ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင် ၂၀၁၃ ခုနှစ် အတွင်း အကြီးမားဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ကန်ဘက်ကျေးရွာ ပြန်လည် ထူထောင်ရေး အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။
ကန်ဘက်ကျေးရွာ မီးဘေးသင့်ပြည်သူများ၏ နေအိမ်အဆောက်အအုံများ ပြန်လည် တည်ဆောက်ရန်နှင့် မီးလောင်သွားသည့် ကန်ဘက်ကမ်းနားဈေးအား ပြန်လည်တည်ဆောက်ရန် အကူအညီများ လိုအပ်နေကြောင်း ကန်ဘက်ကျေးရွာ မီးဘေးကယ်ဆယ် ရေး ကော်မတီဝင် ဦးမြင့်စိုးက ဧရာဝတီကို ပြောသည်။
“မီးဘေးသင့် ပြည်သူတွေအတွက် ဧရာဝတီတိုင်း အစိုးရရော၊ လွှတ်တော်ရော၊ NGO တွေရော၊ အလှူရှင်တွေပါ ဝိုင်းဝန်းကူညီကြ ပါတယ်၊ ဒါပေမယ့် မီးဘေးသင့်ပြည်သူတွေ အိမ်ပြန်ဆောက်ဖို့နဲ့ ဈေးရှိတဲ့ ကမ်းနားလမ်း၊ အဲဒီလမ်းပြန်လည် တည်ဆောက် ဖို့ အတွက် အလှူရှင်တွေ လိုအပ်နေပါသေးတယ်၊ အဲဒီကမ်းနားလမ်းရှိမှ ဈေးပြန်ဖြစ်လာမယ်၊ ဈေးဖြစ်လာမှ ကျနော်တို့ ကန်ဘက်ရွာ ပြန်တည်လို့ရမှာပါ”ဟု သူက ပြောပြသည်။
ကန်ဘက်ကျေးရွာမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက မီးလောင်ခဲ့ရာ အိမ်ခြေ ၂၄၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး တန်ဖိုးငွေ ကျပ် သိန်း ၃ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မိသားစု ၂၀၄ စုရှိ လူပေါင်း ၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မီးဘေးသင့်သူ အများစုမှာ ကန်ဘက် ကမ်းနား လမ်းဈေးတွင် ဈေးရောင်းဈေးဝယ်အလုပ်ဖြင့် အသက်မွေးကြသူများ ဖြစ်သည်။
မီးဘေးသင့်ပြည်သူများအတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က လုပ်ငန်းရှင်များထံမှ အလှူခံခဲ့ရာ ကျပ် သိန်း ၇၀၀ ကျော် ရရှိခဲ့ပြီး တခြားသော စေတနာရှင်များကလည်း အလှူငွေများထည့်ဝင်ခဲ့ရာ စုစုပေါင်းအလှူငွေ ကျပ်သိန်း ၁၀၀၀ ကျော် ရရှိထားကြောင်း သိရသည်။
ယင်းအလှူငွေများကို ဒုက္ခသည်များ၏ နေအိမ်များ ပြန်လည်တည်ဆောက်ရန် မကြာမီ ခွဲဝေလှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်း အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဧရာဝတီကို ပြောသည်။
“မီးဘေးသင့်ပြည်သူတွေ အိမ်ပြန်ဆောက်နိုင်ဖို့အတွက် အလှူငွေတွေ ထောက်ပံ့ပေးဖို့အတွက် စီစဉ်ထားပြီးပါပြီ၊ မကြာခင်ကာလ အတွင်းမှာ မြေနေရာတွေ ပြန်လည်ချထားတာတွေ လုပ်ပေးပါမယ်၊ သူတို့အတွက် လှူဒါန်းတဲ့ငွေကြေးပံ့ပိုးမှုတွေကို ပေးအပ်သွားမှာ ဖြစ်ပြီး မကြာခင်မှာပဲ သူတို့အိမ် ပြန်ဆောက်တာတွေ လုပ်ကြပါလိမ့်မယ်၊ အိမ်တွေပြန်ဆောက်ရာမှာလည်း မီးဘေး ကြိုတင် ကာ
