Politics

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၉) - ဗိုလ်သန်းရွှေ တိုင်းပြည်ကို အုပ်ချုပ်ခြင်း

This article has been converted from Zawgyi One to Unicode

၁၉၉၅ ခုနှစ် ဇူလိုင်လမှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် လူတိုင်း အံ့အားသင့်ခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အမှတ်ပြည့်ရသွားပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြန်လည်သင့်မြတ်ရေး သတင်းစကားတခုပို့ခဲ့ပြီး အကန့်အသတ်မရှိ လုံးဝပြန်လွှတ်ခြင်း ဖြစ်တဲ့အကြောင်း အသိပေးခဲ့ပါတယ်။ ဒီသတင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူဖြစ်တဲ့ ဗိုလ်မှူးကြီးကျော်ဝင်းကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားပို့ခဲ့ပါတယ်။

အဲဒီ ၁၉၉၅ ခုနှစ် ဇူလိုင်လအတွင်းလောက်မှာပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာပိုရှိလာပြီး နေရာ ပိုယူလာနိုင်တာကြောင့် သူနဲ့ ဗိုလ်ချုပ် ခင်ညွန့်ကြားထဲက အာဏာအားပြိုင်မှုကလည်း အကြိတ်အနယ် ပိုပြီး ရှိလာနေပါပြီ။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အာဏာရှင်ဟောင်းကြီး ဦးနေဝင်းကလည်း နိုင်ငံရေးမှာ လုံးလုံးလျားလျား စိတ်မဝင်စားတော့ဘူးလို့ သူနဲ့ ကာလရှည်လက်တွဲခဲ့တဲ့ လက်ထောက်တွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို  ပုံစံချခဲ့တဲ့ ဦးချစ်လှိုင်၊ ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်းတို့နဲ့ တွေ့တဲ့အချိန်မှာ ဦးနေဝင်းက နိုင်ငံရေးနဲ့ ပတ်သက်လို့ သူ ဘာမှမကြားချင်တော့ဘူး၊ ဘာသာရေး အကြောင်းနဲ့ တရားအားထုတ်တဲ့ အကြောင်းတွေကိုပဲ စိတ်ဝင်စားတော့တယ်လို့ပြောခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဦးချစ်လှိုင်က ဦးနေဝင်းကို လယ်တီ ဆရာတော်ဘုရားကြီးရဲ့ စာအုပ်တအုပ် လက်ဆောင် ပေးခဲ့ပါတယ်။ အများရဲ့ ကြည်ညိုလေးစားခြင်း ခံရ တဲ့ လယ်တီဆရာတော်ကြီးက ဝိပဿနာတရား အားထုတ်ခြင်းကို မြန်မာနိုင်ငံမှာ ပြန့်ပွားထွန်းကား အောင် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဦးနေဝင်းကလည်း ၁၉၉၀ လောက်ကစပြီး တရားထိုင်ခဲ့ရာမှာ သူ့ရဲ့စိတ်ထဲမှာ သန့်စင်ငြိမ်းချမ်းမှု တွေရခဲ့တယ်လို့ ဦးချစ်လှိုင်ကိုပြောပါတယ်။ တကယ် လို့ လယ်တီဆရာတော် ဘုရားကြီးရဲ့ စာအုပ်ကို အစောကြီးကတည်းကသာ ဖတ်ခဲ့ရမယ်ဆိုရင် တိုင်း ပြည်ကို အကြီးအကျယ် ထိခိုက်နစ်နာ ပျက်စီးစေတဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေ လုပ်ဖြစ်မှာမဟုတ်ဘူးလို့ လည်း ဦးနေဝင်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစောပိုင်းကာလတွေမှာ ဦးနေဝင်း ဖတ်သင့်တာက လယ်တီဆရာတော်ရဲ့တရားဓမ္မတွေ မဟုတ်ဘူး၊ စီးပွားရေး သဘောတရား စာအုပ်တွေ ဖြစ်တယ်လို့ အများကပြောကြပါလိမ့်မယ်။ တကယ်လို့ နိုင်ငံရဲ့စီးပွားရေးကို ထိန်းကျောင်းနိုင်ဖို့အတွက် ဆူဟာတိုနဲ့ လီကွမ်ယူတို့လိုမျိုး Berkley Mafia (အင်ဒိုနီးရှားနိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည်ထူထောင်ပေးနိုင်ခဲ့တဲ့၊ အမေရိကန်မှာပညာ သင်ယူခဲ့တဲ့ စီးပွားရေးပညာရှင်များအစုအဖွဲ့) လို့ ခေါ်တဲ့ စီမံခန့်ခွဲရေးပုံစံအသစ်မျိုးကို ခန့်အပ်တာဝန် ပေးနိုင်ခဲ့မယ်ဆိုရင် နိုင်ငံကိုချွတ်ခြုံကျစေသူ ဆိုတဲ့ အမြင်အစား  နိုင်ငံကို  အောင်မြင်ကြီးပွားစေခဲ့တဲ့ အာဏာရှင်တယောက်အဖြစ် သူ့ကို မှတ်မိနေကြ မှာပါ။

