တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေဖြင့် နိုင်ငံ လုံခြုံရေး၊ အမျိုးသားလုံခြုံရေးအတွက် လူထုအခြေပြုလုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အာဆီယံကာကွယ်ရေးဦးစီးချုပ်များ ၁၁ ကြိမ်မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂ရက်နေ့ မှ ၆ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပနေစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သတင်းစာရှင်းလင်းပွဲ တရပ် မတ်လ ၅ ရက်နေ့ ကျင်းပပြီး ထိုသို့ ပြောဆိုလိုက် ခြင်း ဖြစ်သည်။
မြန်မာ့တပ်မတော်သည် လူသား လုံခြုံရေးအတွက် အာဆီယံနိုင်ငံများနှင့်ပူးတွဲ ဆောင်ရွက် မည့် အပြင် မိမိနိုင်ငံအလိုက်လည်း ဆောင်ရွက်ရန်ရှိကြောင်း၊ မြန်မာ့တပ်မတော်သည် လူထုအခြေပြု လုံခြုံရေး ကို တတ်နိုင်သမျှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“Human Security အနေနဲ့ပြောရရင်ခုလက်ရှိမှာသမာရိုးကျလုံခြုံမှုတွေအပြင် သမာရိုးကျ မဟုတ်တဲ့ လုံခြုံရေး ကဏ္ဍပိုင်း ကလည်းကြီးမားလာတာတွေရှိပါတယ်။ စီးပွား ရေးဆိုင်ရာလုံခြုံမှုတို့၊ စားနပ်ရိက္ခာပိုင်း လုံခြုံမှုတို့နဲ့ ပတ်သတ်ပြီး ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ လူတဦးချင်း လုံခြုံမှုစတဲ့ သမာရိုးကျမဟုတ်တဲ့ လုံခြုံမှုပိုင်း ကဏ္ဍတွေ တော်တော်များလာတဲ့အတွက်တခုနဲ့တခုကဆက်စပ်ကျယ်ပြန့်ပါတယ်။ ဒါတွေကနိုင်ငံ
လုံခြုံမှုနဲ့ လည်းဆိုင်တယ်။ ဒီတော့ တပ်မတော်အနေနဲ့ နိုင်ငံလုံခြုံမှု၊အမျိုးသားလုံခြုံရေး၊ ဒေသတွင်းလုံခြုံရေး၊ ပြည်သူလူထု အခြေပြုဆောင်ရွက်ဖို့ တတ်နိုင်တဲ့ဘက်ကဆောင်ရွက်သွားမှာပါ”ဟု ကာချုပ် မင်းအောင်လှိုင်က ပြောသည်။
ကာချုပ်မင်းအောင်လှိုင်၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ် သောမေခွန်းများ မေးမြန်း ခွင့်မပြုဘဲ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရွှေသံလွင်ကုမ္ပဏီပိုင် Sky Net ရုပ်သံလိုင်းတို့က မေးမြန်းသော မေးခွန်းများကို သာ ဖြေကြားသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပထမဦးဆုံးသော သတင်းစာရှင်းလင်းပွဲ ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ပုဂ္ဂလိကသတင်းဌာနများက မြန်မာ့နိုင်ငံရေး၊ စစ်လက်နက်များကိစ္စ အပါအဝင် စစ်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ မေးခွန်းများ မေးမြန်းရန် ပြင်ဆင်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြဝတီ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Sky Net ရုပ်သံလိုင်းတို့က ကြိုတင်ပေးပို့ထားပြီးဖြစ်သော မေးခွန်းများနှင့် ကြိုတင် ဖြေကြား ထားပြီး သားဖြစ်သော အဖြေများကို တနာရီကြာ ဖတ်ပြကြောင်း၊ ပုဂ္ဂလိက သတင်းဌာနများကို မေးခွန်း မေးမြန်း ခွင့် လုံး၀ ခွင့်မပြုဘဲ အချိန်မရှိဟုဆိုကာ သတင်းဌာနများကို ရှောင်လွဲသွားခဲ့သည်ဟု သိရှိရသည်။
“နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဖို့ ရှိသေးတယ်။ အချိန်မရှိတော့ဘူး´´ ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြန်မာ့ တပ်မတော် ပါဝင်နိုင်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံတပ်မတော်များနှင့် ဆွေးနွေးမှုများ ပြုလုပ် နေသည်ဟု ပြောဆိုသည်။
“ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတာဝန်ထမ်းဆောင်ဖို့က ကျနော် တို့လုပ်ဆောင်နေတဲ့ မြန်မာ့ တပ်မတော် ရဲ့လုပ်ငန်းစဉ် တစ်ခုပါ။ အရင်တုန်းကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေမှာပါဝင်ပြီးတော့ လုပ်ဆောင်ခဲ့ တာရှိပါတယ်။ ဒါပေမယ့်အကြောင်းအမျိုး မျိုးကြောင့် မပါဝင်နိုင်ခဲ့တာခုချိန်ထိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ကစပြီးတော့မြန်မာနိုင်ငံကို ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဖို့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။ ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်ခဲ့တာရှိပါတယ် အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရ တာရှိတဲ့ အတွက်နောက်ပိုင်းတော့ပါဝင်ဖို့မျှော်လင့်ထားပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အာဆီယံတပ်မတော်များအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးရေးနှင့် ယုံကြည်မှုရှိစေရေး လုပ်ဆောင်သွားမှသာ ကမ္ဘာတွင် ကြုံတွေ့နေရသည့် စစ်ရေးုဆိုင်ရာ ပြဿနာများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ပြဿနာများကို အတူလက်တွဲ ဖြေရှင်းနိုင်မည်ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“စစ်ဘက်ဆိုင်ရာဆေးပညာရပ် ပေါင်းစည်းရေးတွေလည်း လိုအပ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူ တွေ ပြန်လည် ချေမှုန်းရေး၊ နောက်တခါ လူသားချင်းစာနာထောက်ထားမှုနဲ့သဘာဝဘေးအန္တရာယ်များ ကယ်ဆယ်ရေး၊ ငြိမ်းချမ်း ရေးကိစ္စ တွေမှာပါ ပူးပေါင်း ဆောင်ရွက်မှု အခွင့်အရေးတွေရလာနိုင်ပါတယ်။ ဒီအတွက် ဒီဆွေးနွေးမှုတွေလုပ်တာပါ”ဟုပြောသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၁ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော တွေ့ဆုံပွဲသို့ ဘရူနိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့မှ ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်ကြသည်။