နေပြည်တော်သို့ သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စများ ဆွေးနွေးရန် ရောက်ရှိနေသော “ဝ” ဒေသ ကိုယ်စားပြုအဖွဲ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခွင့်ရပါက “ဝ” ပြည်နယ်ရရှိရေး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရရှိသည်။
“ဝ” ဒေသ ကိုယ်စားပြုအဖွဲ့သည် ၎င်းတို့၏ နေပြည်တော် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံလိုသော်လည်း သမ္မတဘက်မှ လက်ခံတွေ့ဆုံရန် ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။
“ဝ ပြည်နယ် တောင်းဖို့က ဟိုးသမိုင်းတကည်းက ရှိပြီးသားပါ။ “ဝ” ပြည်နယ် တောင်းဖို့ ဘာမှ လက်နက်အားကိုးစရာ မလိုဘူး။ ဘယ်သူကမှလည်း ပေးကမ်းထားတာ မဟုတ်ဘူး။ ကိုယ့်ပစ္စည်းကိုယ် ပြန်တောင်းတာပါ။ ခွဲထွက်ဖို့လည်း မဟုတ်ဘူး” ဟု “ဝ” အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့်က ဧရာဝတီသို့ ပြောကြားသည်။
အင်္ဂလိပ်ခေတ် မှတ်တမ်းများအရ “ဝ” လူမျိုးများသည် “ဝ” ပြည်နယ်အား ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်ကို တွေ့နိုင်ကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျင်းပချိန် “ဝ” ဒေသမှာ စီးပွားရေး နိမ့်ကျနေသောကြောင့် ရှမ်းနှင့် ပေါင်းပြီး ရှမ်းဒေသဖွဲ့လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် “ဝ” ပြည်နယ် ပြန်တောင်းနေသည်မှာ ခွဲထွက်ရန် မဟုတ်ကြောင်း “ဝ” ခေါင်းဆောင်များက ပြောသည်။
“ကျနော်တို့ မူလရှိရင်း ဝ ပြည်နယ်ကို ရှမ်းကနေထွက်ပြီး သီးသန့် ဖြစ်အောင် တောင်းဆိုတာပါ။ ကိုယ့်ဟာကိုယ့်ပြန်တောင်းတာပါ။ ဒီကိစ္စအတွက် လွန်တယ်၊ ကျူးတယ်ဆိုတာ မရှိပါဘူး” ဟု ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်တွင် တာဝန်ရှိသူ အဆက်ဆက်သည် “ဝ” ဒေသကို လျစ်လျူရှု့ခဲ့ကြကြောင်း၊ “ဝ” လူမျိုးများသည် ကိုယ့်ဖာသာကိုယ် ရပ်တည်ခဲ့ရကြောင်း ၊ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော်လည်း မော်တော်ကားလမ်းများကို ၅ နှစ် စီမံကိန်းဖြင့် ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
တိုင်းရင်းသား အင်အားစုများ တောင်းဆိုနေသော ဖက်ဒရယ် တပ်မတော်ကိစ္စကို “ဝ” ခေါင်းဆောင်များ အနေဖြင့် သဘောမကျကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် သေချာဆုံးဖြတ်သင့်ကြောင်း၊ သို့သော် တိုင်းရင်းသားမျိုးနွယ်စု တခုအနေဖြင့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များ ရေးဆွဲထားသော အပစ်ခတ်ရပ်စဲရေး မူကြမ်းကိုလည်း တောင်းယူပြီး “ဝ” ခေါင်းဆောင်များ ဆွေးနွေးနေကြောင်း၊ ၂၀၁၄ ခုနှစ်ထဲတွင် ပြုလုပ်မည့် သန်းခေါင်စားရင်း ကောက်ယူရေး ကိစ္စများတွင်လည်း “ဝ” ဒေသမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းကို “ဝ” ပြည်နယ်အဖြစ် အသိအမှတ်ပြုရန် “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် “ဝ” ဒီမိုကရက်တစ် ပါတီတို့က တောင်ကြီးမြို့ တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြသေးသည်။