စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအုပ်စုတွင် လုပ်ဆောင်နေသည့် တကောင်းတောင် သတ္ထုတူးဖော်ရေး စီမံကိန်း လုပ်ငန်းခွင်တွင်းမှ ထွက်ရှိလာသည့် မြေနီမှုန်များ ဖုံးလွှမ်းခံရသော လယ်ယာမြေများအတွက် မြေယာလျော်ကြေးများ မရရှိကြကြောင်း မောင်းကုန်းကျေးရွာ ဒေသခံများထံမှ သိရသည်။
တကောင်းတောင် သတ္ထုတူးဖော်ရေး စီမံကိန်း လုပ်ငန်းခွင် ဆောင်ရွက်ရာမှ ထွက်ရှိလာသော မြေနီမှုန်များသည် ဒေသခံများ စိုက်ပျိုးထားကြသည့် ကြံ၊ ပဲနှင့် ပြောင်းစိုက်ခင်း ဧရိယာ ၁၃၆ ဧက ပေါ်သို့ ဆက်တိုက် ဖုံးလွှမ်းလျက်ရှိသော်လည်း အဆိုပါ ကိစ္စအပေါ် စီမံကိန်းဆောင်ရွက်သည့် ကုမ္ပဏီက တာဝန်ယူပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
တကောင်းတောင် သတ္ထုတူးဖော်ရေး စီမံကိန်းသည် တရုတ်နိုင်ငံရှိ China Nonferrous Metal Mining Group (CNMC) ကုမ္ပဏီ နှင့် Taiyuan Iron and steel Group ကုမ္ပဏီတို့က ပူးပေါင်းထားသည့် မြန်မာ CNICO ကုမ္ပဏီက အစိုးရခွင့်ပြုချက်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ သတ္ထုတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
“၂၀၀၈ တုန်းကတော့ လယ် ၁ ဧက အတွက် ၅ နှစ်စာ သီးနှံလျော်ကြေး ၅ သိန်း ပေးခဲ့ဖူးတယ်၊ မြေယာလျော်ကြေး မပေးခဲ့ဘူး၊ အခု ၅ နှစ်စာ လျော်ကြေးပြည့်ခဲ့တာလည်း ၂ နှစ်ကျော်ပြီ၊ ဘာလျော်ကြေးမှ ထပ်မရဘူး” ဟု လယ်ဧက ၅၀ ကျော် အသိမ်းခံထားရသူ မောင်းကုန်းဒေသခံ ကိုတင်ငွေက ဧရာဝတီသို့ ပြောသည်။
ဒေသခံများအနေဖြင့် ၂၀၁၂ ခုနှစ်ကုန်မှ လက်ရှိ အချိန်အထိ မြေနီမှုန် ဆက်လက် ဖုံးလွှမ်းခံနေရသည့် လယ်ယာမြေများ အတွက်
သီးနှံလျော်ကြေးနှင့် မြေယာလျော်ကြေး ဆက်လက်ပေးရန် ကုမ္ပဏီသို့ တင်ပြတောင်းဆိုခဲ့ရာ လျော်ကြေး ဆက်လက်ပေးမည်ဟု ဆိုသော်လည်း ယနေ့အထိ လျော်ကြေးမရကြကြောင်း သူက ရှင်းပြသည်။
မြန်မာ CNICO ကုမ္ပဏီသည် မောင်းကုန်းကျေးရွာ ဒေသခံများ၏ မြေနီမှုန်ဖုံးလွှမ်းသော လယ်ယာမြေများအတွက် သီးနှံလျော်ကြေးကို လယ် ၁ ဧကလျှင် ကျပ် ၅ သောင်း နှုန်းဖြင့် လည်းကောင်း၊ ကုမ္ပဏီ၏ မြေအရည်အသွေး စစ်ဆေးမှုခံရသည့် ကြံစိုက်ခင်း နေရာတချို့အတွက် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အထိအတွက် ၅ နှစ်စာ
လျော်ကြေးပေးခဲ့ကြောင်း သိရသည်။
စီမံကိန်းလုပ်ကွက်မှ ကျသော မြေနီမှုန်များသည် တကောင်းတောင်ခြေရှိ ရေရှင်ချောင်း၊ ကနီချောင်း၊ ဘူးကွဲချောင်း၊ ကျောက်လောင်းချောင်း၊ သွေးကျောက်ချောင်း၊ ရွှေတောင်ချောင်းနှင့် ငလင်းကားချောင်းတို့မှ တဆင့် ဒေသခံ တောင်သူများ၏ လယ်ယာမြေများပေါ်သို့ တနှစ်ထက် တနှစ် ပိုမို ဖုံးလွှမ်းလာကြောင်း ဒေသခံများက ဆိုသည်။
