၂၀၁၀ ရွေးကောက်ပွဲ ကနေ စတင်ခဲ့တယ်ပဲ ဆိုဆို၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှာမှ တကယ် ဖြစ်လာတာ လို့ပဲ ပြောပြော၊ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အမြင်သာဆုံး တိုးတက်မှုကို ပြပါ ဆိုရင် မီဒီယာလောက ကိုပဲ လက်ညှိုး ထိုးပြရပါလိမ့်မယ်။
ဖမ်းဆီးခံ သတင်းသမား အားလုံးကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာ၊ စာပေဆင်ဆာ အဖွဲ့ကို လုံး၀ ဖျက်သိမ်း လိုက်တာ၊ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့် ပေးလိုက်တာ၊ ပြည်ပကနေ ဝင်လာတဲ့ တချိန်က အတိုက်ခံဘက် ယိမ်း တဲ့ မီဒီယာတွေကို ပြည်တွင်းမှာ အခြေချခွင့်ပေးလိုက်တာ၊ နိုင်ငံတကာ မီဒီယာသမားတွေကို သတင်းထောက် ဗီဇာပေးပြီး ရန်ကုန်မှာ ရုံးခွဲတွေ ဖွင့်ခွင့် ပေးလိုက်တာတွေဟာ အခုနှစ်ပိုင်းအတွင်း မီဒီယာလောကရဲ့ မဟာ ခုန်ပြန်ကျော်လွှားမှုတွေ ပေါ့။
ဒါပေမယ့် အဲဒါတွေဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ စတင်ခါစ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ အစောပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ တိုးတက်မှု တွေသာ ဖြစ်ပြီး အခု ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ အစောပိုင်းတွေမှာတော့ အခြေနေဟာ အရင်ကလောက် အရှိန် မကောင်းတော့ဘူးလို့ မီဒီယာ လွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ တွေက ထုတ်ပြောလာ ပါတယ်။
“မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ၂၀၁၄ အခြေအနေဟာ ၂၀၁၃ ထက်တော့ ၆ ဆင့် ပိုတိုးတက်လာပါတယ်၊ ဒါပေမယ့် ၂၀၁၃ တုန်းက ဆိုရင် ၂၀၁၂ အခြေနေထက် ၁၈ ဆင့်တောင် တက်လာတာ တွေ့ရတယ်” လို့ နယ်စည်းမခြား သတင်းသမား များအဖွဲ့(RSF) က ပြောပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ Index ခေါ် တမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၀ ရဲ့ အခြေနေ ကို အဆင့်လိုက်ဖော်ပြတဲ့ အစီရင်ခံစာ အညွှန်းကိန်းမှာ အခုလိုပါရှိတာ ဖြစ်ပါတယ်။
စာရင်း အတိအကျ ပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံ အခြေနေက ၁၄၅ နေရာမှာ ရှိပါတယ်။ မနှစ်က ၁၅၁ နေရာမှာ ရှိခဲ့တဲ့အတွက် ၆ ဆင့် တက်လာတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကတော့ ၁၆၉ နေရာကနေ ၂၀၁၃ မှာ ၁၅၁ အထိ တက်လာတဲ့ အတွက် ၁၈ ဆင့် အထိ ခုန်တက်လာတယ်။ ဒါကြောင့် ၂၀၁၃ နဲ့ ယှဉ်လိုက်ရင် ၂၀၁၄ ဟာ သတင်း လွတ်လပ်ခွင့် တိုးတက်မှုနှုန်းထား အရှိန်ပြန်ကျသွားတယ်။ ၁၈ ဆင့် တိုးရာကနေ ၆ ဆင့်သာ တိုးတော့တဲ့ အတွက် ရှေ့ ၃ လှမ်းတိုးပြီး နောက် ၂ လှမ်း ပြန်ဆုတ်သွားတယ်လို့ ဆိုရမှာ ဖြစ်တယ်။