ကွယ်နိုင်မယ့် အစီအမံတွေကို ပြည်သူရဲ့ဆန္ဒနဲ့အညီ ထည့်သွင်း ရေးဆွဲထားပါတယ်”ဟု သူက ဆိုသည်။
မီးဘေးဒုက္ခသည် မိသားစု ၂၀၄ စုအနက်မှ ဆင်းရဲချို့တဲ့သူ ၂၃ စုကို ထောက်ပံ့ငွေ ၆ သိန်း ၆ သောင်းကျပ် ပေးအပ်သွားမည်ဖြစ်ပြီး ၁၈၁ ဦးကို ငွေကျပ် ၄ သိန်း ၄ သောင်း ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
နိုင်ငံတကာ NGO အဖွဲ့တခု ဖြစ်သည့် ALTRA က မီးဘေးသင့် အိမ်ထောင်တစုလျှင် သွပ်အချပ် ၂၀ စီ အခမဲ့ လှူဒါန်းခဲ့ပြီး ဧရာဝတီ တိုင်း အစိုးရကလည်း ချိုသာသည့်ဈေးနှုန်းဖြင့် တအိမ်ထောင်လျှင် သစ် ၁ တန် ကျစီ ဝယ်ယူနိုင်ရန် စီစဉ် ပေးထားကြောင်း ပြော သည်။
“ကျနော့်အိမ်ဆိုရင် ရတဲ့ပစ္စည်းနဲ့ဖြစ်သလို ပြန်ဆောက်ထားတာ အိမ်အမိုးပဲရှိတယ်၊ အကာမရှိဘူး၊ အခင်းလည်း မရှိသေးဘူး၊ အခုလို ငွေကြေး ထောက်ပံ့ပေးတော့ အရမ်း ဝမ်းသာပါတယ်၊ ဒါပေမယ့် အိမ်ပြန်ဆောက်ဖို့တော့ လိုအပ်နေသေးတာအမှန်ပဲ၊ လက်ရှိတော့ ဒုက္ခသည်တချို့က ဘုန်းကြီးကျောင်းမှာနေတယ်၊ ကျန်တာတွေကတော့ အိမ်ငှားနေတာရှိသလို ဖြစ်သလို တာလ ပတ်တွေ မိုးကာပြီး နေကြတာလည်းရှိတယ်၊ တချို့လည်း ဆွေမျိုးတွေအိမ်မှာ ခိုကပ်နေကြတယ်”ဟု ကန်ဘက်ကျေးရွာမှ မီးဘေး ဒုက္ခသည် ကိုစိုးလွင်က ပြောသည်။
ကန်ဘက်ကျေးရွာ မီးလောင်မှုတွင် ကန်ဘက်ကျေးရွာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ ၁၃ ဦး၏ နေအိမ်များလည်း ပါဝင်ခဲ့ပြီး အိမ်ပြန်ဆောက်ရေးအတွက် အခက်အခဲ ရှိနေကြောင်း၊ ပညာရေး ဝန်ကြီးဌာနကလည်း ယနေ့ အထိ ကူညီထောက်ပံ့ခြင်း မရှိကြောင်း အထက်တန်းပြဆရာ ဦးမြင့်မောင်က ပြောပြသည်။
“မီးလောင်တာ ၂ လကျော်ပါပြီ၊ ဒီကနေ့အထိ ပညာရေးဝန်ကြီးဌာနက ကျနော်တို့ ဆရာ၊ ဆရာမတွေအတွက် လုံး၀ ကူညီထောက် ပံ့ခြင်း မရှိပါဘူး၊ ဆရာ၊ ဆရာမတွေထဲမှာ ပညာရေး ဝန်ထမ်းအလုပ်ပဲ လုပ်နေသူတွေကျတော့ အိမ်ပြန်ဆောက်ဖို့ အတော် အခက် အခဲ ရှိပါတယ်၊ ဘယ်လောက်ခက်ခဲသလဲဆိုရင် အစိုးရက သစ်ကို ထုတ်ဈေးနဲ့ပေးတာတောင် မဝယ်နိုင်လို့ မထုတ်ရသေးတဲ့ လူ တွေ ရှိပါတယ်၊ အဲဒီတော့ ကျနော်တို့ ပညာရေးဝန်ထမ်းတွေအတွက် နှစ်ရှည် အတိုးမဲ့ချေးငွေ ထုတ်ချေးပေးတာမျိုး လုပ်ပေးရင် ကျနော် တို့ အိမ်ဆောက်ဖို့တွေ အဆင်ပြေနိုင်ပါတယ်”ဟု သူက ပြောသည်။
မီးလောင်မှုကြောင့် ကန်ဘက်ကျေးရွာ အထက်တန်းကျောင်းမှ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ရှိပြီး
ယင်းအနက် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ပါဝင်သည်။
ကန်ဘက်ကျေးရွာသည် လပွတ္တာမြို့ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး မီးလောင်မှုမဖြစ်မီက လပွတ္တာမြို့မှ ကုန်စည်များသယ်ယူ ကာ ရောင်းဝယ်ဖောက်ကားသည့် စည်ကားသော ကျေးရွာကြီးတခု ဖြစ်ခဲ့သည်။