သူ့ရဲ့ နိုင်ငံရေး အယူအဆတွေကို အများက မနှစ်သက်ကြပေမယ့် သူ့ကို ဆက်ခံသူတွေရဲ့ လုပ် ဆောင်မှုတွေအပေါ်မှာ ဦးနေဝင်းရဲ့ ဩဇာသက် ရောက်မှုက ရပ်တန့်မသွားပါဘူး။ ၁၉၉၇ ခုနှစ်မှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အာဏာရှင် ဟောင်းကြီးက အင်ဒိုနီးရှားနိုင်ငံကိုသွားပြီး သမ္မတ ဆူဟာတိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြန်ရောက်လာပြီး မကြာခင်မှာပဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ ထိပ်ပိုင်း ၄ ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွန့်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးတို့ကို သူ့ အိမ်ကိုလာဖို့ ခေါ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက အစိုးရအဖွဲ့တွင်းက ပြဿနာတွေအကြောင်းမဟုတ် ဘဲ အကျင့်ပျက်ခြစားမှုကိုနှိမ်နင်းဖို့ ဦးနေဝင်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ရလဒ်က တော့ ထပ်တူနီးပါးပါပဲ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ဖို့ စိတ်ဝင်စားခဲ့ကြတဲ့ အင်ဒိုနီးရှားသမ္မတ ဆူဟာတို ရဲ့ မိသားစုဝင်တွေက စစ်အစိုးရ ထိပ်တန်းအဖွဲ့ဝင် တွေအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အကျင့် ပျက် ခြစားမှုတွေအကြောင်း တိုင်ကြားလိုက်တယ်လို့ လေ့လာအကဲခတ်သူ အချို့က ယုံကြည်ကြပါတယ်။ အကျိုးဆက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်အောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ အပါအဝင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တွေ သူတို့ရာထူးတွေကနေ ဖယ်ရှားခံလိုက်ရပါတယ်။

စစ်တပ်ကပိုင်တဲ့ ဂေါက်ကွင်းက ပြန်လာတဲ့ အချိန်မှာ သူ့ကို ရာထူးကဖယ်ရှားခံလိုက်ရပြီ ဆိုတာ ကို ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် သိလိုက်ရပါတယ်။ သူ့ကို စစ်ကြောရေးစခန်းခေါ် သွားပြီး အဲဒီမှာ လက်ဖက်ရည်ဖိုးနဲ့ လာဘ်ပေးလာဘ် ယူမှုတွေအကြောင်း ထွက်ဆိုရင်းနဲ့ မျက်ရည်တောင် ကျခဲ့ရတယ်လို့ သိရပါတယ်။ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် က ရုပ်ရှင်မင်းသမီးငယ်လေးတွေကို ဝန်ကြီးရုံးကို ခေါ်ပြီး အဝတ်အစားချွတ်ပြီး မော်ဒယ်ကိုယ်ဟန်ပြ သလို လမ်းလျှောက်ခိုင်းဖူးတယ်လို့လည်း ကောလာ ဟလတွေ ထွက်ခဲ့ဖူးပါတယ်။