၂၀၁၄ စာရင်းတွေအရ မြန်မာထက် နိမ့်တဲ့နိုင်ငံပေါင်း ၃၀ ခန့်ထဲမှာတော့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုနဲ့ ဗီယက်နမ်တို့ပါဝင်နေတာ အံ့သြဖွယ်ပါ။ တခါ တောင်အာရှဘက်က အိမ်နီးချင်း တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ပါကစ္စတန် တို့ဟာလည်း မြန်မာရဲ့အောက်ကို ရောက်နေပါတယ်။ ပြီးတော့ မြန်မာရဲ့အဓိက မဟာမိတ် တရုတ်နိုင်ငံဟာ အောက်ဆုံးကနေ ပြန်ရေတွက်ရင် နံပါတ် ၆ နေရာမှာရှိနေပြီး မြောက်ကိုးရီးယားကတော့ အောက် ဆုံးရဲ့ ဒုတိယ နေရာမှာ ရှိနေတာကို တွေ့ရပါတယ်။ အပေါ်ဆုံး ၃ နေရာကိုတော့ ဥရောပတိုက်က ဖင်လန်၊ နယ်သာလန်နဲ့ နော်ဝေ တို့က ၃ နှစ်ဆက်တိုက် ယူထားတာ တွေ့ရပါတယ်။
အပေါ်ဆုံးကို ရောက်ဖို့ ဒါမှမဟုတ် နော်ဝေနဲ့ ဥရောပတိုက်ရဲ့ မီဒီယာ အဆင့်တန်းကို မီဖို့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ် အဆင့် ၁၄၀ ကျော်လိုသေးတယ် ဆိုပေမယ့် ပြုပြင်ပြောင်းလဲရေး ကာလ ၃ နှစ် လောက်အတွင်း အောက်ဆုံးနီးပါး အဆင့် ကနေ အဆင့်ပေါင်း ၃၀ လောက် ခုန်တက်လာတယ် ဆိုတာဟာ နည်းတဲ့ နှုန်းထား မဟုတ်ပါ။ ဒါပေမယ့် ၂၀၁၄ မှာ ဘာကြောင့် တိုးတက်နှုန်း ကျသွားသလဲ ဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာနေ ပါတယ်။
အစိုးရနဲ့ လွှတ်တော်က ဆွေးနွေးနေတဲ့ မီဒီယာ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် တချို့ ဥပဒေတွေကို မီဒီယာသမားတွေနဲ့ ညှိနှိုင်းခြင်း မရှိဘဲ အစိုးရက တဖက်သတ် ဆောင်ရွက်နေတာတွေဟာ လက်ခံနိုင်ဖွယ် မရှိဘူးလို့ RSF က ပြောပါတယ်။ ပုံနှိပ်ထုတ်ဝေခြင်း ဆိုင်ရာ ဥပဒေမူကြမ်း နဲ့ အသံလွှင့်ခြင်း ဆိုင်ရာ ဥပဒေမူကြမ်းပါ အခြေခံ လွတ်လပ်ခွင့်တွေကို ပေးလိုက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးရလဒ် အပေါ် အစိုးရဘက်က ဒွိဟ ဖြစ်နေဆဲ ဖြစ်ပုံရတယ်လို့ ထောက်ပြထား ပါတယ်။
နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကို တန်းစီပြောတာ ဖြစ်တဲ့ အတွက် အသေးစိတ် အချက်လက်တွေတော့ အစီရင်ခံစာ ထဲမှာ မတွေ့ရပါ။
ဒါပေမယ့် အခုတလော ထွက်ပေါ်လာနေတဲ့ မီဒီယာလောက နောက်ပြန်ဆုတ်တဲ့ အချက်အလက် တချို့ကို စုစည်းတင်ပြ ရ မယ် ဆိုရင် Unity ဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကိုအောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး အစိုးရက ဖမ်းဆီး စစ်ဆေးနေပါတယ်။
တခါ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလဲ Eleven ဂျာနယ်က သတင်းထောက် နော်ခိုင်ခိုင်အေးချိုကို အသရေ ဖျက်မှု၊ ပိုက်နက် ကျူးလွန် စတဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၃ လ ချခဲ့ပါတယ်။
