ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေတွင်ပါရှိသော ငြိမ်းချမ်းစွာ ဆန္ဒပြရန် ခွင့်ပြုချက် လျှောက်ထားမှု မှန်သမျှကို အာဏာ ပိုင်များက ငြင်းပယ်ခွင့် မရှိသော ပြဋ္ဌာန်းချက်တခု ပြည်သူ့ လွှတ်တော်က ပြင်ဆင် ပြဋ္ဌာန်းလိုက်သည်။
မတ်လ ၅ ရက်နေ့ နေပြည်တော် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ယင်းအချက်ကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ငြိမ်းချမ်း စွာ ဆန္ဒပြခွင့် လျှောက်ထားမှုများကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးတို့က လက်ခံပေးရမည်ဖြစ်ပြီး မည်သည့် အကြောင်းပြချက်နှင့်မျှ ငြင်းပယ်၍ မရတော့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးသည် နိုင်ငံသား တဦးက ဖြစ်စေ၊ နိုင်ငံသားအများက ဖြစ်စေ၊ အဖွဲ့အစည်းတရပ်ရပ်က ဖြစ်စေ ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဆန္ဒပြ ခွင့် တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခွင့်ပြုချက်ထုတ်ပေးခြင်း သို့မဟုတ် ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်ဆိုသော ပြဋ္ဌာန်းချက် အစား ဆန္ဒပြခွင့် ခွင့်ပြုချက်ထုတ်ပေးရန် မငြင်းပယ်ရဟု ပြည်သူ့လွှတ်တော်က ပြင်ဆင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
“ပုဒ်မ ၁၈ ကတော့ ရှိတုန်းပဲ၊ ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်လိုတယ်၊ ဒါပေမယ့် ခွင့်ပြုချက် လျှောက်ထားမှုကို ရဲက ဘယ်အကြောင်း နဲ့မှ ငြင်းလို့မရဘူး၊ လျှောက်လာရင် ခွင့်ပြုပေးရမယ်”ဟု ဦးဖေသန်းက ပြောသည်။
သို့ရာတွင် ဆန္ဒပြခွင့်လျှောက်ထားရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်သူတို့၏ ကိုယ်ကျင့်တရား၊ ရပ်ရွာအေး ချမ်းသာယာရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်နိုင်လျှင် ဆန္ဒပြခွင့် ခွင့်ပြုချက် ထုတ်ပေးခွင့် မရှိဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
“ထိုင်းမှာလို ရှပ်နီနဲ့ ရှပ်ဝါတို့လို နှစ်ဖက်အင်အားစုတွေ ထိပ်တိုက်တွေ့မယ့် အခြေအနေမျိုးဆိုရင်တော့ ခွင့်မပြုလို့ရတယ်၊ ပုဒ်မ ၁၈ ရှိသေးပေမယ့် အများကြီး ဖြေလျှော့ပေးလိုက်တဲ့ သဘောရှိတယ်”ဟု ဦးမင်းသူက ဆိုသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်က ဥပဒေပါ ပြစ်ဒဏ်များကိုလည်း လျှော့ပေါ့လိုက်ပြီး အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူထားခြင်းမရှိသော ဆန္ဒပြမှုများကို အပြစ်ပေးအရေးယူနိုင်သော ပြစ်ဒဏ်များဖြစ်သည့် ၂ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည် ဆို သော ပြစ်ဒဏ် အစား တနှစ်ထက် မပိုသော ထောင်ဒဏ် ဟုလည်းကောင်း၊ တနှစ်ထက် မပိုသော ထောင်ဒဏ် ပြစ်ဒဏ် အစား ၆ လထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း၊ ၆ လထက် မပိုသော ပြစ်ဒဏ်အစား ၃ လထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
လွှတ်တော်က ပုဒ်မ ၁၈ ကို လုံး၀ ဖျက်သိမ်းပေးခြင်း မလုပ်သော်လည်း ယခု ဥပဒေကဲ့သို့ပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပိုဆန် လာ ကြောင်း၊ နိုင်ငံတိုင်းတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိသော်လည်း အများပြည်သူ၏ အခွင့်အရေးကို ထိခိုက်မှု မရှိစေရန် စည်း ကမ်းတကျ ခွင့်ပြုချက်တောင်းခံရန် လိုအပ်သည်ဆိုသော ပြဋ္ဌာန်းချက်ရှိကြောင်း ပြည်တွင်းနိုင်ငံရေးသမားတချို့က သုံးသပ်သည်။
လတ်တလော မြန်မာနိုင်ငံရှိ တရားရုံးအသီးသီးတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားရင်ဆိုင်နေရသူ ၁၀၀ ကျော်ရှိကြောင်း၊ ယင်းဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၃ ဦး အကျဉ်းထောင်များတွင် ရှိနေကြောင်း သိရှိရသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်အတွင်း ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။