မြန်မာ့တပ်မတော်အနေနှင့် နှစ်ပေါင်း ၅၀ ခန့်ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တပ်မတော်တွင်းသို့ အမျိုးသမီးများကို ဝင်ရောက်ဖို့ဖိတ်ခေါ်ကြောင်း ယမန်နှစ် အောက်တိုဘာလအတွင်းတွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၂၅ နှစ် မှ ၃၀ အတွင်းရှိ အိမ်ထောင်မရှိသူ တက္ကသိုလ်တခုမှ ဘွဲ့ရရှိထားပြီး အနည်းဆုံး အရပ် ၅ ပေ ၃ လက်မရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၃၀ ထက်မကျော်လွန်သော အမျိုးသမီးများလျှောက်ထား နိုင်သည်ဟု လည်းဆိုသည်။
အရေးပေါ် အခြေအနေနှင့် ကြုံတွေ့ရသည့် အချိန်မျိုးတွင် အမျိုးသမီးများကိုလည်း စစ်မှုထမ်း ရန် ဆင့်ခေါ်ခြင်း ပြုလုပ်နိုင်သည်ဟု လွန်ခဲ့သည့် ၂ နှစ်က အစိုးရက ပြောကြားခဲ့သော်လည်း သာမန် အားဖြင့် အမျိုးသမီးများသည် ယခင်ကာလက စစ် သူနာပြုများအဖြစ်သာ တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အစိုးရ အုပ် ချုပ်ရေးကာလများ အတွင်းတွင် အမျိုးသမီးများ နိုင်ငံရေးနှင့် ပတ်သက်ခွင့်ကိုလည်း လုံးဝနီးပါး တား မြစ်ပိတ်ပင် ထားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လူသိ အများဆုံးနှင့် ဩဇာအကြီးမားဆုံး အမျိုးသမီး နိုင်ငံ ရေးသမားဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် သည် လည်း နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်မျှ နေထိုင်ခဲ့ ရသည်။
ယခင်အစိုးရ လက်ထက်အတွင်း အမျိုးသမီး များသည် လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်မှု များကို အခံရဆုံး သူများလည်းဖြစ်သည်။ ကာလ ရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် မိသားစု အသိုင်းအဝိုင်းများ ပျက်စီးပြိုကွဲခဲ့ရပြီး နောက် ခိုကိုးစရာမရှိသည့် အမျိုးသမီးများသည် လုပ်အားပေးရန် အဓမ္မစေခိုင်းမှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အမည်ခံ အစိုးရ အာဏာရရှိခဲ့သည်မှာ ၃ နှစ်ခန့် ရှိခဲ့ပြီဖြစ် သည့် ယနေ့အချိန်၌ပင် အမျိုးသားပြန်လည် သင့်မြတ်ရေးတွင် အမျိုးသမီးတို့၏ ပူးပေါင်းပါဝင်မှုက မဖြစ်မနေ လိုအပ်သည်ဟု ကျွမ်းကျင်သူများကပြော နေကြသည့်တိုင်အောင် ငြိမ်းချမ်းရေး ဖြစ်စဉ်များက အမျိုးသမီးများနှင့် ကင်းကွာနေဆဲဖြစ်ပါသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ ရာတွင် အမျိုးသမီးများသည်လည်း အမျိုးသားများ နှင့် ရင်ပေါင်တန်း၍ ပါဝင်ခဲ့ပြီး သူတို့၏ လှုပ်ရှားမှု အတွက် နှစ်ရှည်ထောင်ဒဏ် အပါအဝင် ပြစ်ဒဏ် များ ချမှတ်ခြင်း ခံခဲ့ရသည်။ လွတ်လပ်စွာ စည်းရုံး ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်များ ပိုမိုရရှိလာသည့် ယနေ့ခေတ်တွင် အမျိုးသမီးများက နိုင်ငံရေးအရ ပိုမိုကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်ရေးအတွက် အား