မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများကို လူနေအိမ်များတွင် တရားဝင်နေထိုင်ခွင့်ပြုမထားသော်လည်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနက သတ်မှတ်ထားသည့် နေရာအချို့၌ နေထိုင်ခွင့် ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။
နေအိမ်များတွင် ငှားရမ်း နေထိုင်ခြင်းသည် အခြားသော အာရှနိုင်ငံများသို့ လာရောက်လည်ပတ်သူများကြားတွင် ခေတ်စား လျှက် ရှိနေပြီး ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသော ဟိုတယ်အခန်းများ မလုံလောက်မှု ပြဿနာကဲ့သို့သော အခက်အခဲများမှ အနည်းငယ် သက်သာစေနိုင်သော နည်းလမ်းတခုလည်းဖြစ်သည်။
သို့သော်လည်း လက်ရှိ အစိုးရသည် နိုင်ငံခြားသားများကို ပြည်တွင်းဒေသခံများနှင့် အတူ နေထိုင်ခွင့်ပြုရန် သံသယရှိနေဆဲဖြစ်သည်။ ယခင်စစ် အစိုးရလက်ထက်ကထဲက မြန်မာနေအိမ်များတွင် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများ တည်းခိုခြင်းကို ကန့်သတ်ထားခြင်းအား ပယ်ဖျက်ပေးရန် အစီအစဉ် မရှိသေးကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြသည်။
ဖေဖော်ဝါရီလ ၁၈ရက်နေ့က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း ကွန်ဖရန့် တွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက လက်ရှိတည်ဆဲ ဥပဒေ နှင့် ပတ်သက်၍ မျှော်လင့်ချက်များကို ဧရာဝတီသို့ ပြောပြသည်။
“ဥပမာပြောရရင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုမှာ ကမ္ဘာလှည့် ခရီးသည်တွေ ရေခဲတောင်တွေဆီကို ရောက်ဖို့ ရက်အများကြီးကြာတယ်။ အဲဒီမှာ ဟိုတယ်တွေမရှိဘူး။ ဒါကြောင့် ကျနော်တို့က သူတို့ကို ဒေသခံ အာဏာပိုင် တွေနဲ့ ပူးပေါင်းပြီး ရွာသားတွေရဲ့ အိမ်တွေမှာ တည်းခိုခွင့် ပေးရမယ်” ဟု သူကပြောသည်။
“နောက်ပြီး တောင်တက် ခရီးကြမ်းတွေ သွားလေ့ရှိတဲ့ ရှမ်းပြည်နယ်ထဲက အင်းလေးကန်နဲ့ ကလောမြို့နယ် အကြားဒေသ မှာလည်း ကျနော်တို့က နိုင်ငံခြားသားတွေကို ဒေသခံတွေရဲ့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုခွင့်ပြုပေးနေပါတယ်” ဟုလည်း ဦးအောင်ဇော်ဝင်း ပြောသည်။
လူနေအိမ်များတွင် တည်းခိုနေထိုင်ခွင့်ပြုပါက ယဉ်ကျေးမှု မတူညီခြင်း နှင့် ဘာသာစကား ကွာခြားမှုများကြောင့် ပြဿနာ များဖြစ်ပွားနိုင်သည်ကို အစိုးရတာဝန်ရှိသူများက စိုးရိမ်ခြင်းဖြစ်သည်ဟု ဦးအောင်ဇော်ဝင်းက ပြောသည်။ သို့သော်လည်း အခြား နည်းလမ်းတခုလည်း ရှိနိုင်သည်ဟု သူကဆိုသည်။
“မလေးရှားနိုင်ငံက နေအိမ်တည်းခိုခွင့် အစီအမံကို ကျနော်လေ့လာခဲ့ပါတယ်။ အဲဒီမှာက မလေးရွာတွေထဲမှာ နိုင်ငံခြားသားတွေအတွက် နေအိမ်သီးသန့်ထားပေးတယ်။ သဘောကတော့ နိုင်ငံခြားသားတွေက ရွာသားတွေရဲ့ အိမ်မှာနေလို့ မရဘူး။ သူတို့ကို ခွဲထားတယ်။ ဒါပေမယ့် ပေးထားတဲ့ အိမ်တွေရဲ့ အပြင်အဆင် အသုံးအဆောင်တွေက ဒေသခံအိမ်တွေနဲ့ အတူတူပါပဲ” ဟု ဦးအောင်ဇော်ဝင်းက ပြောသည်။
ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနက ဒေသဆိုင်ရာ အစိုးရများနှင့် ပူးပေါင်း၍ နိုင်ငံ အနှံအပြားတွင် တည်းခို နေထိုင်ရန် သင့်တော်သောနေရာများ ဆက်လက်ဖန်တီးပေးသွားမည် ဟုလည်း သူကဆိုသည်။
ယဉ်ကျေးမှုဆိုင်ရာ ပြဿနာများအတွက် စိုးရိမ်မှုရှိသော်လည်း ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community-based tourism) စီမံကိန်းများ ဖွံ့ဖြိုးလာဖို့ မျှော်လင့်နေသည်။ ကျေးလက်ဒေသအချို့တွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်နေသည်။
Myanmar Polestar Travel and Tours မှ မန်နေးဂျင်း ဒါရိုတ်တာ ဦးကျော်မင်းထင်က တည်းခိုနေထိုင်ခွင့်အတွက် အခြား ရွေးချယ်ရန်တခုမှာ အိပ်ယာနှင့် မနက်စာ (B&B) ပေးသည့် စနစ်ဖြစ်ကြောင်း၊ အိမ်ရှင်များအနေနှင့်လည်း အိမ်တွင်း စီးပွားရေး အဖြစ် ခရီးသည်များကို အခန်းငှားရမ်းခြင်း၊ အစားအစာရောင်းချခြင်းများ ပြုလုပ်နိုင်ကြောင်းပြောသည်။
“B&B က နေအိမ်မှာ တည်းခိုနေထိုင်တာနဲ့ မတူပါဘူး။ ဒါက နေရာထိုင်ခင်း စီစဉ်ပေးတာ သက်သက်ပါ။ ဒါကြောင့် မကြာခင် မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်ပါတယ်” ဟု သူကပြောသည်။ B&B စနစ်က ဟိုတယ်များမရှိသည့် ကျေးလက် ဒေသများ နှင့် ဝယ်လိုအားများပြားမှုကြောင့် အခန်းခများ မြင့်တက်နေသည့် ရန်ကုန်တွင်လည်း အလုပ်ဖြစ်လာနိုင်ကြောင်း ဦးကျော်မင်းထင်က ဆက်ပြောသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ၂၀၁၃ ခုနှစ်တွင် ၂ သန်း အထိတိုးတက်လာပြီး ယခုနှစ် အတွင်း တွင် ခရီးသည် ၃ သန်းရောက်ရှာလာရန် အစိုးရက စီစဉ်နေသည်။
———————————–
(ဘောက်စတိုရီ)
Homestayနှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းက ကောင်းကျိုးများ သယ်ဆောင်လာနိုင်သည်
ဧရာဝတီ
Homestay ဆိုသည်မှာ ဧည့်သည်ကို ဒေသခံ မိသားစုတခု၏ အိမ်တွင် အခန်းငှားရမ်းပြီး အတူနေထိုင်ခွင့်ပြုခြင်း ဖြစ်သည်။ ဒေသခံ ဘာသာစကား စွမ်းရည်တိုးတက်စေရန်၊ ဒေသခံ လူနေမှုဘဝနှင့် အကျွမ်းတဝင်ဖြစ်စေရန် ဧည့်သည်က Homestay နေတတ်ကြသည်။ Homestay ကို ကမ္ဘာပေါ်တွင် နေရာအနှံ့မြင်တွေ့နိုင်သော်လည်း ခရီးသွားလုပ်ငန်းကို တိုးတက်စေလိုသည့် နိုင်ငံများတွင် ပို၍ အားပေးတတ်ကြသည်။ Homestay နေထိုင်ခွင့်ပေးသည့် ဒေသခံမိသားစု အတွက် ဝင်ငွေရရှိစေနိုင်သည်။