ပထမပိုင်းမှာ စစ်အစိုးရက ရာထူးကနေ ဖယ် ရှားလိုက်တဲ့ ဝန်ကြီးတွေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အစိုးရ နာမည်ကိုလည်း “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC)” လို့ ပြောင်းလဲလိုက် ပါတယ်။ ဒါပေမယ့် အကြံပေးနေရာကိုလည်း မကြာခင်မှာပဲ ရုပ်သိမ်းလိုက်ပြီး အရှိန်အဝါကြီးတဲ့ ဒီ ဝန်ကြီးတွေကို အကျင့်ပျက်ခြစားမှုကြောင့် ထုတ်ပယ်ခံလိုက်ရတယ်ဆိုတာ သိသာထင်ရှားစွာပေါ်လွင် လာပါတယ်။ ရာထူးက ဖယ်ရှားခံရတဲ့သူ အချို့ဟာ နေအိမ်အကျယ်ချုပ် ကျခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ယူဆကြတဲ့ အာဏာပြောင်းလဲမှုကို အစိုးရအဖွဲ့အတွင်းက တခြားသူတွေကလည်း ဆန့်ကျင်ခြင်းမရှိဘဲ ငြိမ်သက်နေခဲ့ကြပါတယ်။ နောင်တချိန်မှာ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ ပြိုင်ဘက်တွေကို ဖယ်ရှားလိုက်နိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတွက်ကတော့ ဒီအပြောင်းအလဲက အများကြီး အကျိုးဖြစ်စေခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်သူ့ကိုမဆို ရာထူးခန့်ထားနိုင်ခွင့်၊ ထုတ်ပယ်နိုင်ခွင့် ရှိသွားတဲ့အတွက် သူယုံကြည်တဲ့သူတွေကို အရေးပါတဲ့ ထိပ်တန်းနေရာတွေမှာ ခန့်ထားခြင်းအားဖြင့် စစ်ရုံးမှာ သူ့ရဲ့အာဏာကို အခြေခိုင်အောင် စုစည်းနိုင်သွားပါတယ်။ အကြွင်းမဲ့အာဏာကို ပထမဆုံး အကြိမ်အဖြစ် အသုံးချပြီး သူယုံကြည်အားထားတဲ့ အရာရှိတွေဖြစ်တဲ့ ဗိုလ်ချုပ် စိုးဝင်း၊ ဗိုလ်ချုပ် ရွှေမန်း၊ ဗိုလ်ချုပ် သိန်းစိန်နဲ့ ဗိုလ်ချုပ် မြင့်ဆွေတို့ကို အဆင့်မြင့် ရာထူးတွေမှာ ခန့်အပ်လိုက်ပါတယ်။ အရင်က မြင်တောင်မမြင်ရခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လက်ဟာ အခုတော့ တက်မကို မြဲမြဲဆုပ်ကိုင်မိသွားပါပြီ။

၁၉၉၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အတက်အကျတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အနောက်အုပ်စု မဟာမိတ်တွေ ဝေဖန်ကြပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်လာပါတယ်။ သမ္မတ ကလင်တန်ရဲ့ အမေရိကန်အစိုးရက စစ်အစိုးရကို အရေးယူ ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် ကျနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်လည်း အသက် ၆၈ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ စစ်အစိုးရက သူတို့ရဲ့ ပြည်သူ့ စစ်ပွဲမူဝါဒမှာ တန်ပြန်တိုက်ခိုက် ချေမှုန်းရေးနည်းဗျူ ဟာတွေ ပေါင်းစပ်တဲ့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကြည်း၊ ရေ၊ လေ စစ်ရေးပူးပေါင်း လေ့ကျင့်မှုတခု ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့ကလည်း အားဖြည့်ပါဝင်ခဲ့ကြရပါတယ်။

နိုင်ငံတော် ကာကွယ်ရေးကိစ္စရပ်များ လေ့လာ သူပညာရှင် မောင်အောင်မျိုးက သူရေးသားခဲ့တဲ့ “တပ်မတော်ကိုတည်ဆောက်ခြင်း” ဆိုတဲ့ စာအုပ်မှာ “နိုင်ငံခြား ကျူးကျော်ဝင်ရောက်မှုများကို ခုခံကာ ကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တန်ပြန်တိုက်ခိုက် ချေမှုန်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်” လို့ ရေးခဲ့ပါတယ်။  မောင်အောင်မျိုးရဲ့ အဆို အရ စစ်အစိုးရက ဖော်ဆောင်လာတဲ့ ပြည်သူ့စစ်ပွဲ မူဝါဒသစ်ဟာ ပုံမှန်တပ်ဖွဲ့တွေက ကျူးကျော်လာသူ ကို ကမ်းတက်လာတဲ့နေရာမှာဖြစ်စေ၊ လေကြောင်းချီ အဖွဲ့ ဆင်းသက်လာတဲ့ ဒေသမှာဖြစ်စေ ခုခံချေမှုန်းလို့ မအောင်မြင်ခဲ့ဘူးဆိုရင် ခုခံမှုကို ကျေးရွာအဆင့် ကနေစပြီး ဒေသအလိုက်၊ နောက်တော့ တနိုင်ငံလုံး အတိုင်းအတာအထိ စည်းရုံးပြီး ကျူးကျော်တပ်တွေ စိတ်ဓာတ်ရေးရာ ချည့်နဲ့သွားအောင် လုပ်ဆောင်နိုင် ရေးပဲ ဖြစ်ပါတယ်။

