ၊ ပါရာနာဂ၊ လိုင်းနောင်နာဂ၊ ခယ်(မ်) ညူငန်နာဂ၊ ကွန်ညပ်နာဂ တို့ ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်း နှစ်ပေါင်း ၃၀ ကျော်မှ ပြန်လည်ကောက်ခံမည့် သန်းခေါင်စာရင်းကောက်ယူမှု သတ်မှတ်ချက်များတွင် နာဂ လူမျိုးများအား ကုဒ်နံပါတ် ၄၃၁ စသဖြင့် ချင်းမျိုးနွယ်စု အောက်တွင် ဖော်ပြထားကြောင်း၊ နာဂမျိုးနွယ်စုများ ဖြစ်သည့် တန်ကွန်၊ မလင်၊ အနန်လူမျိုးစုတို့ကိုလည်း နာဂလူမျိုးထဲမှ ခွဲထုတ်ပြီး ချင်းမျိုးနွယ်စုဝင်အဖြစ် သီးခြား ကုဒ်နံပါတ်များဖြင့် မှားယွင်းစွာ ဖော်ပြထားခြင်းကို လုံး၀ လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်ထဲတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများတွင် လည်းကောင်း၊ သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်း စဉ်များ ပြန်လည်ပြင်ဆင် သတ်မှတ်ရာတွင် လည်းကောင်း၊ ကောက်ယူရရှိသည့် အချက်အလက်များအား လေ့လာသုံးသပ် စိစစ် ရာတွင် လည်းကောင်း၊ သန်းခေါင်စာရင်းဆိုင်ရာ လုင်ငန်းစဉ် အဆင့်ဆင့်တိုင်းတွင် နာဂလူမျိုးများအား ကိုယ်စားပြုသည့် နာဂ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရန်လည်း တောင်းဆိုထားသည်။
တောင်းဆိုချက်ထဲတွင် မီဒီယာများအနေနှင့် နာဂလူမျိုး အမည်များကို ချင်းလူမျိုးနှင့် ရောထွေးဖော်ပြနေခြင်းများကိုလည်း တွေ့ရှိနေရသည့်အတွက် ယင်းဖော်ပြချက်များကို မှန်မှန်ကန်ကန် ရေးသားဖော်ပြပေးရန် တောင်းဆိုထားသည်။