ထုတ်လာကြသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲ ရေးဆိုသည်မှာ စစ်တပ်မှ အမျိုးသား၏ စိတ်ဆန္ဒ အလျှောက်သာ ဖြစ်သည့်အတွက် အမျိုးသမီးများ အတွက် နိုင်ငံရေးစနစ်တွင် မည်မျှနေရာ ရရှိမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသူများက လိင်ခွဲခြားပြီး မျက်နှာသာပေးမှု ကို တိုက်ဖျက်နိုင်ရေးအတွက် နည်းဗျူဟာများ ရှာ ဖွေနေကြသည်။ ဆန့်ကျင်ကန့်ကွက်မည့်သူ မရှိပါ။ သို့သော်လည်း မည်သည့်နည်းလမ်းက အကောင်းဆုံး ဖြစ်မည်နည်းဆိုသည့် အပေါ်တွေ မေးခွန်းတွေ အမြောက်အမြား ရှိလာသည်။
မိခင်ကြီးစိုးသည့် လူမှုအသိုင်းအဝိုင်း
“သားကို သခင်၊ လင်ကို ဘုရား” သဖွယ် သဘောထားရမည်ဟု မြန်မာ့ဓလေ့တွင် မိခင်များကို ဆုံးမတတ်ကြသည်။ ထိုအယူအဆကို ကမ္ဘာလုံး အတိုင်းအတာဖြင့် လက်ခံထားခြင်း မရှိသော်လည်း မြန်မာ့ရိုးရာ အစဉ်အလာတွင် အမျိုးသမီးများကို သူတို့၏သား၊ သမီးများနှင့် မိသားစုကို ပြုစုစောင့် ရှောက်ရေးကို အလေးပေးဖို့သာ မျှော်လင့်ထားခဲ့ သည်။ မြန်မာနိုင်ငံတွင် အများဆုံး ကိုးကွယ်ယုံကြည်ကြသည့် ဗုဒ္ဓဘာသာတွင်လည်း အမျိုးသမီးများကို လက်ဝေခံ အနေအထားမျိုးဖြင့် အမျိုးသားတို့၏ နိဗ္ဗာန်သို့သွားရာ သံသရာခရီးလမ်းအတွက် ပါရမီ ဖြည့်ဖက်အဖြစ်သာ သဘောထားကြသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် အခွင့်အလမ်း နည်းပါးသည့်တိုင် သူတို့၏ စွမ်းဆောင်ရည် က လျော့နည်းမသွားပါ။ မိန်းကလေးများသည် မိမိ တို့၏ မောင်ငယ်၊ ညီမငယ်များကို ထိန်းကျောင်းရန်၊ အိမ်မှုကိစ္စများကို ကူညီရန်အတွက် ကျောင်းထွက်လိုက်ရခြင်းများ မကြာခဏ ကြုံတွေ့ကြရသော်လည်း တက္ကသိုလ်အဆင့်တွင် အမျိုးသမီးအရေအတွက်က အမျိုးသားအရေအတွက်ထက် များပြီး မဟာဘွဲ့ရ သည်အထိ အောင်မြင်မှုလည်းပိုများသည်။
သူတို့၏ လွတ်လပ်မှုကို အခြားနည်းလမ်းဖြင့် ထိန်းသိမ်းထား နိုင်ခြင်းများလည်း ရှိပါသည်။ မြန်မာအမျိုးသမီးများသည် အနောက်တိုင်းမှ အမျိုးသမီးများကဲ့သို့ လက်ထပ်ပြီးသည့်အခါ ခင်ပွန်းသည်၏ မိသားစုအမည်ကို ဆက်ခံ အသုံးပြုရန် မလိုအပ်ဘဲ မိမိ၏ ကိုယ်ပိုင် အမည်ကိုသာ ဆက်လက်သုံးစွဲနိုင်သည်။ မမြင်နိုင်သော ကန့်သတ်တားဆီးမှုများနှင့် မညီမျှသည့် လုပ်ခလစာ ရှိနေလင့်ကစား အမျိုးသမီးများသည် နိုင်ငံ၏စီးပွားရေးတွင် အရေးပါသောနေရာမှ ပါဝင်နေသည်။ အိမ်ဆိုင်များ၊ ရန်ကုန်မြို့၏ လမ်းများဘေး တွင် ဈေးဆိုင်များဖွင့်၍ ဈေးရောင်းကြသည်။ ကျေး လက်ဒေသတွင် နေထိုင်သူများက ကောက်ပဲသီးနှံ များ စိုက်ပျိုးရိတ်သိမ်းရာတွင် ပါဝင်လုပ်ကိုင်ကြ သည်။