နောက်တခါ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း မုံရွာဘက်က ကြေးနီစီမံကိန်း ဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်း ထောက် နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အတင်းအကြပ် ဖျက်ဆီးခိုင်းခဲ့တာမျိုးလည်း ရှိခဲ့ပါသေးတယ်။
ဖမ်းဆီး နှောင့်ယှက်မှုကနေ ကန့်သတ်ချုပ်ချယ်မှုတွေ အကြောင်းကို ဆက်ပြောရမယ် ဆိုရင် ရခိုင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းဌာနကြီး တခုရဲ့ သတင်းဖော်ပြချက်ဟာ မှားယွင်းတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဘက်က ယူဆတဲ့အတွက် အဲဒီသတင်းဌာနက သတင်းထောက်တွေ အပါအဝင် နိုင်ငံခြား သတင်းထောက်တွေကို ဂျာနယ်လစ် ဗီဇာ ထုတ်ပေးမှုကိုလည်း တင်းကျပ်လိုက်ပါသေးတယ်။
နောက် တချက်ကတော့ အစိုးရပိုင် မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေရဲ့ အားပြိုင်မှု ကြီးထွားလာခြင်းလို့ ပြောရမယ် ထင်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ ဂျာနယ်တွေက အစိုးရ သတင်းစာမှာ သွားထည့်တဲ့ ကြော်ငြာတွေကို အစိုးရ သတင်းစာက ဆင်ဆာ ဖြတ်လိုက် ပါတယ်။ ဒုတိယ အချက်ကတော့ အစိုးရအဖွဲ့ အတွင်းက အရေးကြီးသတင်းတွေကို ပုဂ္ဂလိက သတင်း လောက ဆီ မပေးဘဲ အစိုးရပိုင် မီဒီယာတွေကိုသာ ဦးစားပေး ထုတ်ပေးနေတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနဟာ နိုင်ငံတော် ဘဏ္ဍာကို အသုံးပြုးပြီး ပုဂ္ဂလိက မီဒီယာလောက အပေါ် အနိုင်ကျင့်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်လာနေပါတယ်။
ဒါက ပုဂ္ဂလိက မီဒီယာသမားတွေအပေါ် အစိုးရဘက်က ဖိနှိပ်လာမှု အပိုင်းပါ။ ဒီကြားထဲ ပုဂ္ဂလိကပိုင် မီဒီယာလောကမှ သတင်း သမားတွေဟာ သတင်းကျင့်ဝတ်ကို မသိဘူး၊ စံချိန်စံညွှန်း မမီဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်လာနေ ပါတယ်။
ရှေ့မှာတင်ပြခဲ့တဲ့ Unity ဂျာနယ်ရဲ့ သတင်း ဖော်ပြမှုကိုတောင် သတင်းကျင့်ဝတ်နဲ့မညီဘူး၊ စံချိန်စံညွှန်းကို မသိဘူးဆိုပြီး ဝေဖန်တဲ့ လူတွေလည်း ရှိနေပါတယ်။
တခါ အခုရက်ပိုင်း အတွင်းထုတ်ဝေတဲ့ နာမည်ကြီး ဂျာနယ်တခုမှ နာမည်ကြီး အဆိုတော် လူငယ်တဦးရဲ့ ဆောင်းပါးထဲမှာလည်း သူ့ကို အင်တာဗျုးလာလုပ်တဲ့ သတင်းသမားဟာ မူးရူးနေတဲ့ အပြင် အင်တာဗျုးမယ့် အကြောင်းအရာကိုလည်း ဘာမှ ကြိုတင် လေ့လာ မထားဘူး။ သူ့အမည်ကိုတောင် မှန်အောင် မခေါ်တတ်ဘူး။ မီဒီယာသမားတွေ ဟာ “ဖွ” ဖို့လောက်၊ “စောင် ရေ များအောင်လောက်ပဲ” စိတ်ဝင်စားနေတယ် ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ တွေ့ရပါတယ်။