ပြည်ပကျူးကျော်တပ်တွေ စိတ်ဓာတ်ကျဆင်း သွားပြီး တပ်တွေပြိုကွဲ၊ စွမ်းဆောင်ရည် အားနည်း လာလို့ စစ်ပန်းသွားတဲ့အချိန်မှာ မြန်မာ့တပ်မတော်က လုံလောက်တဲ့အင်အားစုစည်းမိပြီဖြစ်လို့ ထိုးစစ်ဆင်နွှဲ ချေမှုန်းပြီး ကျူးကျော်လာသူတွေကို မြန်မာ နိုင်ငံထဲက မောင်းထုတ်ဖို့ရည်ရွယ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ထူးခြားဆန်းကြယ်တဲ့ စိတ်ကူးကမ္ဘာထဲမှာတော့ ပြင်ပက ရန်သူတွေဟာ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ဖို့ အခွင့်ကောင်းကို အမြဲတမ်း စောင့်ဆိုင်းနေကြပါတယ်။ သူ့မှာ ဘာမှမဝေးသေးတဲ့ ကာလတုန်းက အင်္ဂလိပ်နဲ့ ဂျပန် ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ နမူနာတွေကလည်း ရှိနေပါတယ်။

၂၀ဝ၂ ခုနှစ်ထဲမှာတော့ ဦးနေဝင်းရဲ့ ပြန်လည်ပေးဆပ်ရမယ့် ကာလဟာ မြန်မာစစ်တပ်ရဲ့ ရိုးရာထုံးတမ်းနဲ့ အညီ ရောက်ရှိလာပါတယ်။ အဲဒီအချိန်အထိ စစ်အစိုးရက “အဘိုးကြီး” ရဲ့ စကားကို နား ထောင်နေရတုန်းပါပဲ။ သူရဲ့ အချစ်ဆုံးသမီးဖြစ်တဲ့ ဒေါ်ခင်စန္ဒာဝင်းကလည်း အရေးပါနေတုန်းပါပဲ။ ဒေါ်ခင်စန္ဒာဝင်းက သူ့ရဲ့ခင်ပွန်းဖြစ်သူ ဦးအေးဇော်ဝင်းနဲ့အတူ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းမှာ ဝင်ပါနေပါတယ်။ ဦးနေဝင်းရဲ့ အချစ်ဆုံးမြေးတွေ အရွယ်ရောက်လာကြပြီးတော့ ရန်ကုန်မြို့ရဲ့ နေရာတိုင်းမှာ ခြေရှုပ်နေကြပြီး အလွန်အစွမ်းထက်တဲ့ စကော်ပီယံဂိုဏ်းကို တည်ထောင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ၁၉၉၀ နောက်ပိုင်းနှစ်တွေနဲ့ ၂၀ဝ၀ အစော ပိုင်းနှစ်တွေအတွင်း ရာဇဝတ်မှု၊ လူသတ်မှု၊ အုပ်စုဖွဲ့ အကြမ်းဖက်မှု၊ မူးယစ်ဆေးနဲ့ တခြားသော မာဖီးယား ဒုစရိုက်ဂိုဏ်းဆန်တဲ့ ပြစ်မှုတွေကျူးလွန်ခဲ့ကြတယ်လို့လည်း ပြောဆိုစွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

၂၀ဝ၂ ခုနှစ်အတွင်းမှာပဲ ဦးနေဝင်းနဲ့ မိသားစုဝင်တွေဟာ နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုနဲ့ စွပ်စွဲခြင်းခံရပါတော့တယ်။ စစ်အစိုးရက ဦးနေဝင်းရဲ့ လုံခြုံရေးအရာရှိတွေကို ဖယ်ရှားလိုက်ပြီး သူနဲ့ သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး သမက်ဖြစ်သူနဲ့ ချစ်စွာသော မြေး ကလေးတွေကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ် လိုက်ပါတယ်။ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မှာတော့ ဦးနေဝင်း သူ့ရဲ့နေအိမ်မှာပဲ တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့အလောင်းကို မိသားစု ဝင်တွေ စောင့်ဆိုင်းနေတဲ့ သုသာန်မှာ ဘာအခမ်းအနားမှ မပါဘဲ သယ်ယူသွားခဲ့ကြပါတယ်။ ပြည်သူကို အသိပေးကြေညာခြင်း မရှိသလို နိုင်ငံတော် ဈာပနလည်း ကျင်းပခြင်း မရှိခဲ့ပါဘူး။

Loading