မြန်မာနိုင်ငံတွင် အမျိုးသားများကသာ အုပ်စိုးသည့် စနစ်က ဗြိတိသျှကိုလိုနီ အဖြစ်ရောက်ရှိခဲ့သည့် အချိန်မရောက်မီအထိ ဘုရင်များက အာဏာပိုင် အဖြစ် ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ သို့ သော်လည်း အမျိုးသမီးများက အုပ်စိုးသည့် အချိန် လည်းရှိခဲ့သည်ဟု သုတေသီတို့ကဆိုသည်။ သက်ဦး ဆံပိုင် ပဒေသရာဇ်ခေတ်က ဘုရင်မများ တိုင်းပြည် ကို အုပ်ချုပ်ဖူးပြီး အဆင့်မြင့် ရာထူးနေရာများတွင် အမျိုးသမီးများကို ခန့်ထားခြင်းမျိုး ရှိခဲ့သည်ဟု သမိုင်းပညာရှင် ဒေါ်မြစိန်၏ အဆိုအရ သိရသည်။ ဒေါ်မြစိန်သည် ၂၀ ရာစု အစောပိုင်းကာလက မြန်မာနိုင်ငံတွင် ထင်ရှားသော အမျိုးသမီး အခွင့် အရေး ဆောင်ရွက်သူတဦးဖြစ်သည်။
“ရေနံတွင်းကို အမွေဆက်ခံခွင့်က အမျိုးသမီး တွေနဲ့ပဲ သက်ဆိုင်တဲ့ အစဉ်အလာတွေရှိခဲ့ပါတယ်။ တချို့နေရာတွေမှာ ကျေးရွာလူကြီးအဖြစ် အမျိုးသမီး တွေကိုပဲ ဆွေစဉ်မျိုးဆက် ဆက်ခံခွင့်ပေးတာတွေ လည်းရှိပါတယ်” ဟု ဒေါ်မြစိန်က ၁၉၅၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော အတ္တလန်တစ် မဂ္ဂဇင်းတွင် ရေး သားခဲ့သည်။ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိပြီး ၁၀ နှစ်အကြာတွင် ထိုသို့ရေး သားခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှအင်ပါယာ၏ ဖွဲ့စည်း ပုံကြောင့် အခက်အခဲများ ရှိခဲ့သည်ဟုလည်း သူက ပြောသည်။ “ဒါကြောင့် ၁၉၂၇ ခုနှစ်အတွင်းမှာ အမျိုးသမီးတွေ ဥပဒေပြုလွှတ်တော်ကို ဝင်ရောက် နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်ခွင့်ကို တားမြစ်ထား တဲ့ အပိုဒ်တွေကို ပယ်ဖျက်ပေးဖို့ အမျိုးသမီးလှုပ်ရှားမှု အနည်းငယ် ကျမတို့လုပ်ခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦး ဥပဒေပြု လွှတ်တော်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်က စပြီး ကျမတို့မှာ အခက်အခဲမရှိတော့ပါဘူး။ လက်ရှိ အချိန် (၁၉၅၈) ခုနှစ်မှာ ပါလီမန်ထဲမှာ အမျိုးသမီး ၆ ဦးရောက်ရှိနေပါပြီ” ဟု ဒေါ်မြစိန်က ရေးသားခဲ့ သည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာအစိုးရ လက်ထက်တွင် စစ်အုပ်ချုပ်ရေးမစတင်မီ ၁၉၆၂ ခု မတိုင်မီအထိ အဆင့်အမြင့်ဆုံး ရာထူးနေရာ ထမ်း ဆောင်ခဲ့သော အမျိုးသမီးမှာ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ဖြစ်သည်။ ဒေါ်ခင်ကြည်သည် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး မြန်မာနိုင်ငံတွင် သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော ပထမဆုံးသော အမျိုးသမီးလည်းဖြစ်သည်။ အခြားထင်ရှားသည့် အမျိုးသမီး နိုင်ငံရေးသမားတဦးဖြစ်သော ဒေါ်စိန်ပု သည်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု၏ပါတီတွင် ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
