Human Rights

မိုးထိမိုးမိ ရွှေလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတူးဖော်ရေးနယ်မြေ၊ ရွှေမြင်တင် ဘုရားဝင်းတွင် ယာယီခိုလှုံနေသော ရွှေတွင်း အလုပ်သမား ၄၀ ကျော်ကို ယမန်နေ့ညနေပိုင်းက ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး၍ ရမည်းသင်း အကျဉ်းထောင် သို့ ပို့လိုက်ကြောင်း သတင်း ရရှိသည်။

“ဖမ်းသွားတာက ကလေးတွေရော၊ အသက်ကြီး အမျိုးသမီးတွေလည်း ပါတယ်၊ ရမည်းသင်း ထောင်ကိုတော့ ပို့လိုက်တယ် ပြောတယ်”ဟု မိုးထိမိုးမိဒေသ ရွှေမြင်တင်ကျောင်းတိုက်မှ ရဟန်းတော်တပါးက ဧရာဝတီကို ပြောသည်။

ရဲ တပ်ဖွဲ့အင်အား ၁၅၀ ကျော်နှင့်အတူ ရမည်းသင်း ခရိုင်ရဲမင်းကြီး အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်များက ဘုရားဝင်း တွင် ယာယီခိုလှုံနေသော ကလေး၊ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၄၀ ကျော်ကို လာရောက် ဖမ်းခြင်းဖြစ်သည်ဟု အဆိုပါ ရဟန်းတော်က ဆက်ရှင်းပြသည်။

ရမည်းသင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးကလည်း အဆိုပါဖမ်းဆီးမှုမှာ မှန်ကန်သော်လည်း ယခုလုပ်ရပ်သည် အထက် လူကြီးများက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အသေးစိတ်ကို ပြောပိုင်ခွင့်မရှိကြောင်း ဧရာဝတီကို တယ်လီ ဖုန်းဖြင့် ဖြေကြားသည်။

“အဲဒီကိစ္စက တိုင်းက လူကြီးတွေ၊ သူတို့ ဦးဆောင်ပြီး လုပ်သွားတာ၊ အသေးစိတ်ကတော့ ကျနော်တို့ မသိပါဘူး၊ ဒါက လူကြီး တွေပဲ လုပ်နေတဲ့ ကိစ္စတွေလေ၊ ဘယ်နှယောက်ဆိုတာ ကျနော်တို့လည်း မသိပါဘူး”ဟု သူက ပြောသည်။

ယာယီခိုလှုံနေသူများသည် မိုးထိမိုးမိ ဒေသတွင် လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်က အနယ်အနယ်အရပ်ရပ်မှ တနိုင်တပိုင် ရွှေတူးဖော်မှု လုပ်ငန်း လာရောက် လုပ်ကိုင်ကြသူများဖြစ်သည်။

ထိုရွှေလုပ်ကွက်ကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရပြီးနောက် ၎င်းတို့အား မိုးထိမိုးမိနယ်မြေတွင်းက နှင်ထုတ်ခဲ့၍ ၂၀၁၂ ခုနှစ်အတွင်းက ရွှေမြင်တင် ဘုရားဝင်း၌ သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်ကြရင်း နေထိုင်ကြခြင်း ဖြစ် သည်။

ရွှေမြင်တင်ကျောင်းတိုက်၌ ယာယီ နေထိုင်စဉ် မိုးထိမိုးမိဒေသတွင် ပြန်လည် လုပ်ကိုင် စားသောက်ခွင့်ရရေး အတွက် ဆန္ဒပြ မှုများလည်း ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ရွှေမြင်တင်ဘုရားပွဲ ရှိ၍ ရပ်မိ၊ ရပ်ဖများက အဆိုပါ ခိုလှုံနေသူများကို ဘုရားပွဲမတိုင်မီ ဖယ်ရှားပေးစေလို၍ အာဏာ ပိုင်များက သတ်မှတ်ရက်တွင် ဖယ်ရှားပေးရန် ပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိခဲ့၍ ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားရခြင်း ဖြစ် သည်ဟု ရွှေမြင်တင်ကျောင်းတိုက်မှ ရဟန်းတော်က ပြောဆိုသည်။

“ဦးပဉ္စင်းတို့မှာက ပွဲတော်ရှိနေတယ်၊ ပွဲတော်အတွက် သူတို့က မဖယ်ပေးရင် ပိုပြီး ပြဿနာ ကြီးထွားမှာ၊ ဦးပဉ္စင်းတို့ အရပ် ဒေသ ကလည်း ဒီအဖွဲ့တွေကို လက်မခံဘူး၊ အခုနောက်ဆုံး အာဏာပိုင်အဖွဲ့တွေက မရွှေ့ပေးရင် ပိုပြီး ဆိုးသွား လိမ့်မယ် ဆို တာ သိတယ်၊ ရပ်မိ၊ ရပ်ဖ၊ မြို့မိ၊ မြို့ဖကလည်း လက်မခံဘူး၊ ရွာသူ ရွာသားကလည်း ကိုယ့်ရဲ့ ပွဲတော် ပျက်စီးမှာ ကြောက် လို့ သူတို့ကို ဖယ်ပေးစေချင်တယ်၊ ဒါတွေကို သူတို့ကို သဘောပေါက်အောင် ပြောလိုက်တော့ သူတို့ အဖွဲ့တွေလည်း အသာတကြည် အဖမ်းခံလိုက်ကြတာ”ဟု ရဟန်းတော်က ဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်းများက ဖမ်းဆီးခေါ်ဆောင်သွားသူများကို အမိန့်မနာခံမှုဖြင့် ဖမ်းမိန့်ထုတ်ခဲ့တာဖြစ်ပြီး ၎င်းတို့ အနေဖြင့် နေရပ်ရင်းသို့ပြန်မည်ဆိုပါက လမ်းစရိတ်များပေးကာ ပြစ်ဒဏ်မချဘဲ ညှိနှိုင်း၍ ပြန်လွှတ်ပေးမည်ဟုလည်း ရွှေမြင်တင် ကျောင်းတိုက် ရဟန်းတော်က ဆက်လက် ပြောဆိုသည်။

Loading