သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ဝန်ကြီး ဦးခင်ရီက တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နေပြည်တော်၌ ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ဆုံမှုအပေါ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေက သူတို့ သဘောထားတွေကို တင်ပြ ကြတယ်၊ ဒါပေမယ့် တင်ပြတဲ့ အချိန်မှာ သူတို့ဘက်က ပြင်ဆင် ပိုင်ခွင့် မရှိဘူး၊ ပြင်ဆင်ပေးဖို့ အစီအစဉ် မရှိဘူး၊ ကောက်ခံပြီးမှ ပြင်ဆင် ပေးမယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေး ရာ ဝန်ကြီးနဲ့ပဲ သက်ဆိုင်တယ် ဆိုပြီး ပြောတယ်၊ အဲဒီအပေါ် တိုင်းရင်းသားတွေက သဘောတူ နေတာ မဟုတ်ဘူး၊ ဒါနဲ့ ပတ် သက်ပြီး မီဒီယာတွေကို သူက တိုင်းရင်းသားတွေနဲ့ အဆင်ပြေပြီး အားလုံးက သဘောတူပြီ ဆိုပြီး ပြောတယ်၊ အဲဒါကို ကြည့် ရင် တိုင်းရင်းသားတွေ အပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်တာ ပေါ်လွင် နေပါတယ်”ဟု ပလောင် (တအာင်း)အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မဒီဒီပိုးကျိန်က ပြောသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှု အပေါ် ပလောင် လူမျိုးများက အချက် ၄ ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်ကို မတ် ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်ကို ပလောင်(တအာင်း) လူမျိုး ပါတီ၊ အဖွဲ့အစည်း စုစုပေါင်း ၉ ခုက စုပေါင်း ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ဝန်ကြီး ဦးခင်ရီ၏ သန်းခေါင်စာရင်း ကောက်ခံပြီးမှ ပြင်ဆင် ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက် ပေးမည့် ကိစ္စကို လုံး၀ သဘောမတူကြောင်းလည်း ဖော်ပြ ထားသည်။
သန်းခေါင်စာရင်း မကောက်ခံမီ ပလောင် လူမျိုးများ အတွက် သီးသန့် ကုတ်(Code) နံပါတ် ထုတ်ပေးရန်လည်း တောင်းဆို ထားသည်။
“ကျမတို့ မျိုးနွယ်စုက မွန်(ခမာ) ကနေ ဆင်းသက် လာတာပါ၊ ရှမ်း မျိုးနွယ်စု မဟုတ်ပါဘူး၊ ဒါကိုလည်း ပြင်ဆင်ပေးဖို့ပါ၊ နောက်ပြီး အခု ပလောင် လူမျိုး ကုတ် သတ်မှတ်ထားတာ ပလောင်က ကုတ် နံပါတ် တခု အနေနဲ့ ပါနေသလို၊ ပလေး ဆိုပြီး လူမျိုး ခွဲခြား ထားတယ်၊ ပလေး ဆိုတာ လုံး၀ မရှိပါဘူး၊ ဒါကိုလည်း ပြင်ဆင် ပေးဖို့ပါ၊ ကျမတို့ အနေနဲ့ တောင်းဆိုချက်တွေကို အဆင့်ဆင့် တောင်းဆို သွားမှာပါ”ဟု မဒီဒီပိုးကျိန်က ပြောသည်။
ယင်းအပြင် ဝန်ကြီး ဦးခင်ရီ ပြောသည့် ငြိမ်းချမ်းမှု မရှိသေးသည့် နေရာ ဒေသများတွင် လူဦးရေစာရင်း အမှန် ရရှိနိုင်ရန် ဆောင်ရွက် နေကြောင်း ပြောဆိုမှုကို လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ချက် အရ သိရသည်။
ယနေ့ အချိန်ထိ ပလောင် ဒေသများနှင့် တချို့နေရာ ဒေသများတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေသည့် အတွက် မငြိမ်းချမ်းသည့် နေရာများတွင် လူဦးရေ အမှန်စာရင်း ကောက်ခံရန် မဖြစ်နိုင်ကြောင်း မဒီဒီပိုးကျိန်က ဆိုသည်။
“ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ အပေါ် ထိခိုက်မှု ရှိ၊ မရှိ ဆိုတာထက် သေချာတာ တခုက မငြိမ်းချမ်းတဲ့ နယ်မြေမှာ သန်းခေါင်စာရင်း ကောက်ခံမယ် ဆိုရင် လုံး၀ အချက်အလက် အမှန် မရမှာ သေချာတယ်၊ ဒါကြောင့် ကျမတို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီးမှ သန်းခေါင်စာရင်း ဆက်ကောက်ခံဖို့ တောင်းဆိုတာပါ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က နေပြည်တော်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးခင်ရီက တိုင်းရင်းသား အဖွဲ့အစည်းများအား နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားများက မိမိတို့၏ မျိုးနွယ်စု သဘောထားများကို အသီးသီး တင်ပြခဲ့ပြီး အများစု တင်ပြချက် မှာ လူမျိုး သတ်မှတ်သည့် ကုတ်နံပါတ် ပြင်ဆင်ရေးကို အဓိက တောင်းဆို ကြကြောင်း သိရသည်။