သို့သော်လည်း စစ်တပ်က အာဏာသိမ်းယူ လိုက်ပြီးနောက် ပြည်သူများအတွက် ကိုယ်စားပြုခွင့် နည်းပါးသွားပြီး၊ တိုင်းရင်းသားလူမျိုးစုများ၊ လူနည်း စုဘာသာဝင်များနှင့် အမျိုးသမီးများကို ဘေးဖယ် ထားခြင်းခံလိုက်ရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ၁၉၇၄ ခုနှစ်တွင် ရွေးချယ်တင်မြှောက် ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၉ ဦး တွင် အမျိုးသမီးကိုယ်စားလှယ် ၉ ဦးပါဝင်သည့် အတွက် ဥပဒေပြု လွှတ်တော်တွင် အမျိုးသမီး ၂ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၇၈ ခုနှစ်တွင် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရသည်။ စစ်အစိုးရ အသစ် (နဝတ) က အသိအမှတ်မပြုခဲ့သည့် ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံခဲ့ရသည့် ကိုယ်စားလှယ်များထဲတွင် အမျိုးသမီး ၃ ရာခိုင်နှုန်း ပါဝင်သည်။ စစ်အစိုးရ (နဝတ) လက်ထက်က စစ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးစသည့် အရေးပါသည့် နေရာများတွင် အမျိုးသမီးများကို ခန့်ထားခြင်း မပြုခဲ့ပါ။
ကျမ ဗိုလ်ချုပ်ဖြစ်ချင်တယ်
ယနေ့ခေတ်သည်လည်း သိသာစွာ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးပါ။ သို့သော်လည်း အရပ်သားအသွင်ယူ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် အမျိုးသမီးများ လွတ်လပ်စွာ စည်းရုံးခွင့် ပိုမိုရရှိလာပြီဖြစ်သည်။ စက်တင်ဘာလ အတွင်းက နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့အခြေချ နေ ထိုင်သည့် မြန်မာအမျိုးသမီးများနှင့် ပြည်တွင်းမှ အမျိုးသမီးရေး လှုပ်ရှားသူများ ပူးပေါင်း၍ ရန်ကုန် မြို့တွင် အမျိုးသမီး ဖိုရမ်တခု ကျင်းပကာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် လိင်ခွဲခြားမှု လျှော့ချ ရေးကို ဆွေးနွေးတောင်းဆိုခဲ့ကြသည်။ ဒီဇင်ဘာလ အတွင်းတွင်လည်း ပြင်သစ်နိုင်ငံအခြေစိုက် စီးပွား ရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ အမျိုးသမီးဖိုရမ် ကျင်းပရေးအဖွဲ့ (WEFCOS) က ဦးစီး၍ ပြင်သစ် သံရုံး၏ တစိတ်တပိုင်းကူညီမှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသော နိုင်ငံတကာ အမျိုးသမီးဖိုရမ် ပြုလုပ် ကျင်းပခဲ့ရာ နိုင်ငံ ၂၇ နိုင်ငံမှ လူ ၆၀ဝ ကျော် တက် ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။
အဖွင့်မိန့်ခွန်း ပြောကြားရာတွင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကျား၊ မ တန်းတူ တန်ဖိုးရှိသည့် ကလေးငယ်များ တိုးပွားလာဖို့ အရေးကြီးကြောင်းကို အလေးပေး ပြောကြားခဲ့သည်။ ဒီနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေ လုပ်နိုင်တဲ့ အရေးအပါဆုံးအရာတွေထဲက တခုက တော့ ကျမတို့ရဲ့ကိုယ်ပိုင်အယူအဆ သဘောထား တွေကို ပြောင်းလဲပစ်လိုက်ဖို့ပါပဲ” ဟုလည်း ပြော သည်။
ဖိုရမ်တက်ရောက်လာသည့် အမျိုးသမီးများက လည်းအရေးပါသည့် နေရာများ တွင် ကိုယ်စားပြုခွင့် ရရှိရေးကိုတောင်းဆိုခဲ့ကြသည်။ “ကျမ စစ်သား မဖြစ်ချင်ဘူး၊ ကျမဗိုလ်ချုပ် တယောက်ဖြစ်ချင်တယ်” ဟု အမျိုးသမီးများနှင့် လူငယ်များအရေးကို ကူညီ ဆောင်ရွက်ပေးနေသည့် ပြည်တွင်းအစိုးရမဟုတ် သည့် အဖွဲ့အစည်းတခု ဖြစ်သော “ဖန်တီးအိမ်” မှ ဒါရိုက်တာ မရွှေရွှေစိန်လတ်က ဖိုရမ်တွင်ကျင်းပ သည့် ဆွေးနွေးပွဲတခုတွင် ပြောကြားခဲ့သည်။
