မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း ကဏ္ဍတွင် လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံမှ အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံ ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။
“သစ်လုပ်ငန်းကို လာပြီးရင်းနှီးမြှုပ်နှံတာ အိန္ဒိယ အများဆုံးလို့ ပြောလို့ရပါတယ်၊ ဒါကလည်း ပေါ်လစီ အပြောင်းအလဲ လုပ်ပြီးမှပါ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အိန္ဒိယ နိုင်ငံမှ မြန်မာနိုင်ငံသို့ သစ်ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် စက်ရုံ အလုပ်ရုံ အရေအတွက်မှာ လက်ရှိ အချိန်တွင် ၆ ခု ခန့် ရှိပြီး ဂျပန်နိုင်ငံမှ ဝင်ရောက် မြှုပ်နှံမှု အနည်းငယ် ရှိကြောင်း ဦးဝင်းထွန်းက ပြောပြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်းမှာပင် သစ်အခြေခံလုပ်ငန်း ၈ ခု ခွင့်ပြုပေးခဲ့ပြီး အိန္ဒိယ နိုင်ငံမှ ၅ ခု၊ စင်္ကာပူနိုင်ငံမှ ၂ ခုနှင့် ကိုရီးယားနိုင်ငံမှ တခုတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုမိန့်ချပေးခဲ့သည့် လုပ်ငန်း ၈ ခုတွင် အိန္ဒိယမှ အမေရိကန်ဒေါ်လာ ၂၆.၀၄ သန်း၊ စင်္ကာပူမှ ဒေါ်လာ၂၄.၂၆၆ သန်းနှင့် ကိုရီးယားနိုင်ငံမှ ဒေါ်လာ ဝ.၉၃၅ သန်း တို့ ရင်းနှီးမြှုပ်နှံပြီး စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁.၂၄၁ သန်း ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။
အိန္ဒိယနိုင်ငံသည် မူဝါဒ မပြောင်းခင် နှစ်များ အတွင်း မြန်မာနိုင်ငံမှ သစ်အလုံးလိုက် တိုင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူ သည့် နိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ပြီး ယခုအခါတွင် ၎င်းတို့၏ ကုန်ကြမ်း လိုအပ်ချက်အတွက် ပြည်တွင်း၌ ခွဲခြမ်း ထုတ်လုပ်တင်ပို့ခြင်း လုပ်ဆောင် ရန် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု မြန်မာ သစ်လုပ်ငန်းရှင်များက ပြောသည်။
ယင်းအခြေအနေနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက “အရင်တုန်း ကတော့ အလုံးလိုက် အိန္ဒိယကိုပို့တာ များတယ်၊ အခု အိန္ဒိယကို အလုံးလိုက် မသွားတော့ဘူး ဆိုတော့ သူတို့ဆီက လုပ်ငန်းရှင်တွေ အခြား နည်းလမ်း ရွေးစရာမရှိပါဘူး။ ဒါကြောင့် မြန်မာမှာ လာပြီးတော့ သစ်ပါးလွှာနဲ့ အထပ်သားကို လာရောက် လုပ်ကြတာ”ဟု ပြောဆိုသည်။
သစ်တင်ပို့မှုနှင့်ပတ်သက်ပြီး ပြောင်းလဲ လိုက်သော မူဝါဒမှာ ၂၀၁၄ မှ စတင်ပြီး သစ်အလုံးလိုက် တင်ပို့မှု ပိတ်ပင်ခြင်း ဖြစ်ကြောင်း သိရသည်။
မူဝါဒ ပြောင်းလဲမှု အရ လက်ရှိ အခြေအနေတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက နိုင်ငံတော် အတွက် ဝင်ငွေ ရှာဖွေရေး သတ်မှတ်ချက် မရှိတော့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ထိန်းသိမ်းရေးပိုင်းတွင် ပိုမို လုပ်ဆောင် သွားရန် ရည်ရွယ်သည်ကို တွေ့ရကြောင်း မြန်မာသစ် လုပ်ငန်းရှင်များက ဆိုသည်။
“သူတို့ စက်ရုံ အတွက် လိုအပ်တဲ့မြေတော့ ပေးရမှာပေါ့၊ သစ်တော စိုက်ခင်းတွေ တည်ထောင်ဖို့၊ အခု လောလောဆယ်တော့ သစ် ကို အလုံအလောက် မပေးနိုင်ဘူးလို့ သူတို့ကို ပြောထားပါတယ်၊ ဝင်လာသည် ဖြစ်စေ၊ မဝင်လာသည် ဖြစ်စေ ဒါက အဓိက မကျပါဘူး၊ သမ္မတကြီးကလည်း သစ်ကနေ ဘယ်လောက် ဝင်ငွေ ရရမယ်ဆိုတာ ပြောမထားပါဘူး”ဟု ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း က ပြောသည်။
မြန်မာနိုင်ငံ၏ သစ်တင်ပို့မှု အပိုင်းတွင် အလုံးလိုက် တင်ပို့မှုကို အိန္ဒိယမှ အများဆုံး ဝယ်ယူသည်ဟု ဆိုသော်လည်း တရုတ် နိုင်ငံ ဘက်သို့ နယ်စပ်မှ တရားမဝင်ထွက်နေသည့် သစ်လုံးများမှာ ယနေ့ အချိန်အထိ ရှိနေဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။
လက်ရှိ အချိန်အထိ သစ်လုံး တင်ပို့မှုသည် တရားဝင် စာရင်းများ အရ တရုတ်နိုင်ငံဘက်သို့ ထွက်နေသည့် သစ်လုံးများ ပါဝင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းက ပြောသည်။
သစ်ခွဲသား တင်ပို့မှု အပိုင်းတွင် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများသို့ တင်ပို့နေပြီး ဥရောပ သမဂ္ဂ(EU)နိုင်ငံများသို့လည်း တင်ပို့နေပြီ ဖြစ်ကြောင်း သိရသည်။
သစ်အလုံးလိုက် တင်ပို့မှု ရပ်နားမည် ဖြစ်သည့်အတွက် ခုတ်ယူပြီး ဖြစ်သော သစ်လုံး လက်ကျန်များကို ခွဲခြမ်း တင်ပို့ကြရမည် ဖြစ် ရာ သစ်ခွဲသား တင်ပို့မှု ပိုမို အားကောင်းလာမည်ဟု သစ်လုပ်ငန်းရှင်များက ပြောဆို ကြသည်။
စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ခဲ့ခြင်းနှင့်အတူ EU နိုင်ငံများကလည်း ဝယ်ယူလာကြသည့်အတွက် သစ်ခွဲသားတင်ပို့မှုတွင် ဈေးကွက် ပိုမို ကျယ်ပြန့်လာကြောင်း၊ EU ဈေးကွက်သည် အာရှဈေးကွက်ထက် အရည်သွေးကောင်းများ ဝယ်ယူမှုများပြီး ဈေးပိုမိုရရှိကြောင်း သစ်လုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံသည် EU ၏ သစ်ဝယ်ယူမှုမှ ရရှိငွေ ပမာဏသည် တနှစ်တွင် ယူရို သန်း ၂၀ ခန့် ရှိသည်ဟု သစ်တောဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။