Homestay သည် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community-based tourism) နှင့်လည်း ဆက်စပ်နေသည်။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသည် ဝေးလံသည့် ကျေးလက်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၊ ကျေးလက်ပြည်သူများ အကျိုးဖြစ်ထွန်းစေနိုင်သည့် ခရီးသွားလုပ်ငန်း ပုံစံမျိုးဖြစ်သည်။ မိမိတို့၏ ကျေးရွာတွင် ခရီးသည်များကို တည်းခိုခွင့်ပေးသည့် ကျေးရွာသူကျေးရွာသားများအတွက် အကျိုးအမြတ် ခွဲဝေရရှိနိုင်သည်။
စီးပွားဖြစ် ခရီးသွားလုပ်ငန်းတို့နှင့် ဒေသခံများအကြား ပူးပေါင်းလုပ်ဆောင်ခြင်းမျိုး အပါအဝင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ပုံစံအမျိုးမျိုးရှိပါသည်။ သို့သော်လည်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအားလုံးသည် ဒေသခံပြည်သူများကို အကျိုး အမြတ် သင့်တင့်မျှတစွာ ခွဲဝေပေးသင့်သည်။
ရပ်ရွာအခြေပြု ဂေဟခရီးသွားလုပ်ငန်း (Community-based ecotourism) ဆိုလျှင်လည်း ရပ်ရွာနှင့် ဒေသခံတို့ ဘဝဖွံ့ဖြိုးရေးသာမက အနီးရှိ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ကာကွယ် ထိန်းသိမ်းရေးအတွက်ပါ အထောက်အပံ့ ဖြစ်သည်။
ဥပမာပြရလျှင် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်များကို ကျေးရွာများရှိ အိမ်များတွင် စည်းကမ်းတကျ တည်းခိုစေခြင်း၊ အနီးရှိ တောတောင်များတွင် လမ်းလျှောက်ခြင်း၊ရိုးရာအစားအသောက်များ ချက်ပြုတ်ရာတွင် ပါဝင်လုပ်ကိုင်ခြင်း၊ ဒေသခံများ တင်ဆက်သည့် ရိုးရာအကများကို ကြည့်ရှုခြင်း၊ ငါးဖမ်းထွက်ရာတွင် လိုက်ပါခြင်းနှင့် ဒေသခံ အမျိုးသမီးများ ယက္ကန်းယက်သည့်နေရာ၊ ပန်းပုထုသည့် နေရာများသို့ သွားရောက်လည်ပတ်ခြင်းများ အပါအဝင် အတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်ပေးနေသည်။ တည်းခိုနေထိုင်ရာတွင်လည်း ရိုးရာနည်းလမ်းများဖြင့် နေနိုင်အောင် စီစဉ်ပေးထားသည်။ ရရှိလာသောဝင်ငွေကို ဧည့်သည်လက်ခံသူများနှင့် ရပ်ရွာက အချိုးကျခွဲဝေယူပြီး ရပ်ရွာက ရရှိသောငွေကို ကျေးရွာရံပုံငွေအဖြစ်သိမ်းဆီးပြီး ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ထည့်ဝင် သုံးစွဲသည်။
ယင်းခရီးသွားလုပ်ငန်းများသည် စီးပွားဖြစ်သက်သက်မဟုတ်ဘဲ ရပ်ရွာအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ပါ အကျိုးဖြစ်ထွန်းစေသောကြောင့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများ (Social businesses) ဖြစ်သောကြောင့် အစိုးရများက ဆင်းရဲမွဲတေမှုတိုက်ဖြတ်ရာတွင် ဦးစားပေးထည့်သွင်းကြသည်။ ဒေသခံ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် သာယာလှပမှုကြောင့် ဧည့်သည်များ လာရောက်လည်ပတ်သည်ကို သဘောပေါက်သဖြင့် ဒေသခံများကလည်း ကိုယ့်ယဉ်ကျေးမှုကို ဖွံ့ဖြိုးလာစေရန်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် ပါဝင်စောင့်ရှောက်ကြသည်။