မြန်မာအစိုးရ အဖွဲ့အတွင်းတွင် အမျိုးသမီးများ အနေဖြင့် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါ်မြတ်မြတ် အုန်းခင်နှင့် ပညာရေးဝန်ကြီး ဒေါက်တာ ခင်စန်းရီ တို့နှစ်ဦးနှင့် အမျိုးသမီး ဒုဝန်ကြီး ၈ ဦး ပါဝင်သည်။ ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရ သော ဒေါ်မြတ်မြတ်အုန်းခင်သည် နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်သည်။ လွှတ်တော်အတွင်းတွင် ၂၀၁၂ ခုနှစ်တွင် ရွေးကောက်ခံခဲ့ရသော ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် အမျိုးသမီးလွှတ်တော် ကိုယ်စား လှယ် အရေအတွက်မှာ ကိုယ်စားလှယ် စုစုပေါင်း၏ ၅ ရာခိုင်နှုန်းပင်မပြည့်ပေ။ ကျေးလက်ဒေသ အချို့ တွင် အမျိုးသမီး ကျေးရွာလူကြီးများ ရှိနေသည်က လွဲ၍ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူး စသည့် ရာထူးနေရာများတွင် အမျိုး သမီးများ တာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်း အမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောကြသည်။
ပြဿနာ၏ အစိတ်အပိုင်းတခုမှာ ကျောင်း ပညာ သင်ကြားပေးပုံနှင့်လည်း သက်ဆိုင်နိုင်ပါ သည်။ “ပြဋ္ဌာန်းစာအုပ်တွေထဲမှာ လူတယောက် ထားရှိသင့်တဲ့ ဘဝရည်မှန်းချက်နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေထဲကို ကြည့်လိုက်မယ်ဆိုရင် မိန်း ကလေးတယောက်ဟာ သူနာပြုဆရာမ ဖြစ်လာနိုင် တယ်၊ ယောက်ျားလေးတယောက် ဆိုရင်တော့ လေယာဉ်မှူးတယောက် ဒါမှမဟုတ် ပိုပြီး ကောင်းမွန်တဲ့၊ အဆင့်တန်းမြင့်တယ်လို့ ယူဆကြတဲ့ အလုပ် တွေလုပ်နိုင်တယ်လို့ ပြောထားသလိုမျိုးတွေ ပါနေတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်စုစုလွင်ကပြောသည်။ သူက ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွင် ပညာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေသူ ဖြစ်သည်။
အမျိုးသမီးများသည် တိုင်းပြည်၏ ထိပ်တန်း ကျောင်းသားများထဲတွင် ပါဝင်နေပြီး အထက်တန်း ကျောင်း အောင်မြင်မှုတွင်လည်း အများဆုံးဖြစ် သည်။ ထို့ကြောင့်လည်း ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ ဥပဒေကျောင်းနှင့် အခြားသော တက္ကသိုလ် များသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် အမျိုးသားများ ထက် အမှတ်များရန်လိုသည်။
“ယောက်ျားတွေကို ကျမတို့က နှိမ်ထားတာလို့ ကျမ တခါတလေ ပြောတတ်တယ်” ဟု ရန်ကုန် တက္ကသိုလ် ဥပဒေပညာ ဌာနမှူး ဒေါ်ခင်မာရီက အမျိုးသားဆရာနှင့် ကျောင်းသားများ ရှားပါးလာမှု ကို ဟာသလုပ်၍ပြောသည်။
သို့သော်လည်း အမျိုးသမီးများ ဘွဲ့ရပြီးနောက် အစိုးရဌာနများတွင်သာမက စီးပွားရေး၊ ကျန်းမာ ရေးနှင့် ပညာရေးကဏ္ဍများတွင် ゞင်းတို့၏ ပညာ အရည်အချင်းနှင့်ကိုက်ညီသော အလုပ်တခုရရှိနိုင် ရေးအတွက် အခက်အခဲများနှင့် ကြုံတွေကြရသည်။