“ကျနော်တို့ သောက်သုံးရေ အဖြစ်ထားခဲ့တဲ့ ချောင်းက အခု တိမ်ကောနေပြီ၊ သိပ်မကြာခင် ချောင်းလုံး ဝရှိတော့မှာ မဟုတ်ဘူး” ဟု ရေရှင်ချောင်း တချောင်းလုံးနီးပါး မြေနီမှုန်များ ဖုံးလွှမ်းခံနေရသည့်အပေါ် ဒေသခံ ဦးဖက်ရောင်က ဆိုသည်။
စီမံကိန်းစတင်ခဲ့သည့် ၂၀၀၈ ခုနှစ်ခန့်မှ စတင်ကာ မြေနီ ဖုံးလွှမ်းခံနေရသည့် လယ်ယာမြေဧက ၃၉၂ ဧက ရှိခဲ့ပြိး ဖုံးလွှမ်းနေသည့် မြေနီမှုန်ထုထည်မှာ ၂ ပေ အထက်တွင် ရှိနေကြောင်း၊ လက်ရှိအချိန်အထိ သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိတော့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ မြန်မာ့ CNMC ကုမ္ပဏီ လီမိတက်၏ တကောင်းတောင် နီကယ်စီမံကိန်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု မှတ်တမ်းမှ အချက်အလက်များတွင် စီမံကိန်း၏ ပတ်ဝန်းကျင် ထိန်းသိမ်းမှုစနစ်သည် တရုတ်နိုင်ငံ၏ အကောင်းဆုံးပုံစံနှင့် မြန်မာ အစိုးရ၏ တောင်းဆိုထားသည့်အတိုင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံက ကုမ္ပဏီတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်တာတွေကို နိုင်ငံတကာက လုပ်ပေးနေတဲ့ နည်းလမ်းအတိုင်းတွေလိုတော့ ဖြစ်စေချင်တယ်၊ အခုက တကောင်းစီမံကိန်းမှ မဟုတ်ဘူး၊ မြန်မာပြည် တပြည်လုံးနီးပါးက
စီမံကိန်းတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနဲ့ နည်းဥပဒေကို လိုက်နာ ဆောင်ရွက်မှု အားနည်းနေတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်က ပြောသည်။
အိမ်နီးချင်းနိုင်ငံ တချို့တွင် ကုမ္ပဏီများကို သတ္ထုတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုသော်လည်း ဒေသ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံအစိုးရက
လေးလေးနက်နက် ဆောင်ရွက်လေ့ရှိကြောင်း သူက ရှင်းပြသည်။
ဒေါ်ဒေဝီသန့်စင် အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများမှ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တချို့က တကောင်းတောင် နီကယ် သတ္ထုတူးဖော်ရေး စီမံကိန်း ဧရိယာအတွင်းရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လေ့လာရန်
စက်ရုံသို့ ခွင့်ပြုချက် တောင်းခဲ့သော်လည်း မြန်မာ CNMC ကုမ္ပဏီဘက်မှ တာဝန်ရှိသူတဦးက ကိုယ်ရေးကိုယ်တာကိစ္စ ရှိသည်ဟု အကြောင်းပြကာ လေ့လာခွင့် မပြုခဲ့ပေ။