ဒီလို နှစ်ဖက်အမြင်တွေ ငြင်းခုန်လို့ ကောင်းတုန်းမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး မီဒီယာကျောင်းဖြစ်တဲ့ Myanmar Journalism School ကို ဒီနှစ်ထဲ ဖွင့်နိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်လာ ပါတယ်။ ပွင့်လင်းခါစ မြန်မာ့ မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ နိုင်ငံတကာ အဆင့်မီသူ သတင်းသမားတွေ နည်းနေသေးလို့ ဒီလို ကျောင်းတွေ ဖွင့်တာကို မူအရ ကြိုဆိုရမှာ ဖြစ် တယ်။ ဒါပေမယ့် ဒီကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ အတွက် မီဒီယာသမားတွေက မကျေမလည် ဖြစ်နေတယ်လို့ ဆိုပါတယ်။
အနှစ်ပြန်ချုပ် ရရင်တော့ မြန်မာ့ မီဒီယာလောက တိုးတက်မှု အခြေနေဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် တိုးတက်ခြင်းနဲ့ တိုက်ရိုက် ဆက်စပ်နေ ပါတယ်။ နိုင်ငံရေး အသွင်ကူးပြောင်းမှု တိုးတက်မှ မီဒီယာ လွတ်လပ်ခွင့်လည်း တိုးတက်သလို ဖြစ်နေပါတယ်။ ဆိုလိုတာကတော့ ဥပဒေတွေ၊ မူလ ရပိုင်ခွင့်တွေ၊ Institutions(အသင်းအဖွဲ့ ဆိုင်ရာ) တွေ အရ မီဒီယာ လွတ်လပ်ခွင့်ကို အသေအချာ ကာကွယ်ပေးထားတဲ့ အဆင့်ကို မရောက်သေးပါ။
နိုင်ငံရေး အခြေနေအရ ကြည့်ပျော်ရှုပျော် ဖြစ်အောင် ပေးထားတဲ့သဘော၊ သမ္မတက ဖြစ်ဖြစ်၊ လွှတ်တော် ဥက္ကဌက ဖြစ်ဖြစ်၊ ပြန်ကြားရေး ဝန်ကြီးက ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေး သြဇာအရ ပေးထားတဲ့ အဆင့်မှာသာ ရှိနေပြီး ဥပဒေအရ၊ Institutions အရ အာမခံထားတဲ့ အဆင့် မတွေ့ရသေးပါ။ ဒါကြောင့် နိုင်ငံရေး အခြေနေ မကောင်းတာနဲ့ ရထားတဲ့ မီဒီယာ လွတ်လပ်ခွင့်တွေလည်း ချက်ချင်း ပြန်ဆုံးရှုံးသွားနိုင်ပါတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင် ရှေ့သုံးလှမ်းတိုးပြီး နောက်ကို နှစ်လှမ်း ပြန်ဆုတ်သွားတဲ့ အခြေနေမျိုး ထပ်မကြုံရ လေ အောင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမား အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ရပ်တည် တိုက်ပွဲဝင်ဖို့ လိုပါတယ်။
စာနယ်ဇင်းဆိုတဲ့ ပုံနှိပ်မီဒီယာ အပြင် အသံလွှင့် မီဒီယာ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဘက်က သတင်းသမားတွေ၊ အွန် လိုင်း မီဒီယာလို့ခေါ်တဲ့ အင်တာနက် အခြေခံ မီဒီယာသမားတွေပါ ပါဝင်တဲ့ မီဒီယာကောင်စီကို အခိုင်မာဖွဲ့ပြီး အာဏာပိုင် အဖွဲ့ မျိုးစုံရဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်ဖို့၊ မီဒီယာအခွင့်ရေး အပြည့်အ၀ ရအောင် လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။