“ဝင်ငွေကောင်းတဲ့၊ အကျိုးအမြတ်ရှိတဲ့ အလုပ် တွေအတွက် အခွင့်အလမ်းပေါ်လာပြီဆိုရင် အမျိုးသား တွေပဲ ရွေးချယ်ခံရတယ်။ ဥပဒေနဲ့ သတ်မှတ်ထား တာမဟုတ်ဘူး၊ နည်းလမ်းလည်းမကျဘူး။ ဒါပေမယ့် တာဝန်ကြီးတဲ့ နေရာတွေ၊ ဆုံးဖြတ်ချက် ပေးရတဲ့ ရာထူးနေရာတွေကိုကြည့်လိုက်ပါ။ အမျိုးသားတွေ က ပိုများနေတယ်” ဟု ဒေါ်စုစုလွင်ကပြောသည်။
အစိုးရက တိုးတက်မှုရှိလာအောင် လုပ်နေ ကြောင်းပြောသည်။ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အမျိုးသမီး များ စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာ အစီအစဉ်တခုကို အောက်တိုဘာလတွင် စတင် ဆောင်ရွက်ခဲ့သည်။ နိုင်ငံပိုင် သတင်းစာများတွင် လည်း အမျိုးသမီးများ ဗိုလ်လောင်းသင်တန်း တက် ရောက်ခွင့် လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့ သည်။
အမျိုးသမီးများ၏ လုပ်ပိုင်ခွင့် ရာခိုင်နှုန်း
အမျိုးသမီးများ လုပ်ပိုင်ခွင့်ရှိသည့် နေရာများ သို့ ရောက်ရှိနိုင်ရေးကို အထောက်အပံ့ ဖြစ်စေရန် အမျိုးသမီးရေး လှုပ်ရှားသူအချို့က ဥပဒေပြု လွှတ် တော်နှင့် အစိုးရအဖွဲ့တွင် အမျိုးသမီးများ ပါဝင်မှုကို ခွဲတမ်းဖြင့် ရာခိုင်နှုန်း တိတိကျကျ သတ်မှတ်ထား ပေးရန် တောင်းဆိုနေကြသည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် စစ်ဘက်မှ ကိုယ် စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ပေးထားခြင်းမျိုးလည်း ရှိနေသဖြင့် အမျိုးသမီးများ အတွက်လည်း ဘာ ကြောင့် မဖြစ်နိုင်ရမည်နည်းဟု သူတို့ကပြောကြ သည်။
နိုင်ငံတကာတွင် ခွဲတမ်းစနစ်ကို နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုနိုင်မှု တိုးတက်လာရေး အတွက် အဓိက သော့ချက်တခုသဖွယ် သဘောထား ကြသည်။ ကမ္ဘာအနှံ့အပြားမှ နိုင်ငံတော်တော်များ များတွင်လည်း အသုံးပြုနေသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ လွှတ် တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ကနဦး အနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ထားပေးသင့်သည်ဟု အကြံပြုသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ လူသိအများဆုံး အမျိုးသမီးကြီး၏ ထောက်ခံမှုမပါဘဲနှင့် သူတို့ မျှော်လင့်ချက်များ ဖြစ်လာနိုင်ဖွယ်မရှိပါ။
“ဒီလောက်နဲ့လဲ ရှင်းသွားမှာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီး ဖိုရမ်တွင် ပြောသည်။ ခွဲတမ်းစနစ်ကြောင့် သင့်လျှော်သည့် အရည်အချင်း မရှိသော အမျိုးသမီးခေါင်းဆောင် များကို နေရာပေးမိခြင်းမျိုး ဖြစ်သွားနိုင်သည်ဟု သူကသတိပေးပါသည်။ “အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ကျမဂုဏ်ယူချင်ပါတယ်။ သူတို့လုပ်နိုင်တဲ့အတွက် သူတို့ရဲ့ မဲဆန္ဒရှင်တွေကို ကိုယ်စားပြုနိုင်တဲ့အတွက် ဂုဏ်ယူချင်ပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ ဒီတိုင်းထိုင်နေတဲ့ အမျိုး သမီးတွေအတွက်တော့ ဂုဏ်မယူချင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာဖို့ ရည်ရွယ်ချက်ရှိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ရည်မှန်းချက်ပြည့်စုံရန်အတွက် သူ့ကို တားမြစ်ပိတ် ပင်မှုများ ပါဝင်နေသည့် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေသည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက သင့်လျှော်သော အရည်အချင်းရှိသည့် အမျိုးသမီးများကို ဦးစားပေးခဲ့သည် မှန်သော်လည်း ခွဲတမ်းစနစ်မထားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ “ကျမတို့ ကိုယ်စားလှယ်လောင်းတွေ ရဲ့ တဝက်လောက်က အမျိုးသမီးတွေ ဖြစ်စေချင် တယ်လို့ ပြောခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ ၃ ပုံ ၁ ပုံတောင် မရခဲ့ပါဘူး။ ၃ ပုံ ၂ ပုံကျော်က အမျိုးသားတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော် ထဲကိုရောက်သွားတဲ့ ကျမတို့ရဲ့ အမျိုးသမီးတွေက တော်ကြပါတယ်။ ကျမ သူတို့အတွက် ဂုဏ်ယူပါ တယ်” ဟု သူကဆိုသည်။
ဖိုရမ်ကိုတက်ရောက်လာသည့် အခြားသူများ က သူ၏အယူအဆကို သဘောမတူကြပါ။ ဒေါ် အောင်ဆန်းစုကြည်၏ သဘောထားကို ကြားသိရ ပြီးနောက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ပထမဆုံးသော အမျိုးသမီး ဦးဆောင်ညွှန်ကြား ရေးမှူး Christine Lagarde က သူ၏လုပ်ငန်းမှ အတွေ့အကြုံများကို ပြန်ပြောရင်း Christine Lagarde က IMF တွင် အမျိုးသမီးများအတွက် ခွဲတမ်းစနစ်နှင့် အလားတူသောလုပ်ငန်းဦးတည်ချက် စနစ်ကို ဖန်တီးကျင့်သုံးသည့်အတွက် ခေါင်းဆောင် နေရာများတွင်အမျိုးသမီးများ၏ ရာခိုင်နှုန်းအနည်း ငယ်မျှသာရှိပြီး မိခင်ဘဝကို မစွန့်လွှတ်နိုင်သည့် အမျိုးသမီးများ အလုပ်ခွင်ကိုစွန့်ခွာသွား ကြရသည် ဟု ဆိုသည်။ “ဒါကို ကျမတကယ်ကို သဘောကျပါတယ်။ ကျမဘယ်သူနဲ့မှ အချေအတင် မပြောချင်ပါ ဘူး။ ကျမရဲ့ကိုယ်ပိုင်ဘဝအတွေ့အကြုံကို မူတည်ပြီး တော့ ပြောတာသက်သက်ပါ “ ဟုလည်း သူကပြော သည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများကလည်း အစိုးရ ပိုင်းဆိုင်ရာသာမက လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်ရာတွင်ပိုမိုကိုယ်စားပြု ပါဝင်ခွင့်ရရှိရေးကိုတွန်း အားပေးတောင်းဆိုနေကြသည်။
Myanmar Wonman’s Professional Network ကို ဦးဆောင်နေသော အမျိုးသမီးစီးပွား ရေးလုပ်ငန်းရှင် ဒေါ်စိုးထက်ဝင်းက”အမျိုးသမီးတွေ ကစစ်ပွဲနဲ့ ပဋိပက္ခတွေကို ဘယ်တော့မှ စတင်ခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမယ့် အထိခိုက်ဆုံးက အမျိုး သမီးတွေဖြစ်နေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေမှာပါဝင်နိုင်ခွင့်လည်း နည်းနည်းပဲရတယ်”ဟု ပြောသည်။